သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

လွှတ်တော်သုံးရပ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရခိုင်အမျိုးသမီးလွှတ်တော်ကိုယ်စားလောင်းများရဲ့ အသံ တောင်ကုတ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လှသက်စိုး(ခ)ခင်ထိပ်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.9k


(အိမ်စိုးဖြူ မေးမြန်းတင်ပြသည်။)
နိရဥ္စရာ၊ စက်တင်ဘာ ၁၆/၂ဝ၂ဝ


လာမယ့် ၂ဝ၂ဝ ပါတီစုံရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က အမျိုးသမီး ကိုယ်စားလှယ်လောင်း( ၃၃)  ဦး ပါဝင်ဖို့ ရှိနေပါတယ်။ အဲဒီအထဲက ရခိုင်အမျိုးသားပါတီ (ANP) ကို ကိုယ်စားပြုပြီး တောင်ကုတ်မြို့နယ် ပြည်သူ့ လွှတ်တော်နေရာကို ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် လှယ်လောင်း ဒေါ်လှသက်စိုး(ခ) ခင်ထိပ်ထားနဲ့ ဆက်သွယ်မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။


မေး- လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံမယ်လို့ သိရပါတယ်။ အစ်မ ဒီရွေးကောက်ပွဲကို ဝင်ပြိုင်ရခြင်းရည်ရွယ်ချက်ကို ပြောပြပေးပါလား။
ဖြေ- ရွေးကောက်ပွဲဝင်ပြိုင်ရခြင်း ရည်ရွယ်ချက်ကတော့ ကျွန်မပထမဆုံးပြောမယ့် ဟာက အစ်မ အဖေက နိုင်ငံရေး လုပ်ပါတယ်။ အစ်မငယ်ငယ်ကတည်းကပါ။ အစ်မအဖေ နိုင်ငံရေးလုပ်တော့ အစ်မ အနေနဲ့ ပါဝင် ကူညီမှုတွေရှိတယ်။ အစ်မအနေနဲ့ ရပ်ရွာ၊ ဒေသန္တရတွေမှာ ပရဟိတလုပ်ဖူးတာတွေရှိတယ်။ ၂ဝ၁၅ မှာ မေတ္တာမျှဝေ အနေနဲ့ ရခိုင်တစ်ပြည်နယ်လုံးရေဘေးသင့်ပြည်သူတွေကို ကူညီလုပ်ကိုင်ဆောင်ရွက်ပေးဖူးတဲ့ဟာတွေရှိတယ်။ အဲလိုပဲ ပရဟိတတွေလုပ်ရင်း၊ အဖေ့နိုင်ငံရေးလုပ်တဲ့ဟာတွေမှာ ကူညီလုပ်ပေးရင်း ဘာတွေ တွေ့လာရလည်းဆိုတော့ နောက်ပိုင်းတွေမှာ  ရခိုင်ပြည်သူတွေ ဒုက္ခဆင်းရဲတွေ အင်မတန်ကြုံနေရတယ်။ ဒုက္ခဆင်းရဲဆိုတာက စစ်ဘေး၊ လေဘေး၊ ရေဘေး အကုန်လုံးပေါ့နော်။ နောက်ပြီးတန်းတူညီမျှမှုမရှိ။ နောက်ပြီးအစ်မတို့ နေရာ အတော်တော်များများကို သွားတဲ့အခါမှာ အဖေနဲ့အတူတူသွားတဲ့အခါမှာ ကိုယ့်ရခိုင်ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ။ ကိုယ့်ရခိုင်ဒေသကထုတ်ကုန်တွေကို အချိန်မှီ တင်ပို့ မရောင်းချ နိုင်တာတွေပေါ့လေ။ အင်မတန်ပင်ပန်း ဆင်းရဲတာတွေ တွေ့လာရတဲ့ အခါ အစ်မတို့ အပြင်ဖက်က ဝင်ပြီး လုပ်တာက သိပ်မထိရောက်ဘူးဆိုတာသိလာတယ်။ တချို့နေရာတွေမှာအတားအဆီးရှိပါတယ်။ အတားအဆီးရှိလို့ ပြန်လှည့်ခဲ့ရတာတွေရှိတယ်။ အစ်မတွေးမိလာတယ်။ ဒါဟာ ဥပဒေဘောင်ထဲကပဲလုပ်မှ အဆင်ပြေတော့မယ်ဆိုပြီးပေါ့။ လွှတ်တော်ထဲကပဲ အလုပ်လုပ်ရတော့မယ် ဆိုတာကို နားလည်လာတယ်။ နောက်ပြီး အစ်မတို့ တောင်ကုတ်မြို့မှာ လက်ရှိဖြစ်ပျက်နေတဲ့အရာတွေ၊ ဖြစ်ပျက်နေတဲ့အရာတွေဆိုတာက စွပ်စွဲမှုတွေနဲ့ ဖမ်းဆီးခံနေရတဲ့အရာတွေ၊ အဲဒါတွေကို ပါဝင်ကူညီချင်ပေမယ့် ပါဝင်ကူညီလို့မရတဲ့ နိုင်တဲ့ဟာရှိတယ်။ ပြီးတော့ တောင်ကုတ်မြို့နယ်အတိုင်းအတာနဲ့ ၂ဝ၁၅ နောက်ပိုင်းမှာ ပြည်သူလူထုတွေရဲ့ဘဝဟာ ကျီးလန့်စာ စားရတဲ့ဘဝကို တွေ့လာရတဲ့အခါကျတော့ အပြင်ဘက် ပါဝင်မကူညီနိုင်တဲ့ အတွက် အစ်မတို့က ရွေးကောက်ပွဲဝင်ပြီးမှ အစ်မတို့ ရွေးကောက်ခံမှသာ ပြည်သူ့အတွက် အစ်မတို့ဖြည်ဆည်းနို်င်ဖို့ဆိုပြီး မြင်လာတဲ့ အတွက် အစ်မဝင်ပြိုင်ရခြင်းဖြစ်ပါတယ်။


မေး- အခုလာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အစ်မတို့ ပါဝင်ယှဉ်ပြိုင်မယ်။ ၂ဝ၂၅ မှာလည်း ပါဝင်လာတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေက ပိုပြီး ပါလာတာကို တွေ့ရတယ်။ အဲဒီအပေါ် အမျိုးသမီးလူငယ် လွှတ်တော်ကိုယ်စားလှယ် လောင်း တစ်ယောက် အနေနဲ့ ဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။ တစ်နည်းအားဖြင့် လွှတ်တော်ထဲမှာ အမျိုးသမီးတွေ ပါဝင်လာတဲ့ အပေါ်မှာ  အစ်မအနေနဲ့ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ- အစ်မအနေနဲ့ ကြိုဆိုပါတယ်။ နိုင်ငံတကာဥပဒေအရဆိုရင်လည်း အမျိုးသမီး ပါဝင်မှု ရာခိုင်နှုန်းဟာ ၃ဝ ရာခိုင်နှုန်း ရှိရပါမယ်လို့ အကြမ်းအားဖြင့် သတ်မှတ်ကြပါတယ်။ တချို့ကျတော့ ၅ဝ ရာခိုင်နှုန်း ပါရမယ် ဆိုပြီးသတ်မှတ်ကြတာလည်း ရှိတယ်။ အဲဒီ အပေါ်မှာတော့ အစ်မအနေနဲ့ မှတ်ချက် သိပ်မပေးလိုပါ။ ဒါကြောင့် ၂ဝ၂ဝ မှာပဲဖြစ်ဖြစ် ၂ဝ၂၅ မှာပဲဖြစ်ဖြစ် အမျိုးသမီးတွေပါဝင်မှုကို အစ်မ အင်မတန်မှ လေးစားကြိုဆိုပါတယ်။ မိန်းကလေးတွေ အများကြီး ပါဝင်လာအောင်လည်း အစ်မတို့အနေနဲ့ တိုက်တွန်းပေးရပါမယ်။ ဘာကြောင့် ဆိုလို့ရှိရင် မိန်းကလေးတွေဟာ ယောကျ်ားလေးတွေနဲ့ မတူတဲ့ သဘော ရှိတယ်။ မိန်းမတွေ ပါဝင်တဲ့ အတွက် အလုပ် လုပ်ကိုင်တဲ့ အခါ စေ့စပ်သေချာမှုရှိတယ်။ တွေးခေါ်မြော်မြင်မှုတွေ ပိုပြီးတော့ အားကောင်း လာတယ်။ အစုအဖွဲ့နဲ့ အသင်းအဖွဲ့နဲ့ လုပ်တဲ့ အခါကျတော့ တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှုပေါ့နော်။ နောက်ပြီး အမျိုးသမီးတွေဆိုတာက တစ်ယောက်နဲ့တစ်ယောက်စည်းရုံးမှုအားပိုကောင်းတယ်။ အမျိုးသမီးတွေကမိခင်စိတ် ရှိတဲ့ အခါကျတော့ ပြည်သူ လူထုတွေအပေါ်မှာ အင်မတန်သနား ညှာတာပြီးတော့ အလုပ် လုပ်ကိုင် မှုတွေ ကောင်းတယ်ပေါ့။ စေ့စပ်သေချာမှုနဲ့ အလုပ်လုပ်တဲ့အခါမှာ ပြီးပြည့် အောင်မြင်အောင် လုပ်ဆောင် နိုင်ကြတယ်ပေါ့။ အမျိုးသမီးတွေဟာပေါ့။ အဲဒါကြောင့် နိုင်ငံရေးမှာ အမျိုးသမီးတွေဟာ စီမံခန့်ခွဲမှုတွေတော်တယ်။ ညှှိုနှိုင်းဆောင်ရွက်မှုတွေပေါ့။ အမျိုးသမီးတွေပါဝင်လာတဲ့အတွက် ဒါဟာအင်မတန်ကောင်းတဲ့ အမှတ်အသား တစ်ခုလို့မြင်တယ်။


မေး- အစ်မအနေနဲ့ ရခိုင်ပြည်သူလူထုအတွက် ဘာတွေကို ဘယ်လောက်ထိ လုပ်ပေးနိုင်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကို မျှော်မှန်းထားပါသလဲ။
ဖြေ- အစ်မကတော့ ဘာတွေကို ဘယ်လောက်ထိ လုပ်နို်င်ဖို့ဆိုတာထက် အစွမ်းကုန် လုပ်ကြရမှာပဲ။၏ တောင်ကုတ်မြို့နယ် အတိုင်းအတာနဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ခံတယ် ဆိုတော့ ဒါတစ်ပြည်နယ် လုံးနဲ့လည်း သက်ဆိုင်ပါတယ်။ တောင်ကုတ်မြို့နယ်နဲ့လည်း သက်ဆိုင်ပါတယ်။  ကိုယ့်ကိုယ်ကို အကောင်းဆုံး လုပ်နို်င်မယ်လို့ ထင်ပါတယ်။ အစ်မကတော့ ပြည်သူတွေ ပေးအပ်တဲ့ တာဝန်ကို အပြည့်အဝ ထမ်းဆောင် နိုင်ဖို့ ယုံကြည်ချက်တော့ အစ်မမှာရှိပါတယ်။ တောင်ကုတ်မြို့မှာတော့ လုပ်ပေးရမယ့်ဟာတွေ အများကြီးပဲ။ အဓိက ကျေးလက်ဖွံ့ဖြိုးမှုကို ဦးစားပေးပြီးတော့ လုပ်ပေးရပါမယ်။ မြို့နယ်ဆိုတာက ကျေးလက်ကအခြေခံတာပါ။ကျေးလက် ဒေသ ဖွံ့ဖြိုးနိုင်မှ မြို့နယ် ဖွံ့ဖြိုးပါမယ်။ မြို့နယ်ဖွ့ံဖြိုးမှ ပြည်နယ်။ ပြည်နယ် ပြည်နယ်တွေ ဖွံ့ဖြိုးမှ ပြည်ထောင်စု တစ်ခုလုံး ဖွံ့ဖြိုးလာပါမယ်လေ။ အဲဒါကြောင့် အစ်မတို့က မြို့နယ်တွေမှာ မတိုးတက် မဖွံ့ဖြိုး၊ ပညာရေးကအစပေါ့။ လမ်းပန်းဆက်သွယ်ရေး မတိုးတက်တဲ့ ဟာတွေရော အားလုံးကို ဦးစားပေး လုပ်သွားမယ်။ ကျေးလက်ဒေသဖွံ့ဖြိုးမှ ပြည်ထောင်စုတစ်ခုလုံးဖွံ့ဖြိုးလာပါမယ်။ အစ်မကတော့ အဲလိုယူဆတယ်။


(ပြီး)

ဆက်စပ် သတင်းများ