စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မင်းပြားမြို့ စျေးဟောင်းပိုင်းရပ်ကွက်မှ လူငယ်တစ်ဦး ရေနစ်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 6.7k

ဆောင်းဇာခြည် | နိရဥ္စရာ၊ ၁၂ ∕ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ စျေးဟောင်းပိုင်းရပ်ကွက်မှ လူငယ်တစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ဦးမောင်သန်းထွန်းနှင့် ဒေါ်နန်းဝင်းရီတို့၏သား မောင်စိုင်းအောင်ခိုင်(၁၈ နှစ်)ဖြစ်သည်။ သူသည် ဇွန်လ ၁၁ရက်နေ့ ညနေ ၆ နာရီအချိန်တွင် သူငယ်ချင်းများနှင့်အတူ မြို့ပေါ်ရှိ စမ္ဘလေချောင်းအတွင်း ရေချိုးဆင်းကြရာ ယခုကဲ့သို့ နစ်မြုပ်သေဆုံးသွားခြင်းဖြစ်သည်။

“ ကျွန်တော့အထင်ပြောရရင် အဲဒီကောင်လေးက ရေမကူးတတ်ဘူးထင်ပါတယ်။ သူ့သူငယ်ချင်းတွေတော့ အတူတူရေချိုးပြီးလို့ တက်လာကြတာပါပဲ။ သူတော့ပါမလာဘူး။ ဒီချောင်းက နှစ်တိုင်းလိုလို မိုးရာသီရောက်ရင် လူသေတယ်။ နှစ်တိုင်းလိုလိုလည်း ပရိတ်ရွတ်တာတို့ လုပ်ပါတယ် ” ဟု စျေးဟောင်း ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းက နိရဥ္စရာသို့ ပြောသည်။

သေဆုံးသူ၏ မိဘနှင့် သက်ဆိုင်ရာများပူးပေါင်းပြီး ယင်းကလေးငယ် နစ်မြုပ် ပျောက်သွားချိန်မှ စ၍  လိုက်လံရှာဖွေကြရာ ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သူ့အလောင်းအား အဆိုပါ ချောင်းအတွင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

"ရဲတပ်ဖွဲ့တွေနဲ့ ရှာကြတော့ အလောင်းကိုတွေ့ပါတယ်။ သူ့သူငယ်ချင်းတွေနဲ့  ရေဆော့ရင်း နစ်တာလို့ ပြောပါတယ်” ဟု မင်းပြားမြို့ရဲစခန်းမှ အရာရှိတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ဆက်သွယ်တိုင်ကြားထားပြီး အလောင်းအား မင်းပြား ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း မိသားစုများက ပြောသည်။

ဆက်စပ် သတင်းများ