သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဒေါ်အောင်ဆန်းစုကြည်မရောက်မီ မာန်အောင်မြို့တွင် မိုင်းသုံးလုံးပေါက်ကွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.2k

ချစ်အိလှိုင်
စစ်တွေ၊ ဒီဇင်ဘာ ၁၉ / ၂ဝ၁၉

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မရောက်မီ ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ယနေ့ နံနက်အစောပိုင်းက မိုင်းသုံးလုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နှင့် ၃ မိုင်အကွာ ငအင်းကျေးရွာသင်္ချိုင်းတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့နံနက် ၆ နာရီ ၂ဝ မိနစ်ခန့်တွင် မိုင်းသုံးလုံးဆက်တိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ငအင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးမြင့် (ခေါ်) ဦးအမောင်က နိရဥ္စရာသို့ပြောသည်။

"ပေါက်တာမှန်ပါတယ်။ ဒီနေ့မနက် ၆ နာရီကျော်လောက်က ပေါက်တာပါ။ မိုင်းလား၊ ဗုံးလားတော့ မသိဘူး။ တစ်ခါမှလည်း မမြင်ဖူးဘူး။"ဟု ၄င်းက ဆိုသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဟုလည်း ရဲတပ်ဖွဲ့က ပြောသည်။

"လူအထိအခိုက်တော့ မရှိဘူး။ ပေါက်တဲ့အမျိုးအစားက ဘာလဲဆိုတာ ကျနော်တို့ အခု စုံစမ်းစစ်ဆေးနေတုန်းပါ။"ဟု မာန်အောင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုပေါက်ကွဲမှုသည် မာန်အောင်မြို့သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မရောက်မီ နာရီပိုင်းအလိုတွင်ပေါက်ကွဲခြင်းဖြစ်သည်။

"ကျနော်ကိုယ်တိုင် သွားကြည့်ခဲ့ပါတယ်။ ရေမွှေးပုလင်းအဖုံးတွေရတယ်။ ဘောစိတွေလည်း တွေ့ရတယ်။ လက်လုပ်ဗုံးလို့ ယူဆရပါတယ်။"ဟု ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အုပ်စုအတွင်းရှိ စမုံတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁ဝ နာရီကျော်တွင်ပြုလုပ်မည့် မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာတွင် တည်ဆောက်ထားသည့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာဓာတ်အားပေးစက်ရုံက မာန်အောင်မြို့နယ်အတွင်း ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ၂၄ နာရီထုတ်လွှတ်ပေးနိုင်မှုဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိနေပြီဖြစ်သည်။

သူ၏ခရီးစဉ်ကြောင့် မာန်အောင်မြို့ပေါ်တွင် ယမန်နေ့ညမှ ရဲတပ်ဖွဲ့ဝင်အားအင် ၂ဝဝ နှင့် တပ်မတော်သားအင်အား ၂ဝဝ ကျော်တို့ဖြင့် လုံခြုံရေးအပြည့်ယူထားခဲ့သည်ဟုလည်း မာန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးနွဲ့က နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဓာတ်ပုံ - စံမြတ်ရွှေ

---------------------------------------











ဓာတျပုံ - စံမွတျရှှေ

ဆက်စပ် သတင်းများ