သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အပြစ်မဲ့ပြည်သူများအား ရိုက်နှက်စစ်ဆေးခြင်းသည် ပြည်သူ့တပ်မတော်၏ လုပ်ရပ်မဟုတ်၊အစိုးရ၏ ရပ်တည်ချက် အမျိုးသားရင်ကြားစေ့ရေးကို အလှမ်းဝေးစေ၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှာလည်း စိတ်ပျက်ဖွယ်ရာဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 896

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၅/၂ဝ၂ဝ

အပြစ်မဲ့ပြည်သူများအား ရိုက်နှက်စစ်ဆေးခြင်းသည် ပြည်သူ့တပ်မတော်တစ်ရပ်၏ လုပ်ရပ်မဟုတ်သလို လက်ရှိ အာဏာရ အစိုးရအနေဖြင့်လည်း ရက္ခိုင်ပြည်အတွင်း အပြစ်မဲ့ပြည်သူများ မတရားသတ် ဖြတ်ခံနေရခြင်းအပေါ် ပြည်သူများဖက်မှ မားမားမတ်မတ်မရပ်တည်ခြင်းသည်မှာ အမျိုးသားရင်ကြားစေ့ရေးအလှမ်းဝေးစေပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မှာလည်း စိတ်ပျက်ဖွယ်ရာဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ( ဦးဆောင်ကော်မတီ) က ပြောဆိုလိုက်သည်။

အဆိုပါ ပြောဆိုချက်များကို ဒီဇင်ဘာ ၂၄ ရက် နေ့စွဲဖြင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ထုတ်ပြန်သည့် “ ပြည်သူအားကိုယ်စားပြုသော မြန်မာ့တပ်မတော်မှ ကျောင်းသားတစ်ဦးအား နေအိမ်မှဆွဲခေါ်ကာ ဖမ်းဆီးနှိပ်စက်သည့် ကိစ္စနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ကြေငြာချက်” ထဲတွင် ဖော်ပြထားသည်။

၄င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က “ အခုနယ်မြေ တည်ငြိမ်အေးချမ်းနေတဲ့အချိန်မှာ ပြည်သူ့ကိုယ်စားပြုတပ်မတော်က ကျောင်းသားလူငယ်တွေကို ပစ်မှတ် ထားပြီးတော့ ဖမ်းဆီးညှဉ်းပမ်း စစ်ဆေးနေတာတွေကို ကျနော်တို့အနေနဲ့  သဘောထား ထုတ်ပြန်ရခြင်း ဖြစ်တယ်။ အဓိက ကျနော်တို့အနေနဲ့ စစ်အာဏာရှင်စနစ်ကိုလည်း တွန်းလှန်သွားဖို့ဖြစ်တယ်” ဟုပြောသည်။

အဆိုပါ ကြေငြာချက်ကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဦးဆောင်ကော်မတီက ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့ ညနေပိုင်းက ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာတွင် နေထိုင်သည့် ဆယ်တန်းကျောင်း သားတစ်ဦးဖြစ်သူ (ဘ) ဦးသိန်းထွန်း၏ သား ကိုအောင်နေဝင်း (၁၈ နှစ်) ကို မြန်မာ့တပ်မတော်သားတချို့မှ ဖမ်းဆီး နှိပ်စက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်ထဲတွင် မင်းမဲ့တိုင်းပြည်တွင်နေသည့်သဖွယ် “မသင်္ကာ၍စစ်ဆေးသည်” ဟူသည့် ခေါင်းစဉ် အောက်တွင် အပြစ်မဲ့ပြည်သူများအား အသက်အန္တရာယ်ထိခိုက်စေနိုင်သည်အထိ ရိုက်နှက် စစ်ဆေးခြင်း များသည် ပြည်သူ့တပ်မတော်တစ်ရပ်မှလုပ်သင့်သည့် လုပ်ရပ်များမဟုတ်၊ ယုတ်ညံ့သော ဖက်ဆစ်တို့၏ လုပ်ရပ်သာ ဖြစ်ကြောင်း ဖော်ပြသည်။

ကျောင်းသားများအား ဖမ်းဆီးနှိပ်စက်ရိုက်နှက်ခြင်းသည်ယခုတစ်ကြိမ်မဟုတ်တော့ဘဲ လွန်ခဲ့သော လအနည်းငယ်ခန့်က ကျောက်ဖြူပညာရေးကောလိပ်မှကျောင်းသား တစ်ဦးကိုလည်း မြန်မာ့တပ်မတော်မှ ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိ အစိုးရနှင့် ပတ်သက်ပြီးလည်း ဖော်ပြထားသည်မှာ “ လက်ရှိအာဏာရ အစိုးရအနေဖြင့်လည်း ရက္ခိုင်ပြည်အတွင်း အပြစ်မဲ့ပြည်သူများ မတရားသတ် ဖြတ်ခံနေရခြင်းအပေါ် ပြည်သူများဖက်မှ မားမားမတ်မတ် မရပ်တည်ခြင်းသည် ၄င်းတို့ကြွေးကြော်နေ သော ‘ဖက်ဒရယ်ပြည်ထောင်စုနှင့် အမျိုးသား ရင်ကြားစေ့ရေး’ ကို အလှမ်းဝေးစေသည် ဟု မိမိတို့ အနေဖြင့်မှတ်ယူကြောင်း ဖော်ပြသည်။

၎င်းပြင် ‘မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်’ ဆိုသည်မှာလည်း အမည်ခံမျှသာရှိ၍ရက္ခိုင် ပြည်သူများ နေ့စဉ်နှင့်အမျှ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအပေါ် မမြင်ဟန်၊ မကြားဟန် ဆောင်နေ သည်မှာ အများပြည်သူတို့ စိတ်ပျက်ဖွယ်ရာဖြစ်သည်ဟု ဖော်ပြထားသည်။

အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းသည် ပြည်သူကိုကိုယ်စားပြုသော လက်နက်ကိုင် တပ်မတော်တစ်ရပ်နှင့်အပ်စပ်သောလုပ်ရပ်များမဟုတ်သဖြင့်  ကျောင်းသားကို မတရားနှိပ်စက်ခဲ့သည့် တပ်မတော်သားများအား အများပြည်သူမြင်သာအောင်အပြစ်ပေးအရေးယူရန် မျှော်လင့်ကြောင်း၊ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂအနေဖြင့် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုသော လက်နက်ကိုင် တပ်မတော်နှင့် အစိုးရကိုသာအလိုရှိကြောင်းကိုလည်း ကြေငြာချက်၌ ဖော်ပြထားသည်။

ဆက်စပ် သတင်းများ