- Web Master
- ၁၇ သြဂုတ် ၂၀၂၂
ခိုင်လူလှ(ရိုးမမြေ)
နိရဥ္စရာ၊ ဇူလိူင် ၁၃/၂ဝ၁၉
မိုးအဆက်မပြတ်ရွာသွန်းပြီး ကုလားတန်မြစ်ရေကြီးနေသဖြင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ရပ်ကွက် ၃ ခုစလုံး ရေနစ်မြုပ်နေပြီး မြေနိမ့်ပိုင်းမှ ဒေသခံများကို ကုန်းမြင့်ပိုင်းသို့ ပြောင်းရွှေ့နေရပြီဖြစ်ကြောင်း သတင်းရရှိသည်။
ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က “ ရပ်ကွက် ၃ ခုလုံ ရေမြုပ်နေပါပြီ။ ပြောင်းရွှေ့ရတာက လူဦးရေ ၆ဝဝ ကျော်လောက် ပြောင်းရွှေ့နေရပါပြီ။ အဓိကတော့ မြေနိမ့်ပိုင်းက မိသားစုတွေက နီးစပ်ရာကုန်းမြင့်ပိုင်းက ဆွေမျိုးသားချင်းတွေ နေအိမ်တွေကို ပြောင်းရွှေ့ကြရတယ်။ လက်ရှိအခက်အခဲတော့ ရှိနေပါပြီ” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။
ယခုတက်နေသော ရေမှာ စိုးရိမ်ရေမှတ် ၁၆ဝဝ စင်တီမီတာကို မကျော်လွန်သေးသော်လည်း ၁၄၂၂ စင်တီမီတာထိ ရောက်ရှိနေပြီဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
ပလက်ဝ ဒေသခံ တစ်ဦးက “ ရေတွေက ဟိုတစ်နေ့ကစပြီး တက်လာတယ်။ အခု ရပ်ကွက်တွေက အိမ်တော်တော်များ မြုပ်နေပါပြီ။ အိမ်ခေါင်းမိုး ကွက်ကွက်လေး ကျန်နေတဲ့ထိ မြုပ်နေတာတွေလည်း ရှိနေပါတယ်။ တော်တော် ဆိုးဆိုးရွားရွား ဖြစ်နေပါပြီ။ တောင်ကျရေတွေကလည်း များလာတော့ ရေက အများကြီးရေတက်လာတယ်။ ရေက မြစ်ကမ်းမြေနိမ့်ပိုင်းမှာဆိုရင် ၁၅ ပေထိ ရှိနေပြီ။ အိမ်က ၁ဝဝ ကျော် ၂ဝဝ နီးပါး နစ်မြုပ်နေပါပြီ”ဟု ပြောကြားသည်။
အိမ်များ နစ်မြုပ်နေသော ရပ်ကွက်များမှာ မြို့မရပ်ကွက်၊ သာယာဝ၊ ပလုတ်တောင်၊ သင်္ဘောဆိပ်ရပ်ကွက်၊ ရိက္ခာရပ်ကွက်တို့ဖြစ်ကြကြောင်း၊ လူများကို ကုန်းမြင့်ရှိ အဆောင်များ၊ နေအိမ်များသို့ ပြောင်းရွှေ့နေကြရသည်ဟု ဆိုသည်။
တစ်ခြားဒေသခံ တစ်ဦးကလည်း မြစ်နားတန်းတစ်လျှောက်ရှိ အိမ်များနစ်မြုပ်နေပြီး စျေးဆိုင်းတန်းများလည်း အကုန်လုံးနစ်မြုပ်သွာပြီ ဖြစ်ကြောင်း၊ မိုးမရပ်ပါက အခြေအနေ ယခုထက် ပိုဆိုးနိုင်ကြောင်း ပြောကြားသည်။
(အယ်ဒီတာစကား- ယခုနှစ် ပလက်ဝတွင် ရေကြီးနေသော်လည်း အင်တာနက်လိုင်းပိတ်ခံထားရသဖြင့် ဓာတ်ပုံများ ပို့ပေးရန် အခက်အခဲရှိ၍ ယမန်နှစ် ရေကြီးစဉ်က ရိုက်ထားသော ဓာတ်ပုံအား ဖော်ပြလိုက်ရပါသည်။)