သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

၂ဝ၂ဝ ရွေးကောက်ပွဲ ရခိုင်ပြည်နယ်တွင် ဖြစ်နိုင်၊မဖြစ်နိုင် ပြောဖို့အချိန်စောနေသေးဟု ရွေးကောက်ပွဲကော်မရှင်ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 9.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိူင် ၂၄/ ၂ဝ၁၉

၂ဝ၂ဝ ရွေးကောက်ပွဲ ရခိုင်ပြည်နယ်တွင် ဖြစ်နိုင်၊ မဖြစ်နိုင်ကို ပြောရန်မှာ အချိန်စောနေသေးသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့တစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက် ၁ဝ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၁)တွင် ပြုလုပ် ကျင်းပခဲ့သည့်  လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ရခိုင် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် တို့နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးဝင်းက မီဒီယာများကို ထိုသို့ပြောကြားသွားခြင်း ဖြစ်သည်။

“အခြေအနေဆိုတာက ဒီနေ့နဲ့ မနက်ဖြန် မတူညီနိုင်ပါဘူး။ သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ လုပ်မယ် မလုပ်ဘူးဆိုတာကို ဆုံးဖြတ်ချက်ပေးနိုင်တာလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကပဲ ဆုံးဖြတ်ပေးမှာပါ။ အဲဒီတော့ ဖြစ်မဖြစ် ဆိုတာကတော့ ပြောဖို့အချိန်စောပါသေးတယ်” ဟု ဦးအောင်စိုးဝင်းက ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး မြို့နယ် ၉ မြို့နယ်မှ ပြည်သူများလည်း အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးနေကြရသဖြင့်  ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင် ဖြစ်မှ ဖြစ်ပါ့မလားဟု မေးခွန်းများထွက်ပေါ်နေသည်။

“ ရခိုင်ပြည်နယ် အတွင်း လက်ရှိဖြစ်နေတဲ့ အနေအထားအရ ရွေးကောက်ပွဲ ဖြစ်ခြင်း မဖြစ်ခြင်း ဆိုတာက အချိန်ကာလအားဖြင့် တစ်နှစ်ခွဲလောက်ကျန်ရှိနေသေးတဲ့ အတွက် အခြေအနေက ပြောင်းလဲလာနိုင်ပါသေးတယ်”  ဟု  ဦးအောင်စိုးဝင်းက ပြောဆိုသည်။

စစ်တွေအခြေစိုက် People For People (PFP)မှ ဦးစိုးလင်းက  “ကျနော်က ဒီရခိုင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို အရမ်းစိုးရိမ်မိတယ်။ ဒီအခြေအနေမှာ ရခိုင်ဒေသက တကယ့်ကို စစ်မြေပြင်အနေအထားဆိုတော့ စစ်ဘေးရှောင် မြို့နယ်တွေက များနေတယ်။ အဲဒီအထဲမှာ ဒုက္ခသည်တွေကလည်းများနေတယ်။ ဒီအထဲမှာ ပွင့်လင်းမြင်သာတဲ့ မဲပေးပိုင်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့် တွေကအစ ပြသနာရှိနေတော့  ဒီလာမယ့် ရွေးကောက်ပွဲကို ကျနော်တို့ အရမ်းစိုးရိမ်နေတယ်” ဟု ပြောသည်။

အင်တာနက်လိုင်းပိတ်ထားသည့်တွက် ရွေးကောက်ပွဲ ကာလအတွင်း ကြုံတွေ့နိုင်သည့် အခက်အခဲများကိုလည်း အခြေနေက ပြောင်လဲနိုင်သည့် အတွက် ရွေးကောက်ပွဲ လုပ်သည့်အချိန်တွင် ပြောင်းလဲမှုတွေ ဖြစ်ကောင်းဖြစ်လာနိုင်ကြောင်း၊ မရောက်သေးသည့် အခြေအနေတွေကို ပြောလို့မရကြောင်း ထိုတွေ့ဆုံဆွေးနွေးပွဲးတွင် ဦးအောင်စိုးဝင်းက မီဒီယာများကို ပြောသည်။

တွေဆုံဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ဆွေးနွေးခဲ့ကြသည်။ ၎င်းပြင်  အဆိုပါ ဆွေးနွေးပွဲတွင် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးခွင့် ရှိသော်လည်း အမျိုးသား မှတ်ပုံတင်မရှိသည့် အတွက် မဲပေးခွင့် မရ ရှိသူများအား မဲပေးခွင့် ရရှိရေးဆောင်ရွက်ပေးရန်၊ အချို့ကျေးရွာများ၌ မဲရုံမရှိသည့်တွက် မဲရုံရှိသည့် ကျေးရွာများသို့ သွားရောက် မဲပေးလျှင်လည်း လမ်းခရီး အခက်အခဲကြောင့် မဲမပေးခဲ့ရသူများလည်း ရှိသည့်အတွက် မဲပေးနိုင်ရေး ဆောင်ရွက်ပေးရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အားလုံး ဆန္ဒမဲပေးခွင့် ရရှိရေး၊  မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် တက်ရောက်ခဲ့သူများက အကြံပြု ဆွေးနွေးခဲ့ကြသည်။

“ကျနော်တို့က မဲပေးခွင့်ရှိသူများ  မဲပေးခွင့်အခွင့်အရေး မဆုံးရှုံးစေဖို့ အတွက် မဲဆန္ဒရှင်စာရင်း ကောက်ယူ ဆောင်ရွက် လျက်ရှိပါတယ်။ ဆောင်ရွက်တဲ့ အခါမှာ ကျနော်တို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အောက်မှာရှိတဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးပေါ့။ နောက် ကျနော်တို့ဒီမှာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင် လဝက ပူးပေါင်းပြီးတော့ ကျနော်တို့ မဲဆန္ဒရှင် စာရင်းပြုစု ဆောင်ရွက်လျက်ရှိပါတယ်”ဟု  ဦးအောင်စိုးဝင်းက မီဒီယာများကို ပြောသည်။

မဲစာရင်းပြုစုသည့်အခါတွင် စစ်ဘေးရှောင်စခန်းများအပါအဝင် ရွေ့ပြောင်းလုပ်သားတွေပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြေပြင်စာရင်းကောက်မည်ဖြစ်ကြောင်း၊ မြေပြင် စာရင်းကောက်ခြင်းအား သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေး အဖွဲ့များက ကောက်မည် ဖြစ်ကြောင်း၊ ထိုသို့ စာရင်းကောက်ပြီးလျင်လည်း လဝက ပုံစံ ၁ဝ ရှိ/မရှိ ၊ မှတ်ပုံတင်ရှိ/မရှိအပိုင်းကို စိစစ်ကြောင်း၊ ရပ်ကွက် အုပ်ရေးမှူး၊ လဝက များက ကောက်ယူပြီးရရှိသည့် စာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ မြို့နယ်၊ ရပ်ကွက်၊ကျေးရွာ၊ တိုင်း၊ ပြည်နယ်တိုင်းမှ ကော်မရှင်အဖွဲ့အဆင့်ဆင့်က မဲပေးခွင့်ရှိသူ ဟုတ်/မဟုတ်ကို ထုတ်ပြန်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ ပြောသည်။

ယခု ၂ဝ၁၉ ခုနှစ်အား မဲစာရင်းပြုစုသည့် နှစ်ဟု သတ်မှတ်ထားသည့် အတွက် ယခုနှစ်အတွင်း မဲစာရင်းပြုစုခြင်းကို အပြီးအစီး ဆောင်ရွက်မှာ ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း သာမက မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာအရ တပြေးညီ ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

ယနေ့ ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အသီးသီးမှ  နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လူပေါင်း ၈ဝ ကျော်တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲသည် မွန်းလွဲ ၁၂ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
 

ဆက်စပ် သတင်းများ