သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် ရွေးကောက်ပွဲ ကျင်းပရန် မသေချာသေးသော်လည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၅ /၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲကို ကျင်းပရန် မသေချာသေးသော်လည်း လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုအချို့ကိုပြုလုပ်နေပြီဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ပြောသည်။

"ကျနော်တို့ အခုလောလောဆယ်မှာ ရွေးကောက်ပွဲမှာ သုံးမယ့် မဲရုံပစ္စည်းတွေပေါ့။ ဒါတွေကို တွက်ချက်တာတွေ ကျနော်တို့ လုပ်နေပါတယ်။ ပြီးရင် မဲရုံတွေ သတ်မှတ်ဖို့အတွက်ကို ဆောင်ရွက်နေတာရှိပါတယ်။ နောက်တစ်ခုက ကျနော်တို့ မဲဆန္ဒရှင် စာရင်းတွေကို ၂ဝ၁၉ စက်တင်ဘာလမှာ ကျနော်တို့ ပြုစုခဲ့ပြီးပြီ။ ပြုစုခဲ့ပြီးတော့ အဲဒီ ပြုစုခဲ့ပြီးတဲ့ဟာကို လစဉ်ကျနော်တို့ မဲဆန္ဒရှင်စာရင်းကို Update တောက်လျှောက် လုပ်တာပေါ့နော်။ ဒီအလုပ်တွေကို ကျနော်တို့ လုပ်နေပါတယ်။"ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အထွေထွေအတွင်းရေးမှူး  ဦးသူရိန်ထွဋ်က နိရဥ္စရာသတင်းဌာနကို ပြောသည်။

တိုက်ပွဲဖြစ်ပွားနေ၍ ဒေသမတည်မငြိမ်ဖြစ်နေသည့် ရခိုင်ဒေသတွင် လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲကို ပြုလုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း တရားဝင် ထုတ်ပြန်ခြင်းမျိုးမရှိသေးဟု သိရသည်။ သို့သော် ရွေးကောက်ပွဲကျင်းပဖြစ်လျှင် အဆင်သင့်ဖြစ်နေစေရန်အတွက် ယခုကဲ့သို့ ကြိုတင်ပြင်ထားခြင်းဖြစ်သည်ဟု ဦးသူရိန်ထွဋ်က ဆိုသည်။

စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တစ်သီးပုဂ္ဂလ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးကမူ လက်ရှိ ရခိုင်ပြည်နယ်မှ ရွေးကောက်တင်မြှောက်ထားခြင်းခံရသည့် ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များမှာ လွှတ်တော်တွင်း ဥပဒေပြုခွင့် ကြီးကြီးမားမားမား မရကြဘဲ ပြောရေး ဆိုခွင့် တစ်ခုသာရှိပြီး လုပ်ပိုင်ခွင့်မရှိသဖြင့် ေ ရွးကောက်ပွဲသည်  ရခိုင်ပြည်သူများလိုအပ်နေသော အရာ မဟုတ်ကြောင်း သူ့အမြင်ကို ပြောသည်။

“ ၂ဝ၂ဝ ရွေးကောက်ပွဲကို မျှော်လင့်မထားပါဘူး။ ကျွန်တော့အနေနဲ့ ရွေးကောက်ပွဲအတွက် သီးခြား ပြင်ဆင်ထားတာ မရှိသေးပါဘူး။ လက်ရှိဖွဲ့စည်းပုံထဲမှာ ရခိုင်နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ လွှတ်တော်ထဲက ဝင်လုပ်ရတဲ့ဘောင်က တော်တော်ကျဉ်းပါတယ်။ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျွန်တော်တို့ ပါသင့်၊ ပါထိုက်သေးလား၊ ပါဖို့ လိုအပ်သေးလားဆိုတာ သုံးသပ်ဖို့လိုပါမယ်”ဟုပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းတွင် ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ကာလများတွင် တိုက်ပွဲများဖြစ်နေပါက  စစ်မှန်သော ရွေးကောက်ပွဲဖြစ်နိုင်မည်မဟုတ်ဟု သူက ဆက်ပြောသည်။

“နောက်တစ်ချက်က ရွေးကောက်ပွဲဖြစ်နိုင်၊ မဖြစ်နိုင် ကိစ္စကိုလည်း ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ တစ်ဖက်က အေအေ ဘက်ကလည်း ရွေးကောက်ပွဲလုပ်ရင် သူတို့နဲ့ညှိဖို့လိုတယ်ဆိုပြီး ပြောထားတာလည်း ရှိနေတယ်။ တိုက်ပွဲတွေဖြစ်နေရင် စစ်မှန်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်လာဖို့ ခက်မယ်လို့ထင်တယ်။ နောက်ပြီး တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ လွှတ်တော် ကိုယ်စားလှယ်ပဲဖြစ်ဖြစ်ကိုယ်စားလှယ်လောင်းပဲဖြစ်ဖြစ် ကျည်ဆံနားမှာ ဘယ်သူမှ မလုံခြုံပါဘူး ”ဟု ဦးကျော်ဇောဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဖြစ်လာရန်အတွက် အဓိကကျသည့်အချက်မှာ အစိုးရအပါအဝင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ သုံးပွင့်ဆိုင်ဆွေးနွေးညှိနှိုင်းရန်လိုသည်ဟုလည်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့က ပြောသည်။

“နှစ်ထောင့်နှစ်ဆယ်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာဖို့ ပြင်ဆင်ထားပါတယ်။ ရွေးကောက်ပွဲဖြစ်မလားပေါ့။ နောက်ပြီးတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မလားပေါ့။ နောက်ပြီးတော့ ပါတီတွေအတွင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်အချင်းချင်း အငြင်းပွားမှုတွေဖြစ်မလားစသဖြင့် စောင့်ကြည့်ရေးတွက် ပြင်ဆင်ထားပါတယ်။ ရွေးကောက်ပွဲဖြစ်၊ မဖြစ်က အစိုးရ အပေါ်မှာ မှုတည်တယ်။ အစိုးရနဲ့ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ ညှိဖို့လိုအပ်မယ်ထင်တယ်။ ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲမဖြစ်ရင် ဘာတွက်မဖြစ်လဲ၊ ဖြစ်ရင် တရားမျှတမှု ရှိရဲ့လားဆိုတာစောင့်ကြည့်သွားဖို့ ရှိပါတယ်”ဟု ၄င်းအဖွဲ့မှတာဝန်ရှိသူ တစ်ဦးဖြစ်သူ ဦးခိုင်ကောင်းစံက နိရဥ္စရာကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်အများအပြားတွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု နည်းပါးနေကြသည်ဟု ဒေသခံများပြောဆိုနေကြကြောင်း သိရသည်။

---------------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၁၅ /၂ဝ၂ဝ










ဆက်စပ် သတင်းများ