စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင် မြို့နယ်၃ခုတွင် ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၉ထောင်ကျော် ရေဘေးသင့်ပြီး လူနေအိမ် ၃ဝကျော်ပျက်စီးကာ နွား ၂၂ ကောင်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 9.5k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလိုင် ၁၅/၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၃ ခုတွင် ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၉ ထောင်ကျော် ရေဘေးသင့်ပြီး လူနေအိမ် ၃ဝ ကျော်ပျက်စီးကာ နွား ၂၂ ကောင်သေဆုံးသွားကြောင်း စစ်တွေရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။

ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် ဇူလိုင်လ ၁၁ ရက်နေ့မှစတင်ရေလွှမ်းမိုးမှုကြောင့် ရွှေ့ပြောင်းထားရသည့် လူဦးရေမှာ ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းအထိ ကောက်ခံရရှိထားသော စာရင်းအရ ၉၄၈၉ ဦးရှိသည်ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဦးစီးမှူး ဦးရဲမင်းဦးက နိရဥ္စရာသို့ပြောသည်။

"ဒီနေ့အထိလည်း သူတို့တွေရှိနေတုန်းဖြစ်ပါတယ်။ ပြန်သွားကြတဲ့ စာရင်းတော့ မရသေးဘူး။ တိုးလာတာပဲရှိပါတယ်။ ဒါကြောင့် စာရင်းက အတိုးအလျော့ရှိနိုင်ပါတယ်"ဟု ဦးရဲမင်းဦးက ပြောသည်။

အဆိုပါမြို့နယ်များအတွင်း ဇူလိုင်လ ၁၄ ရက်နှင့် ဇူလိုင်လ ၁၅ ရက်နေ့တို့တွင် မြစ်ရေမြင့်တက်မှု ကျဆင်းသွားပြီ ဆိုသော်လည်း လူဦးရေ ၉ ထောင်ကျော်မှာ မြစ်ရေမြင့်တက်မှုအခြေအနေကိုကြည့်ကာ နေရပ်မပြန်နိုင်သေးဘဲ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆွေမျိုးများ၏နေအိမ်များတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရေလွှမ်းမှုမိုးကြောင့် ကျောက်တော်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၃ ရွာတွင် အိမ်ထောင်စု ၇၄၇ စု၊ လူဦးရေ ၄၂၈ဝ ဦး ရေဘေးသင့်ခဲ့ပြီး မြောက်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၁ဝ ရွာတွင် အိမ်ထောင်စု ၁၂၁ စု၊ လူဦးရေ ၂၃၂၃ ဦးရေဘေးသင့်ကာ မင်းပြားမြို့နယ်တွင် ကျေးရွာပေါင်း ၃၄ ရွာတွင် အိမ်ထောင်စု ၆၂၇ စု၊ လူဦးရေ ၂၈၈၆ ဦး ရေဘေးသင့်ခဲ့ရကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၏ စာရင်းများအရ သိရသည်။

"မြေနိမ့်ပိုင်းက လူတွေကတော့ ဘေးလွတ်ရာကိုသွားခဲ့ကြပါတယ်။ အခု ရေပြန်ကျတော့ ပြန်လာသူတွေလည်း ပြန်လာကြပါပြီ။ အခုလောလောဆယ်တော့ ရေက ပြန်ကျနေပြီဆိုပေမယ့် ရွာထဲမှာ ၃ ပေလောက်အထိ ရှိနေပါသေးတယ်။ အိမ်တွေမှာလည်း နွံတွေကျန်နေခဲ့တယ်။ ရေမကျခင်တော့ အခု အဲဒီနွံတွေကို ဆေးနေရပါတယ် "ဟု မင်းပြားမြို့နယ် ကပ်ပဲကျေးရွာမှ ဦးငယောင်းချေက ပြောသည်။

အဆိုပါမြို့နယ် ၃ ခုတွင် ရေလွှမ်းမိုးမှုကြောင့် လုံးဝပျက်စီးသွားသည့်နေအိမ် ၂၁ လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် နေအိမ် ၁၃ လုံးရှိခဲ့ပြီး နွား ၂၂ ကောင်လည်း သေဆုံးသွားကြောင်း သိရသည်။

"ပျက်သွားတဲ့အိမ်တွေနဲ့ သေဆုံးသွားတဲ့ နွားတွေလည်း အဲဒီမြို့နယ် ၃ ခုကပဲ။ လူအသေအပျောက်စာရင်းတော့ ကျနော်တို့ဆီ မရောက်ဘူး။"ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဦးစီးမှူး ဦးရဲမင်းဦးက ပြောသည်။
နိရဥ္စရာမှ စုံစမ်းထားချက်အရ ကျောက်တော်မြို့နယ်ရှိ ဘူးသီးတောင်ကျေးရွာမှ ဦးမောင်ကြီးရှင်၏သား မောင်စိုးမင်းနိုင်(၁၆ နှစ်)သည် ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်က သရက်တပင်ကျေးရွာမှ ရွှေတလဲကျေးရွာသို့ ရေမြုပ်နေသည့်တံတားမှဖြတ်ကူးစဉ် ရေစီးအားပြင်းထန်၍ မျောပါသေဆုံးသွားကြောင်း သိရသည်။

ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် (၄)ရက်ကြာရေလွှမ်းမိုးမှုခံခဲ့ရ၍ လူနှင့် တိရစ္ဆာန်များ ဘေးဒုက္ခကြုံခဲ့ရသလို ကားလမ်းများရေကျော်နစ်မြုပ်မှုများကြောင့် လမ်းပန်းဆက်သွယ်ရေးပင် အချိန်ပိုင်း ပြတ်တောက်ခဲ့ရကြောင်းလည်း သိရသည်။

(ဓာတ်ပုံ- Credit မူရင်းပိုင်ရှင်)

ဆက်စပ် သတင်းများ