သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် မာန်အောင်မြို့လုံခြုံရေးတင်းကျပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.1k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၁၈

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် မာန်အောင်ခရီးစဉ် ရှိနေသဖြင့် မြို့ပေါ်တွင်လုံခြုံရေးကို အထူးတင်းကျပ်ထားကြောင်း သတင်းရရှိသည်။

ရဲအင်အား ၂ဝဝ နှင့် တပ်အင်အား ၂ဝဝ ကျော်ဖြင့် လုံခြုံရေးတင်းကျပ်ထားခြင်း ဖြစ်ကြောင်း မာန်အောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးနွဲ့က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"လုံခြုံရေးက တိုးမြှင့်ချထားတယ်။ လုံခြုံရေးက ရဲအင်အား ၂ဝဝ အကူရောက်တယ်။ နောက် တပ်အင်အား ၂ဝဝ ကျော်လောက် အကူရောက်တယ်"ဟု ဦးဘိုးနွဲ့က ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာတွင် တည်ဆောက် ထားသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓာတ်အားပေးစက်ရုံကို တက်ရောက်ဖွင့်လှစ်မည်ဟု သိရသည်။ 

“ မာန်အောင်မြို့နယ်အတွင်း ဆိုလာစနစ်နဲ့ လျှပ်စစ်မီး ၂၄ နာရီထုတ်လွှတ်ပေးနိုင်တဲ့ စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင်ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ပြီး ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ ဖွင့်ပွဲပြီးရင် လူထုနဲ့တွေ့ဆုံပွဲလုပ်မယ်။” ဟု  ဦးဘိုးနွဲ့က ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပွဲတွင် မာန်အောင်တစ်မြို့နယ်လုံးကို လွှမ်းခြုံနိုင်သည့်လိုအပ်ချက်များကို တင်ပြတောင်းဆိုရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

မာန်အောင်မြို့ခံ ကိုအောင်မြင့်သူက "မာန်အောင်လေယာဉ်ကွင်းတိုးချဲ့ရာမှာ နစ်နာသွားတဲ့သူတွေက တင်ပြ တောင်းဆိုမယ်လို့လည်း သိရပါတယ်။ နောက်ပြီး ကျနော်တို့ မာန်အောင်မှာ ရေကာတာလေး တစ်ခုလုပ်ဖို့ အတွက်လည်း ရှိတယ်လေ။ အဲဒါတွေရယ်၊ နောက်ပြီး တခြားလိုအပ်ချက်တွေကိုတင်ပြဖို့ရှိတယ်လို့ သိရပါတယ်" ဟုလည်း ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နှင့် POSCO Daewoo Corporation တို့ ပူးပေါင်း၍ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ မာန်အောင်မြို့နယ်သည် သီးခြား ကျွန်းမြို့တစ်မြို့ဖြစ်သည့်အတွက် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီသွယ်တန်းရန် ငွေကြေးအကုန်အကျများသောကြောင့် အဆိုပါစက်ရုံကိုတည်ဆောက်ကာ လျှပ်စစ်မီးပေးနေခြင်းဖြစ်သည်။

ယင်းနောက် အဆိုပါစက်ရုံက မာန်အောင်မြို့ပေါ် ၅ ရပ်ကွက်နှင့်အတူ စက်ရုံတည်ရှိရာ ခအုန်းကျေးရွာနှင့် မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုနှစ်ခုတို့ကို ယခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ကာ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ၂၄ နာရီ စတင်စမ်းသပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၃၆ အုပ်စုရှိပြီး ကျေးရွာပေါင်း ၁၃၇ ရွာရှိကြောင်းလည်း သိရသည်။

လျှပ်စစ်မီးမရရှိသေးသည့်ကျေးရွာများကို ၂ဝ၂ဝ ခုနှစ်တွင် အဆိုပါစက်ရုံက လျှပ်စစ်မီး ၂၄ နာရီပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ဆိုလာစနစ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးပေးခြင်း သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဆောင်ရွက်ခဲ့သည့် စီမံကိန်းဖြစ်ကြောင်းလည်း သိရသည်။

-----------------------------------

Unicode:
















ဆက်စပ် သတင်းများ