ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

အစိုးရကိုဆန့်ကျင်ဆန္ဒပြသည့် ကျောင်းသား ၄ဦးအား နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှုဖွင့်ပြီးရမန်ယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.2k

သျှင်မင်းဇံ
စစ်တွေ၊ အောက်တိုဘာ ၂ဝ / ၂ဝ၂ဝ

စစ်တွေမြို့တွင် အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် ကျောင်းသား ၄ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ယနေ့ အမှုဖွင့်ပြီး ရမန် ၁၅ ရက်ယူသွားကြောင်း သတင်းရရှိသည်။

အမှုဖွင့်ခံလိုက်ရသည့် ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်သည်။

ကျောင်းသားများ၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွန့်မောင်က " ဒီနေ့ စွဲတင်တဲ့ အမှုမှာ ပထမ အကြိမ် အမှုက ကျောင်းသားနှစ်ဦးပါတယ်။ ကျော်နိုင်ဌေးနဲ့ ဦးသန်းနိုင်။ ပြီးတော့ အခု အသစ်နှစ်ယောက်က မြတ်စိုးဝင်နဲ့ ကောင်းထွန်း သူတို့လေးယောက်ကို စစ်တွေမြို့နယ်ရဲမှူး ဦးဇော်နိုင် ကပဲ တရားလို လုပ်ပြီးတော့ ၅ဝ၅ (ခ)နဲ့ ဒီနေ့ တရားစွဲတယ်။ တရားရုံးမှာ ဦးတိုက်လျှောက်တယ် " ဟု ပြောသည်။

၎င်းတို့အား ယနေ့ စစ်တွေမြို့နယ်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း၊ ရမန်ကြီး ၂ ပတ်ယူသွားကြောင်း  ဦးကျော်ညွန့်မောင်က ပြောသည်။

အမှုဖွင့်ခံလိုက်ရသည့်ကျောင်းသား ၄ ဦးသည် အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁ နာရီခွဲက ရဟန်းသံဃာများ၊ ဒေသခံပြည်သူများနှင့်အတူ စစ်တွေမြို့တွင် ချီတက်ဆန္ဒပြခဲ့ကြသည့် ကျောင်သားများ ဖြစ်ကြပြီး ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။

ယမန်နေ့ ဆန္ဒပြပွဲတွင် ကိုလိုနီအစိုးရ အလိုမရှိ၊ နယ်ချဲ့ စစ်တပ် အလိုမရှိ၊ No Bloody Government, No Murder Army၊ ဖက်ဆစ် စစ်တပ် အလိုမရှိ၊ Burmese Government Get Out၊ Burmese Army Get Out၊ ရခိုင်သည် ကျွန်မျိုး မဟုတ်စသည့်အချက်များကို ကြွေးကြော်ကာ တောင်းဆိုဆန္ဒခဲ့ကြသည်။

နောက်လာမည့် နိုဝင်ဘာလ ၃ ရက်နေ့ကို ထပ်မံ ရုံးချိန်း ပေးလိုက်ကြောင်း၊ ၎င်းတို့ကို စစ်တွေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ