ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း ဗကသ ကျောင်းသား ၁၅ ဦး တရားစွဲဆိုခံထားရပြီး ထိုအထဲမှ နှစ်ဦးမှာ ထောင် ၅နှစ်၊ နောက်တစ်ဦးကိုထောင်တစ်နှစ်ချမှတ်ခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၁ဝ/၂ဝ၂ဝ

စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုအတွင်း ဗကသများ အဖွဲ့ချုပ်ဝင် ကျောင်းသား ၁၅ ဦး တရားစွဲဆိုခံထားရပြီး ထိုအထဲမှ ကျောင်းသားနှစ်ဦးမှာ ထောင် ၅ နှစ်စီနှင့် နောက်တစ်ဦးမှာ ထောင်တစ်နှစ် ချမှတ်ခံထားရကြောင်း ဗကသ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထောင်ချခံရသူ ၃ ဦးအထဲမှ ဗဟိုအမှုဆောင်အဖွဲ့ ဗကသများ အဖွဲ့ချုပ် (ကန့်ဘလူ စက်မှုလက်မှု သိပ္ပံ ကျောင်းသားများ သမဂ္ဂ) ကိုစိုးလှနိုင်နှင့် ဗဟိုအမှုဆောင်အဖွဲ့ ဗကသများ အဖွဲ့ချုပ် ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုကျော်သီဟရဲကျော်တို့ကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် တရားရုံးမှ ပုဒ်မ ၅ဝ၅ (က)(ခ) ဖြင့်ထောင်ဒဏ် ၂ နှစ်၊ အောင်မြေသာဇံမြို့နယ် တရားရုံးမှ ပုဒ်မ ၅ဝ၅ (က)(ခ) ဖြင့်ထောင်ဒဏ် ၁ နှစ်၊ ချမ်းအေးသာဇံမြို့နယ် တရားရုံးမှ ပုဒ်မ ၅ဝ၅ (က)(ခ) ဖြင့်ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၅ နှစ်ချမှတ်ခဲ့သည်။

အလားတူ ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုရဲရင့်အောင်ကို ချမ်းအေးသာဇံမြို့နယ် တရားရုံးမှ ပုဒ်မ ၅ဝ၅ (ခ) ဖြင့်ထောင်ဒဏ် ၁ နှစ် ချမှတ်ထားသည်။

နောက်ထပ် ဖမ်းဆီးတရားစွဲခံထားရသော ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားများမှာ မိတ္ထိလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား သုံးဦးဖြစ်ကြသည့် ကိုသန်းတိုးအောင်ကို စက်တင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးဖြင့် ပုဒ်မ ၅ဝ၅ (က)(ခ)လည်းကောင်း၊ ကိုဆန်းလင်းကို စက်တင်ဘာ ၁၅ ရက်နေ့က ဖမ်းဆီးဖြင့် ပုဒ်မ ၅ဝ၅ (က)(ခ)လည်းကောင်း၊ ကိုအောင်သူဟိန်း စက်တင်ဘာ ၂၃ ရက်နေ့က ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅ (က)(ခ)ဖြင့်လည်းကောင်း  တရားစွဲဆိုထားသည်။

မုံရွာခရိုင်ကျောင်းသားများ သမဂ္ဂမှ ကိုလင်းသူရကိုအား စက်တင်ဘာ ၁၇ ရက်နေ့က ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅ (က)(ခ)ဖြင့်လည်းကောင်း၊ မုံရွာပညာရေး ကျောင်းသားများ သမဂ္ဂမှ ကိုညီညီမင်းထက်ဝေကို စက်တင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅ (ခ)နှင့် ငြိမ်းစုစီဖြင့် တရားစွဲဆိုထားသည်။

ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုမျိုးချစ်ဇော်ကို စက်တင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅ (ခ)နှင့် ငြိမ်းစုစီဖြင့်လည်းကောင်း၊ ပခုက္ကူ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုအောင်ခိုင်မင်း၊  ကိုသက်သက်မောင်မောင်နှင့် ကိုလှထွန်းအောင် တို့သုံးဦးကို စက်တင်ဘာ ၂၇ ရက်နေ့က ဖမ်းဆီးပြီး ပုဒ်မ ၅ဝ၅ (ခ)နှင့် ငြိမ်းစုစီ (၁၉) ဖြင့်လည်းကောင်း တရာစွဲဆိုထားသည်။
မန္တလေးသမဝါယမကောလိပ် ကျောင်းသားသမဂ္ဂမှ ကိုသုတညီညီကို စက်တင်ဘာ ၂၇ ရက်နေ့က ဖမ်းဆီးပြီး ၅ဝ၅ (ခ)နှင့် ငြိမ်းစုစီ (၁၉) ဖြင့်လည်းကောင်း၊ ပြည်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ ကိုထက်အောင်နှင့် ကိုကျော်ရဲသူ တို့ကို စက်တင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးပြီး ၅ဝ၅ (ခ) ဖြင့်လည်းကောင်း တရားစွဲဆိုထားသည်။

ဗဟိုအမှုဆောင်အဖွဲ့ ဗကသများ အဖွဲ့ချုပ်မှ ကိုဘုန်းမြင့်ကျော် (ကျောင်းသားထု အခွင့်အရေး တာဝန်ခံ)ကို အောင်မြေသာဇံမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ်နှင့် အမရပူရ မြို့နယ်တို့မှ ပုဒ်မ ၅ဝ၅ (က) (ခ) တို့ဖြင့် ဝရမ်းထုတ်ထားသည်ဟု သိရသည်။

(ဓာတ်ပုံ- ဗကသများ အဖွဲ့ချုပ်)

ဆက်စပ် သတင်းများ