သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ပရိသတ်မကြိုက်တာ ဘာမှ မလုပ်ဘူးလို့ ပြောလာတဲ့ ရခိုင်တေးသံရှင်ဆုမြတ်ထက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 4.6k

နိုင်ငံတော်ရွှေတံဆိပ်ဆုများပိုင်ရှင်၊ ရခိုင်တေးသံရှင် ဆုမြတ်ထက်နဲ့ တွေ့ဆုံ မေးမြန်းခြင်း

မေး- မဆုမြတ်ထက်ရဲ့ ငယ်ဘဝဖြတ်သန်းမှုပုံရိပ်လေးကို မှတ်မိသလောက် ပြောပြပေးပါ။ဖြေ- ကျွန်မ အသက် ၁၄ နှစ်သမီးကတည်းက သီချင်းတွေကို စပြီး ပွဲတွေမှာလိုက်ဆိုပါတယ်။ အဆိုတော်မဟုတ်ပေမယ့်လည်း ပြိုင်ပွဲဝင်တဲ့ အနေနဲ့ ဆိုဖြစ်ခဲ့တာပါ။ ဆို၊က၊ရေး၊တီး ပြိုင်ပွဲတွေမှာလည်း  ရခိုင်ပြည်နယ်ကိုယ်စားပြု နိုင်ငံတော်အဆင့်တွေမှာ ပြိုင်ခဲ့ဖူးပါတယ်။ ရွှေတံဆိပ် ၆ ဆု၊ငွေတံဆိပ် ၆ ဆုကို ရရှိခဲ့ပါတယ်။၂ဝဝ၇ အထိပြိုင်ခဲ့တာပေါ့လေ။နောက်ဝန်ထမ်းလောကထဲရောက်လာတာနဲ့ ခဏ နားထားတယ်။ နားထားပြီးနေပြည်တော်ရောက်သွားတာနဲ့ အနုပညာထဲမဝင်ဘဲနဲ့ ဒီလိုမျိုးနေပြီးတော့မှ နောက် ၂ဝ၁၁ ခုနှစ်မှာ ပြန်ပြီးတော့ အဆိုတော်လောကထဲ ပြန်ဝင်လာတာပေါ့လေ။ အဲ့ဒီတုန်းကဆိုတော့ ဘာ သီချင်းနဲ့စလည်းဆိုရင် ပိုးဝါစီးရီးကို မစိမ်းလဲ့နဲ့ အတူထုတ်ခဲ့တယ်။အဲ့တုန်းကတော့ ငယ်နာမည် သန်းသန်းဝင်းနာမည်နဲ့ဖြစ်ပါတယ်။ အဲ့ဒီစီးရီးကလည်းပေါက်ပါတယ်။ရခို်င်ပြည်နယ်မှာ တော်တော်လေးကို ပေါက်ခဲ့ပါတယ်။အခုထိလည်းဖွင့်တုန်းပါပဲ။ အဲဒီနှစ်မှာ နှလုံးသားထဲလွမ်းတေးသံ စီးရီးနဲ့ ပြန်ပြီးတော့ ပုံဖော်လိုက်တာပေါ့။ထုတ်လုပ်သူကတော့ ရသေ့တောင်ဘက်က၊သူတို့ထုတ်ပေးတဲ့ အဲ့အခွေမှာ ဂျမ်းပုံချေ အလွမ်းတို့၊ အကုန်လုံးနီးပါးတော့ပေါက်ပါတယ်။

မေး- ဟုတ်ကဲ့။ပထမဦးဆုံးအနုပညာလောကထဲ စဝင်လာတဲ့သီချင်းက ဘယ်သီချင်းလဲခင်ဗျ။ဖြေ- ဘယ်သီချင်းလဲဆိုတော့၊ဆုမြတ်ထက်နာမည်ရတဲ့သီချင်းကတော့ အထူးသဖြင့်ရခို်င်ပြည်နယ် မှာကတော့ထွက်တဲ့သီချင်းတိုင်းကတော့ လူကြိုက်များပါတယ်။ဂျမ်းပုံချေအလွမ်း၊စောမဲကျီပေါ့လေ၊ ပြန်ဆိုတေးပေါ့၊အန်တီမိုင်ရဲ့သီချင်းပေါ့။ မမပြောစွာကိုနားထောင်၊ဒီသီချင်းလေးတွေက အကုန် ပေါက်ပြီးသား။အရင်တုန်းကလည်း အဲ့ဒီ ဦးရာဇ်တော်စေတီတို့၊ပထမ အသက် ၁၄နှစ်အရွယ်တုန်းက ဆိုခဲ့ဖူးတယ်။ ဒါလည်းပေါက်တာပဲ။ဆိုတာကတော့ အစုံဆိုနေတာ၊ပြီးရင် ဘုန်းကြီိးပွဲ၊ဘုရားပွဲ တွေမှာလဲ ဘုန်းကြီးက ဆုမြတ်ထက်ရေ၊ ဒီအခွေလေးလုပ်ရအောင်၊ ဓမ္မတေးလေး ဆိုပေးပါဦးဆိုပြီး တော့အသံသွင်းတဲ့အခါအဲ့ဒီအခွေကလည်း ဘုန်းကြီးတွေ သိသွားတာပဲ။အဲ့ဒါကြောင့်ပွဲတွေက ဆက် တိုက်ဆက်တို်က်ရတယ်။ရှိုးပွဲရော၊ဘုရားပွဲရော၊ဘာပွဲမဆို ဆိုနိုင်တဲ့အတွက် အားချိန်မရှိဘူးပေါ့နော်။ ရုံးတောင်တစ်ခါတစ်ခါ မတက်ရဘူး။ဘယ်သီချင်းရယ်လို့မဟုတ်ဘူး၊ဒီမြန်မာ ဂီတလောကကို တော့ ဘာနဲ့ဖောက်လဲဆိုတော့ ၂ဝ၁၅ ရေဘေးကယ်ဆယ်ရေးမှာ လေ၊ပရဟိတသီချင်းတစ်ပုဒ်ဆိုလိုက် တယ်။ကိုလွမ်းဝေ(သံတွဲ)ကရေးစပ်ပြီးတော့ သဘာဝရဲ့တောက်ခေါက်သံပေါ့။ သဘာဝရဲ့တောက် ခေါက်သံသီချင်းဟာ တကယ်ကိုလည်း သူတို့နေရာမှာနေပြီးတော့ ရင်တွင်းဖြစ်၊ငိုပြီးတော့ဆိုလိုက် တာ။ ငိုပြီးတော့ဆိုလိုက်တော့ အဲ့သီချင်းက အမှန်တကယ်လည်းဒီ လူအသေအပျောက်တွေ အရမ်းများနေတော့ ဒီသီချင်းလေးနဲ့ ဆိုလို်က်တဲ့အခါမှာ ပရဟိတ လုပ်တဲ့လူတွေက အရမ်းကြိုက်ပြီး တစ်ခါတည်း အဲ့ဒီ သီချင်းကိုဖွင့်ပြီး အလှူခံလိုက်တဲ့အခါမှာ အလှူငွေကလည်း အများကြီးရတယ်လို့ ကြားပါတယ်။ ရခိုင်ပြည်ကိုလည်း လှူရတယ်လို့ပြောပါတယ်။ အဲ့သီချင်းနဲ့ပတ်သက်ပြီးတော့ ကိုယ်ကိုယ် တိုင်လည်း ဖြန့်ဝေတာပေါ့။ အဲ့သီချင်းကိုလှူလိုက်တာပေါ့။ ခွေတစ်ထောင်၊ နှစ်ထောင်လောက် ဖြန့်ရတယ်လို့ သိရပါတယ်။

မေး- ရခိုင်သံနဲ့စဆိုပြီး  အနုပညာလောကထဲကိုရောက်လာတာဆိုတော့ ရခိုင်သီချင်းစုစုပေါင်း ဘယ်လောက်ထိ သီဆိုခဲ့ပြီးပြီလဲ။မှတ်မိသလောက်ပေါ့နော်။

ဖြေ- မှတ်မိသလောက်ဆိုရင်တော့ များပါပြီ။ ဦးမောင်သိန်းတို့နဲ့လည်း တွဲဆိုတယ်။အပုဒ် သုံးလေးဆယ် ငါးဆယ်လောက်ဖြစ်သွားပြီပေါ့။အတိအကျကြီးတော့ အဲ့လိုမျိုးမမှတ်ထားဘူး။ ဘာလို့ဆိုတော့ မဆုမြတ်ထက်ရေ၊တစ်ပုဒ်ကူညီပါဦး ကျွန်တော်တို့ကို၊ အဲ့လိုမျိုး ရခိုင်သားလေးတွေကတောင်းဆို လာတဲ့အတွက် သူတို့နဲ့ ကူဆိုပေးရတဲ့သီချင်းတွေလည်းရှိတာပေါ့။သီချင်းပေါင်းဆို တာကတော့ စီးရီးပေါင်းအကုန်လုံးဆိုရင် သီချင်းအပုဒ်ရေက တစ်ရာကျော်သွားပြီ။ဒါပေမယ့်အဲ့ဒါ စီးရီးလားလို့လည်း ပြောလို့မရဘူး။ရောင်းတန်းမဟုတ်တဲ့အတွက်လေ။ဒီလိုမျိုးရောင်းတန်းမဟုတ်ဘဲ နဲ့တောင်းဆိုလို့ ဆိုပေးရတာတွေအများကြီးပဲ။

မေး- သီချင်းအပုဒ် တစ်ရာကျော်လုံးမှာ မဆုမြတ်ထက်အနေနဲ့ အနှစ်သက်ဆုံးသီချင်းက ဘယ်သီချင်းဖြစ်မလဲ။

ဖြေ- ဘယ်သီချင်းကြိုက်ဆုံးလဲဆိုတော့ ဆုမြတ်ထက်က Mono လိုင်းလေ။ဒရမ်သံတွေကိုသိပ် မကြိုက်ဘူး။ ပြီးတော့ ဒီလွမ်းတဲ့သီချင်းတွေကိုကြိုက်တယ်။အလွမ်းဓါတ်ခံလည်းရှိတော့လေ။ အလွမ်းသီချင်းတွေကို ရင်ထဲကတကယ်ခံစားချက်နဲ့ ဆိုဖြစ်တာများပါတယ်။ ပြောရရင် သီချင်းကို ပါးစပ်နဲ့ဆိုတာ ဖြစ်ပေမယ့် ရင်ဘတ်ထဲက ခံစားမှုနဲ့ ဆိုတော့ နားထောင်ရတဲ့ ပရိသတ်တွေလည်း ထပ်တူ ခံစားကြရတယ်။ ဆုမြတ်ထက်က ဒီသီချင်းတစ်ပုဒ်ဟာ ဘယ်စာသားကို ပြောထားတာလဲ။စာသားကိုအရင် ကြည့်လိုက်တာပေါ့။ဘာကိုဆိုလိုတာလဲ။ လိုရင်းကိုအရင် ကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့ဆိုလိုရင်းကိုသိခါမှာ Mode သွင်းပြီးတော့  ဆိုလိုက်တဲ့အခါမှာ သီချင်းက အရမ်းကိုကောင်းသွားတယ်။ ဘယ်သီချင်းမဆို ပျော်စရာဆိုလည်း အမှန်တကယ်အပြင်မှာ ပျော်လိုက် တယ်။ စိတ်ညစ်စရာတွေဘေးဖယ်ထားလိုက်တယ်။ ပျော်အောင်ဆိုလိုုက်တယ်။ ဥပမာ ဘုရားဖူးတဲ့သီချင်းလေးတွေ၊စိတ်ကြွအောင်ပေါ့။ငိုတဲ့သီချင်းဆိုလည်း တကယ်စိတ်ပျက်ပြီးတော့ ဘဝမှာ ရှုံးပွဲချတဲ့ အငိုမျိုးနဲ့ကို ဆိုလိုက်တယ်။ဒါကြောင့်သီချင်းတိုင်းကတော့ အသက်ဝင်နေတာပါပဲ။ ကြိုက်တာကတော့ အဲ့သဘာဝရဲ့တောက်ခေါက်သံ ကိုကြိုက်တာပေါ့နော်။ ပြီးရင်ရခိုင်သီချင်း ထဲမှာဆိုရင် စောမဲကျီသီချင်း။ဂျမ်းပုံချေအလွမ်း။အဲ့သီချင်းဆိုရင် လူတိုင်း သဘောကျကြပါတယ်။

မေး- မဆုမြတ်ထက်က အလွမ်းဓါတ်ခံရှိတယ်ဆိုတော့ ဘယ်လိုမျိုးအလွမ်းဓါတ်ခံရှိသလဲဆို တာပြောပြလို့ရလား။

ဖြေ- ဟုတ်ကဲ့ပြောလို့ရပါတယ်။ဆုမြတ်ထက်မှာ အရင်တုန်းက ချစ်ခဲ့ရသူတစ်ယောက်ရှိပါတယ်။ သူကအခုကျတော့ ဆုံးသွားပါပြီ။ဆုံးသွားတာ ရှစ်နှစ်လောက်ရှိသွားပြီ။သူကကိုယ့်အပေါ် အရမ်းကောင်း တဲ့သူဆိုတော့၊သူကရခိုင်သားပေါ့နော်။သူသွေးတိုးနဲ့ ရုတ်တရက် ဆုံးသွားတဲ့အခါမှာ  ကိုယ်က ဘာပြောလို့ပြောရမှန်းမသိဘူး။တအားကြီးကိုခံစားရပြီးတော့ ဝမ်းနည်းပက်လက်ပေါ့နော်။ တစ်လလောက်ကို အိပ်ရာက မထနိုင်ဖြစ်သွားတာပေါ့။အဲ့လိုမျိုးကြေကွဲဖူးတော့ ဘယ်သီချင်းမျိုးကို ဆိုဆို အလွမ်းသီချင်းကိုဆိုလိုက်တာနဲ့ Mode ကအလိုလိုဝင်လာပြီးတော့ ငိုဖူးတဲ့ မျက်လုံးလေ။ ငိုဖူးတဲ့ မျက်လုံးဆိုတော့ သီချင်းဆိုတဲ့အခါ စျာန်ဝင်စားတာပေါ့။


မေး- အနုပညာလောကထဲမှာ ဆက်လက်ရှင်သန်သွားဖို့ ဘယ်လိုအစီအစဉ်ရှိလဲ။ ဘယ်လိုမျှော်လင့်ထားလဲ။

ဖြေ- ဆုမြတ်ထက်ကလေ ဒီအနုပညာနဲ့ အိပ်မက်မက်ခဲ့တာဆိုတော့ ဒီအနုပညာလောကကို ပထမလည်း မြန်မာတစ်နိင်ငံလုံးနဲ့ကိုယ်ကပြိုင်ပွဲဝင်လာခဲ့ပြီ။အတတ်နိုင်ဆုံးပေါ့နော်။ကြိုးစားခဲ့ပြီး ပြီ။ဒီကြိုးစားမှုကို အလဟဿ မဖြစ်စေချင်ဘူး။အောင်မြင်စေချင်တယ်။ပြီးရင် ရခိုင်သူတစ်ယောက် အနေနဲ့ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ တော်တဲ့စာရင်းထဲမှာပေါ့။Top Ten ထဲမှာ ဝင်တဲ့အဆိုတော်ဖြစ် ချင်တယ်။အတော်ဆုံးမဟုတ်ရင်တောင်မှ။သူ့အသံလေးဟာကောင်းတယ်။ပရိတ်သတ်ကို ဆွဲဆောင်မှု ရှိပါလားဆိုတဲ့ အဲ့လိုမျိုးလေးဖြစ်သွားတဲ့အထိ ကြိုးစားချင်တယ်။ဒါပေမယ့် အကောင်းဆုံးရယ်လို့တော့၊ အကောင်းဆုံးကိုတော့ မျှော်လင့်ကြတာပဲလူတိုင်းက ကံ၊စန်း၊ပါရမီ ဒါတွေလည်းလိုသေးတာပေါ့။ကိုယ် ကအောင်မြင်ချင်တိုင်းလည်း အောင်မြင်တာမှ မဟုတ်တာ။ ဒါပေမယ့် ကြိုးစားရမှာက ဆုမြတ်ထက်ရဲ့ တာဝန်လေ။ရပ်တည်သွားမှာပါ အနုပညာသမားတစ်ယောက်အနေနဲ့ပေါ့။

မေး- အခုလို့အနုပညာသမားတစ်ယောက်အနေနဲ့ရပ်တည်နေတဲ့အခါမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကရော ဘယ်လိုရှိပါသလဲ။ဖြေ- အခက်အခဲတွေကတော့ အများကြီးပါ။ အတိုက်ခိုက်လေးတွေလည်း ခံရတာတွေတော့ ရှိတာပေါ့။ ဆုမြတ်ထက် တို့က အစိုးရ ဝန်ထမ်းတစ်ပိုင်းလည်းဖြစ်နေလေတော့ ..။  အဲ့ဒါတွေလည်း ရင်ဖွင့်ချင်တာပေါ့။ ကိုယ်ထင်သလို၊ကိုယ့်စိတ်ထဲမှာရှိသလိုပြောလိုက်လို့မရဘူး။တစ်ဘက်သားကိုလေ။မျက်နှာထောက် စရာတွေကအများကြီးရှိတယ်။ကိုယ့်အပေါ်မှာ ကောင်းတဲ့သူဆိုရင် ဘယ်လူမျိုးရယ်မဟုတ်ပါဘူး။ ဆုမြတ်ထက်က ကျေးဇူးတွေ မေ့လို့မရဘူး။  ကိုယ့်အပေါ်အရမ်း ကောင်းတဲ့ လူကြီး သူမတွေရှိတယ်။ အဲ့တော့ အဲ့ကျေးဇူးတွေမေ့လို့ မရဘူး။ စိတ်ကထင်သလို၊ကိုယ်စိတ်မှာထင်သလို ပြောလိုက်လို့မရဘူး။

မေး- ဟုတ်ကဲ့။ နောက်ထပ်သီချင်းတွေ၊ စီးရီးတွေ ဆက်ထုတ်ဖို့ အစီအစဉ်ရှိလား။ ဒီအပိုင်းလည်း နည်းနည်း ပြောပြပေးပါဦး။

ဖြေ- ရှိတယ်။စီးရီးကလေ။ မြန်မာစီးရီးတစ်ခွေ ၊ ဓမ္မတေးတစ်ခွေကို ဆရာတော်တွေတောင်းဆိုတဲ့အတွက် လုပ်နေပါတယ်။ ဒါပေမယ့် အဲ့ဒီခွေတွေက ကြာမယ်။ ဘာလို့လဲဆိုတော့ ခေတ်ဟောင်း သီချင်းတွေကိုပြန်ဆိုမှာ ဆိုတော့ တေးရေးတွေကဆုံးသွားပြီ။ မကြာခင် ဒီသီတင်းကျွတ်အမီ ထုတ်မှာက ကိုသီဟသူရိန်မင်း စီစဉ်ပေးတဲ့ ရခိုင်စီးရီးတစ်ခွေတော့ ထွက်လာမှာ ဖြစ်ပါတယ်။ ကထိန်ပွဲ၊ ရှင်ပြုပွဲ၊ မင်္ဂလာဆောင်၊  ကျင်ပွဲ၊ ပြိုင်လောင်းပွဲ (လှေပြိုင်) စတဲ့ အဲသလို ပွဲတိုင်းနဲ့လိုက်ဖက်တဲ့ သီချင်း ဆယ်ပုဒ်လောက်နဲ့ အခွေထွက်ဖို့ စီစဉ်နေပါတယ်။ စလည်းစနေပါပြီ။ အဲဒါကိုတော့ သီတင်းကျွတ်အမီ ထုတ်ရအောင်လို့ ပြောထားပါတယ်။


မေး- အခုရခိုင်ပရိတ်သတ်တွေကအများကြီးရှိနေပြီလေ။ အားပေးသူတွေပေါ့။အဲ့တော့ အဲဒီပရိတ် သတ်တွေကိုရော ဘာများပြောလိုပါသလဲ။

ဖြေ- အနုပညာနဲ့ပတ်သက်ပြီးတော့ နာမည်လေးတစ်လုံးရလာအောင်။ သန်းသန်းဝင်းဘဝက ဆုမြတ်ထက်ဘဝကို ရောက်လာတာလည်း ကိုယ်တစ်ဦးတည်းကြိုးစားလို့ မဟုတ်ဘူး။ပရိတ်သတ်ရဲ့ အားပေးမှု ၊ထောက်ခံမှု၊ ချစ်ခင်မှုတွေနဲ့ ရလာတာပါ။ သီချင်းခွေ ဖွင့်လိုက်တာနဲ့ ဒါဆုမြတ်ထက်ဆိုတာ သိသွားတဲ့အဆင့်ဖြစ်သွားတာ သူတို့ရဲ့ကျေးဇူးတွေအများကြီးပါတာပေါ့။ရန်ကုန်မှာ အခုမိဘတွေခေါ်ပြီး ဆုမြတ်ထက် ရပ်တည်နေနိုင်တယ်ဆိုတာကလည်း ရခိုင်ပရိတ်သတ်တွေရဲ့ ကျေးဇူးကြောင့်ပဲ။ သူတို့က ပွဲခေါ်ပြီဆိုရင် ဆုမြတ်ထက်ကို ရစေချင်တယ်။ ဆရာတော်တွေလည်း ဒီအတိုင်းပါပဲ။ တစ်ခုခုဆိုရင် ဆုမြတ်ထက်ကိုရစေချင်တယ်။ ဒါကြောင့် ဆုမြတ်ထက် အစစအရာရာ အဆင်ပြေပြေ ရန်ကုန်မှာ နေနိင်တယ်။ ဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးကိုလည်းဘယ်တော့မှ မမေ့ပါဘူးလို့။ဘာပဲဖြစ်ဖြစ် ရခိုင်ပြည်သူတွေသဘောကျတဲ့  လူတွေနဲ့ပဲရှေ့ဆက်ပြီးတော့ လက်တွဲမယ်လို့ ကတိပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဆုမြတ်ထက်အပေါ် ကျေးဇူး အများကြီးရှိကြသူတွေ ဖြစ်တာမို့ သူတို့စိတ်ညစ်စရာ ဖြစ်မယ်ဆိုရင် ဆုမြတ်ထက် လုပ်ချင်တယ်ဆိုရင်တောင်မှ အဲ့ဒီအလုပ်ကို ဆက်မလုပ်ပါဘူး။ ရခိုင်ပရိသတ်မကြိုက်တာကို ဘာတစ်ခုကိုမှ ဆုမြတ်ထက် မလုပ်ဘူးဆိုတာကို  ကတိပေးပါရစေလို့ ပြောချင်ပါတယ်။

ဆက်စပ် သတင်းများ