ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေတွင် ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြပွဲပေါ်ပေါက်၊ လူပေါင်း ၁ဝဝ ကျော်ပူးပေါင်းပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.4k

မာန်ယုကျော် (ရွှေဝမြေ)၊ သျှင်မင်းဇံ
စစ်တွေ၊ အောက်တိုဘာ ၁၉ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြပွဲတစ်ခု ပေါ်ပေါက်နေပြီး လူပေါင်း ၁ဝဝ ကျော် ပူပေါင်းပါဝင်ကာ ဆန္ဒပြတောင်းဆိုနေကြသည်ဟု သတင်းရရှိသည်။

ဆန္ဒပြပွဲကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ကာ ယနေ့  နေ့လယ် ၁ နာရီခွဲအချိန်တွင် စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးမှ စတင်ခဲ့ပြီး လမ်းမကြီး၊ ယင်းမှတဆင့် ဦးဥတ္တမပန်းခြံရှေ့၊ ယင်းမှတဆင့် လမ်းမများအတိုင်း လမ်းလျှောက်ချီတက်ကာ ၎င်းတို့၏ လိုလားချက်များကို တောင်းဆိုနေကြသည်ဟု သိရသည်။

‘‘ကျနော်တို့ ၉ လပိုင်း၊ ၉ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့တာရှိတယ်။ ဒါပေမယ့် ဆန္ဒပြပြီးရင်လည်း အစိုးရက ဘာမှ ကျနော်တို့ကို ဖမ်းဆီးတယ်။ ဖမ်းဆီးတာကတော့ တစ်ပိုင်းပေါ့။ ထားလိုက်တော့။ နောက်ပြီးတော့ ပြည်သူတွေက ထပ်ပြီးတော့ သေနေတယ်။ လက်နက်ကြီးကျလို့သေနေတယ်။ နေ့စဉ်နဲ့အမျှသေနေတယ်။ ဒါတွေ ထပ်ဖြစ်နေတဲ့အတွက် ကျနော်တို့ အခုလို မျိုး ထပ်လုပ်ရတာဖြစ်တယ်။ အစိုးရက ကျနော်တို့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေရဲ့အသံကို နားမထောင်တဲ့အတွက်ကြောင့် ကျနော်တို့ အခုလို ဆန္ဒပြရတာဖြစ်ပါတယ်”ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့မှ တွဲဘက်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က မီဒီယာများကိုပြောသည်။

အဆိုပါဆန္ဒပြတောင်းဆိုပွဲတွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ အဓိကပါဝင်ခဲ့ပြီး ရဟန်း သံဃာတော်များနှင့် စစ်တွေမြို့မှ ပြည်သူအချို့ကလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
စုစုပေါင်း အင်အား ၁ဝဝ ကျော်က ရပ်တန့်မည့်နေရာ သီးသန့်မရှိသေးဘဲ အတားအဆီးမရှိသရွေ့ မြို့ပတ်လမ်းလျှောက် တောင်းဆိုနေမည်ဟု ဦးဆောင်သူများက ဆိုသည်။

တောင်းဆိုရာတွင် ကိုလိုနီအစိုးရ အလိုမရှိ၊ နယ်ချဲ့ စစ်တပ် အလိုမရှိ၊ No Bloody Government, No Muder Army၊ ဖက်ဆစ် စစ်တပ် အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out၊ ရခိုင်သည် ကျွန် မဟုတ်စသည့်အချက်များကို ကြွေးကြော်တောင်းဆိုနေကြသည်ဟု ၎င်းတို့က ပြောဆိုသည်။
 
“ကျနော်တို့ကျောင်းသားတွေအနေနဲ့ လက်ရှိ ရခိုင်ပြည်သူတွေ ခံစားနေရတာတွေကို ဥပဒေတွင်းထဲကနေပြီးတော့ ကျနော်တို့ လက်နက်မဲ့ပေါ့နော်။ ကျနော်တို့ ဆန္ဒဖော်ထုတ်တယ်။ ကျနော်တို့ ငြိမ်းချမ်းစွာ သဘောထားတွေကို ဖော်ထုတ်ပြတယ်။ ဒီအချိန်မှာ ဒီလိုမျိုး ကျနော်တို့ကို လူ့အခွင့်အရေးတွေကို ဖော်ပြပေးနေတဲ့ လူ့အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေကို ဒီလို ပြင်းထန်တဲ့ပုဒ်မတွေတပ်ပြီးတော့ ကျနော်တို့နဲ့တွေ့ဆုံညှိနှိုင်းခြင်းမရှိဘဲ၊ ပြောဆိုဆွေးနွေးခြင်းမရှိဘဲ ဒီလိုမျိုးသား ဆက်လုပ်သွားမယ်ဆိုလို့ရှိရင် ကျနော်တို့ မလိုလားအပ်တဲ့ဖြစ်စဉ်မျိုးတွေ ဖြစ်လာနိုင်တယ်။ ”ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောသည်။

လက်ရှိ အချိန် နေ့လယ် ၂ နာရီ အချိန်တွင် ၎င်းတို့မှာ စစ်တွေမြို့လမ်းမများတွင် ချီတက် ဆန္ဒပြနေကြဆဲဟု သိရသည်။

ဆက်စပ် သတင်းများ