ကျောက်ဖြူတွင် ငါးဖမ်းစက်လှေနစ်မြုပ်၍ ၄ ဦးသေ၊ ၁ဦးပျောက်ဆုံးနေ


သန့်မြတ်ခိုင်
စစ်တွေ၊ ဇန်နဝါရီ ၁၆/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အနီး ပင်လယ်ပြင်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ငါးဖမ်းစက်လှေတစ်စီး နစ်မြုပ်သွားသဖြင့် ငါးဖမ်းသမား ၄ ဦးသေဆုံးပြီး၊ ၁ ဦးပျောက်ဆုံးနေကာ ၂ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သတင်းရရှိသည်။ 

၎င်းစက်လှေမှာ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာမှ လူ ၇ ဦး လိုက်ပါလာသည့် ငါးဖမ်းစက်လှေဖြစ်ကြောင်း၊ သေဆုံးသူများမှာ စက်လှေပိုင်ရှင် ဦးအောင်ကျော်နုအပါအဝင် ၄ ဦးဖြစ်ကြောင်း သိရသည်။

၎င်းငါးဖမ်းစက်လှေသည် ဇန်နဝါရီလ ၁ဝ ရက်နေ့က ဆင်တက်မော်ကျေးရွာမှ ထွက်ခွာလာပြီး ကျောက်ဖြူမြို့နယ် ကင်းချောင်းအဝ ပင်လယ်ပြင်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့ ငါးဖမ်းနေစဉ် တစ်ခြား အမည်မသိ ရေယာဉ် တစ်စီးမှ ဝင်တိုက်သွားရာမှ ည ၁၁ နာရီခန့်အချိန်တွင် နစ်မြှုပ် သွားခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့မ ရဲခန်းမှ စခန်းမှူးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၁၁ နာရီလောက်မှာ ကျောက်ဖြူမြို့နယ် ကင်းချောင်းအဝ ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ အချိန်မှာ စက်လှေအကြီးတစ်စီးကနေ တိုက်မိသွားတယ်။ တိုက်မိသွားတော့ အဲဒီမှာ လှေမြုပ်သွားတယ်” ဟု မြို့မရဲစခန်းမှူးက ပြောသည်။

မည်သည့်စက်လှေက တိုက်မိသွားသည်ကို မသိရကြောင်း၊ တိုက်မိပြီး နစ်မြုပ်သွားကာ စက်လှေပေါ်ပါသွားသည့် လူ ၇ ဦးအနက် ဆင်တက်မော်ကျေးရွာက ဦးထွန်းမောင်ဆိုသူနှင့် စက်လှေမောင်းသူ အဒူလာကိန်းတို့ ၂ ဦးအား ဇန်နဝါရီလ ၁၃ရက်နေ့ ညတွင် ကျောက်ဖြူမြို့ မြစ်နားတန်းမှ ဦးညိုဝင်းအောင် ငါးဖမ်းစက်လှေက ထိုနေရာအနီး ပိုက်သွားချစဉ် ရေကူးနေသည်ကိုတွေ့မြင်ပြီး ကယ်တင်လာခဲ့ရကြောင်း ပြောဆိုသည်။

ဒီဇင်ဘာ က ၁၅ ရက်နေ့တွင်  နစ်မြှုပ်သွားသည့် စက်လှေပိုင်ရှင် ဦးအောင်ကျော်နု၏ အစ်ကို ဖြစ်သူ ဦးထွန်းအေးက စက်လှေ နစ်မြုပ်သည့် နေရာကို သွားကြည့်ပြီး စက်လှေကို ကျောက်ဖြူမြို့သို့ ဆွဲလာခဲ့စဉ်  လှေဝမ်းဗိုက်ထဲမှ လှေပိုင်ရှင် ဦးအောင်ကျော်နု အပါအဝင် အလောင်း ၂ လောင်းတွေ့ရှိခဲ့ရသည်ဟု သိရသည်။

“နစ်မြုပ်သွားတဲ့စက်လှေကို စက်လှေနှစ်စီး နဲ့ သွားဆွဲကြတယ်။ ဆွဲပြီးတော့ အလောင်းပါလာမှန်းလည်း မသိဘူး။ မနေ့ကမှ ၉ နာရီလောက်ရှိမယ်။ အဲဒီအချိန်မှာ အလောင်းနှစ်လောင်း ထွက်ကျတယ်။ အဲဒီအလောင်း ၂ လောင်းကို ကျောက်ဖြူစခန်းကို အကြောင်းကြားပြီးတော့ ကျောက်ဖြူဆေးရုံကိုယူသွားတယ်။ ညနေပိုင်း အဲဒီအလောင်းကို သင်္ဂြိုလ်ပြီးတော့ ညနေ ၄ နာရီ လောက်မှာ နောက်ထပ် ၂ လောင်းပေါ်တယ်။ အလောင်းက ၄ လောင်း။ ကယ်နိုင်တာက  ၂ ယောက်ဆိုရင် ၆ ယောက် ဖြစ်ပါတယ်။ ၁ ယောက်ကတော့ပျောက်နေဆဲ ဖြစ်တယ်။ ပျောက်နေတဲ့ သူကလည်း မူဆလင်လို့ သိရပါတယ်” ဟု ကျောက်ဖြူမြို့နယ် မြစ်နားတန်း ဆိပ်ကမ်းမှူး ဦးအေးသာက ပြောသည်။

ယခုအခါ အဆိုပါ စက်လှေ နစ်မြုပ်မှုနှင့် ပတ်သက်ပြီး သေမှု သေခင်းဖြင့် အမှုဖွင့်ထားသည် ဟု ကျောက်ဖြူ မြို့မရဲ စခန်းမှူး က ပြောသည်။

(ဓာတ်ပုံ - စက်လှေနစ်မြုပ်ချိန် ကယ်တင်နိုင်ခဲ့သူ ၂ ဦးအားမြင်တွေ့ရစဉ်)

------------------------















Share: