အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မင်းပြားတွင် မြစ်ကမ်းပြို၍ နေအိမ် ၁ဝ လုံး အရေးပေါ်ဖြိုဖျက်လိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 6.2k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလိုင် ၁၅/ ၂ဝ၁၉

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် မြစ်ကမ်းပါးပြိုကျ၍ ကမ်းအနီး တည်ဆောက်ထားသောနေအိမ် ၁ဝ လုံးအား အရေးပေါ် ဖြိုဖျက် လိုက်ရကြောင်း သိရသည်။

မင်းပြားမြို့ ပြည်တော်လှရပ်ကွက်နှင့် ပြည်တော်သာရပ်ကွက်ကြား ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်ကမ်းအနီးတွင် ဇူလိုင်လ ၁၄ ရက်နေ့ ညည့်အချိန်မှစတင်ကာ မြစ်ကမ်းပြိုကျလာ၍ ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နေအိမ်များကို အရေးပေါ်ဖြိုဖျက်လိုက်ရခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက နိရဥ္စရာသို့ ပြောသည်။

"မြစ်ကမ်းပြိုလို့ မြစ်နားက အိမ် ၁ဝ လုံးဖြိုဖျက်နေရပါတယ်။ လူဦးရေ ၆ဝ လောက် လောလောဆယ် နီးစပ်ရာ ဆွေးမျိုးတွေနဲ့ ရင်းနှီးတဲ့သူတွေဆီမှာ ခိုကပ်နေရပါတယ်"ဟု ဦးသိန်းထွန်းက ပြောသည်။

ဖြိုဖျက်လိုက်ရသည့်နေအိမ်များတွင် ပြည်တော်လှရပ်ကွက်မှ ၇ လုံးနှင့် ပြည်တော်သာရပ်ကွက်မှ ၃ လုံးပါဝင်ပြီး နေအိမ်များ ဖြိုဖျက် နေကြရသူများမှာ လက်လုပ်လက်စား မရှိဆင်းရဲသားများဖြစ်သည့်အတွက် လောလောဆယ် မြေနေရာအခက်အခဲနှင့် စားရေးသောက်ရေး အခက်အခဲ များဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

"ကျနော်တို့က မင်းပြားစျေးမှာ စျေးရောင်းစားပါတယ်။ ငှက်ပျောသီးတို့ ဘာတို့ပေါ့။ အခုလို နေအိမ်ဖြိုလိုက်ရတော့ မြေဝယ်ဖို့လည်း ပိုက်ဆံ မရှိဘူးလေ။ ကျနော်တို့က မရှိဆင်းရဲသားတွေပါ။ အစိုးရကို ပြောချင်တာကတော့ ကျနော်တို့အတွက် မြေနေရာပဲလိုချင်ပါတယ်"ဟု နေအိမ်ဖြိုဖျက်နေရသူ ဦးမောင်ကြီးယေက နိရဥ္စရာသို့ပြောသည်။

မြစ်ကမ်းပြိုကျမှုမှာ အလျား ပေ ၃ဝဝ ရှည်လျားပြီး အနံ ပေ ၂ဝ ခန့်ရှိကြောင်းလည်း မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောသည်။

"ကျနော်တို့ သွားကြည့်ချိန်မှာတော့ အလျား ၃ဝဝ၊ အနံ ၂ဝ လောက် ပြိုနေပါတယ်။ ရေပြန်တက်လို့ ပြန်ကျရင် ထပ်ပြိုလာနိုင်တဲ့ အနေအထား တွေလည်း တွေ့နေရပါတယ်"ဟု ဦးလှသိန်းအောင်က ဆိုသည်။

ယခုမြစ်ကမ်းပြိုသည့်နေရာတွင် ကမ်းထိန်းနံရံအဖြစ် ကျောက်တန်း တစ်ခုကို ပြီးခဲ့သည့် မေလအတွင်းက တည်ဆောက်ခဲ့ရာ လိုအပ်သည့် မြေသားများကို လူနေအိမ်နှင့် ကျောက်တန်းတို့အကြားမှ တူးယူ အသုံးပြု ခဲ့ကြပြီး မြေတူးထားသည့်နေရာတွင် သဲများကို ဖို့ထားခဲ့ကြကြောင်း သိရသည်။

မြစ်ရေအကျတွင် သဲများကို မြစ်ရေက ဆွဲယူသွားရာ သဲဖို့ထားသည့် နေရာတွင် ချိုင့်ခွက်ကျန်နေခဲ့သည့်အတွက် ယခုကဲ့သို့ ဆိုးဆိုးဝါးဝါး ကမ်းပြိုကျခဲ့ရခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းနှင့် နေအိမ်ဖြိုဖျက် နေရသူများက တစ်ညီတညွတ်တည်းပြောကြသည်။

သို့သော် ကမ်းထိန်းနံရံပြုလုပ်ခဲ့သည့် ကုမ္ပဏီ၏အမည်ကို ထုတ်ဖော် ပြောဆိုကြခြင်းမရှိပါ။

ယခုကမ်းပြိုသည့်ကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပါ။

လက်ရှိတွင် နေအိမ်များဖြိုဖျက်လိုက်ရသူများအား အကူအညီများ ပေးနိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ တင်ပြ ထားကြောင်းလည်း သိရသည်။

ဓာတ်ပုံ - LAY MRO - Minbya CJ News

ဆက်စပ် သတင်းများ