သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

လွှတ်တော်သုံးရပ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရခိုင်ပြည်နယ်က အမျိုးသမီးလွှတ်တော်ကိုယ်စားလောင်းများရဲ့ အသံ မိုင်စုစုလှိုင်( ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်- တစ်သီးပုဂ္ဂလ)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8k

(အိမ်စိုးဖြူ မေးမြန်းတင်ပြသည်။)
နိရဥ္စရာ၊ စက်တင်ဘာ ၁၆/၂ဝ၂ဝ

လာမယ့် ၂ဝ၂ဝ ပါတီစုံရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က အမျိုးသမီး ကိုယ်စားလှယ်လောင်း( ၃၃)  ဦး ပါဝင်ဖို့ ရှိနေပါတယ်။ အဲဒီအထဲက  ချင်းတိုင်းရင်းသားရေးရာလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မယ့် မိုင်စုစုလှိုင်( ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်- တစ်သီးပုဂ္ဂလ)ကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

 မေး-၂ဝ၂ဝ ပါတီစုံရွေးကောက်ပွဲမှာ ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင် မယ်ဆိုတော့ ဘယ်လိုဝင်ရောက် ယှဉ်ပြိုင်ရမလဲ၊ ပြည်နယ်တစ်ခုလုံးလား၊ ဘယ်လိုပြိုင်ရမယ်ဆိုတာ နည်းနည်း ရှင်းပြပေးပါ။
ဖြေ- ကျွန်မက မိုင်စုစုလှိုင်ဖြစ်ပါတယ်။ မြေပုံဇာတိ ချင်းတိုင်းရင်းသားအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ချင်းတိုင်းရင်းသားရေးရာကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။  ဘယ်နေရာတွေကဝင်ရောက်ယှဉ်ပြိုင်သွားမလဲဆိုရင် ကျွန်မတို့ ချင်းတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်စလုံးမှာ နေထိုင်တဲ့အတွက် မြို့နယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။အစ်မက ချင်းတိုင်းရင်းသားရေးရာနေရာက ဝင်ရောက်ယှဉ်ပြိုင်တာက ချင်းမျိုးနွယ်စုတွေ၊ ဌာနေ တိုင်းရင်းသားတွေ အတွက်  နိုင်ငံရေးမှာ အမျိုးသားတွေချည်း ယှဉ်ပြိုင်တာထက် အမျိုးသမီးရေးရာမှာအမျိုးသမီးကပဲ ထိထိရောက်ရောက်လုပ်ဆောင်နို်င်မယ်ဆိုပြီး ရပ်ရွာလူကြီးတွေ၊ ဌာနေတိုင်းရင်းသားတွေနဲ့တိုင်ပင်ပြီးတော့ ဝင်ပြိုင်တာဖြစ်ပါတယ်။ စစ်တွေတက္ကသိုလ်က LLB နဲ့ ဘွဲ့ယူထားပါတယ်။ အစ်မက မြန်မာနိုင်ငံဌာနေ တိုင်းရင်းသားလူမှုဘဝဖွံ့ဖြိုးရေးအသင်း၍ Founder (၂ဝ၁၆) ဖြစ်သလို အရပ်ဖက် လူမှုအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပင်လုံမှာပေါ့နော် Union  Peace Conference မှာပေါ့နော် ဗဟိုကော်မတီ peace ကိုယ်စားလှယ် တစ်ယောက်လည်းဖြစ်ပါတယ်။ ပြီးလို့ရှိရင် တတိယ ပင်လုံမှာလည်း အရပ်ဖက် လူမှု အဖွဲ့အစည်းအနေနဲ့ ပါဝင်ခဲ့ပါတယ်။ နောက်တစ်ခုကျတော့ ရခိုင်ပြည်နယ်ရဲ့အရေးတွေမှာလည်း တစ်ထောင့် တစ်နေရာကနေ ပါဝင်လှုပ်ရှားပေးနေပါတယ်။ ကိုဗစ်နဲ့ တိုက်ပွဲနဲ့ အခက်ခဲဖြစ်နေတဲ့လူထုတွေကို လူမှု ကယ်ဆယ်ရေးတွေမှာလည်း ပါဝင်လှုပ်ရှားပေးနေပါတယ်။အခုကတော့ ချင်းတိုင်းရင်းသားရေးရာကို တသီးပုဂ္ဂလနဲ့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
 
မေး-လက်ရှိမှာ အစ်မအနေနဲ့ ချင်းတိုင်းရင်းသားရေးရာ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်လေး ကို ပြောပြပေးပါ။
ဖြေ-  အစ်မတို့ ဌာနေတိုင်းရင်းသား၊ အခုဆိုလို့ရှိရင် အစ်မတို့ ချင်းတိုင်းရင်းသားလူမျိုးထဲမှာ ပေါ့နော် ရခိုင်ပြည်ရဲ့အခင်းအကျင်းကို ကြည့်မယ်ဆိုလို့ရှိရင် ပေါ့နော်။ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ပဋ္ဋိပက္ခတွေ ပြင်းထန်နေတဲ့ ကြားထဲမှာအစ်မတို့ ချင်းတို်င်းရင်းသားလူမှုဘဝတွေဟာ အဓိကပြောလို့ရှိရင် ပညာ အားနည်းတယ်၊ အသိပညာအားနည်းတယ်။ စီးပွားရေးအရဆိုလို့ရှိရင် အားနည်းချက်တွေ အများကြီး ရှိတယ်။ သူတို့ရဲ့လူမှုဘဝကို မြှင့်တင်ဖို့ ၊ အနာဂတ်မှာ သာယာလာဖို့အတွက် အဓိက ရည်ရွယ်ပြီးတော့ အစ်မက ချင်းတိုင်းရင်းသားရေးရာ လူမှုဘဝ ငြိမ်းချမ်းဖို့ဆိုပြီး အစ်မရဲ့ Motive မှာရောပေါ့နော်၊ ရေးထားတာ ဖြစ်ပါတယ်လို့။  လူမှုဘဝတွေကို ငြိမ်းချမ်းဖို့ သူတို့မှာနေ့စဉ်ရက်တိုင်း စားဝတ်နေရေးတွေ ပြေလည်ရမယ်။ ပြီးလို့ရှိရင် အခွင့်အလမ်းတွေကိုလည်း သူတို့မှာ ရရှိဖို့ စာပေယဉ်ကျေးမှုတွေကို ထွန်းကားဖို့။ အဲဒီ ဟာတွေကိုပေါ့နော်။ နောက်ပြီးလို့ ရှိရင် တစ်ဖက်မှာဆိုရင် ကျွန်မတို့ ရခိုင်တိုင်းရင်းသားတွေနဲ့လည်း ချစ်ကြည်စွာဖြင့် အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ ဆိုပြီတော့ အစ်မက အဓိက ရည်ရွယ်ပြီးတော့ ဝင်ပြိုင်ရခြင်းဖြစ်တယ်။ နောက်ပြီးလို့ရှိရင် လွှတ်တော်မှာ အမျိုးသမီးထုရဲ့ အသံတွေ ပါဝင်ဖို့။ နောက်ပြီးတော့ ကျွန်မတို့ရခိုင်ပြည်မှာရော မြန်မာနိုင်ငံမှာရော အမျိုးသမီးတွေဟာ လူဦးရေရဲ့ တစ်ဝက်ကျော်ရှိတယ်။ အဲဒီအမျိုးသမီးတွေအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ပြီး လုပ်ဆောင်မယ်ဆိုပြီးလုပ်ခဲ့တာဖြစ်ပါတယ်။
 
မေး- လက်ရှိ ရွေးကောက်ပွဲတွက် ကိုယ်စားလှယ်တွေအနေနဲ့ ကိုဗစ်ကာလနဲ့ အခက်တွေဖြစ်နေတယ်လို့ ကြားသိရတာရှိပါတယ်။ အစ်မအနေနဲ့ရော လက်ရှိမှာ အစ်မအတွက်မဲဆွယ်စည်းရုံးရေးတွေနဲ့ ဘယ်လို နေရာတွေမှာ အခက်ခဲတွေ ရှိနေတာရှိပါလဲ။
ဖြေ- ဟုတ်ပါတယ်။ အခက်ခဲတွေနဲ့ စိန်ခေါ်မှုတွေက အစ်မတို့မှာ ပတ်လည်ဖြစ်နေပါတယ်။ ဘာလို့ ပတ်လည်ဖြစ်နေတာလည်းဆိုတော့အစ်မတို့မှာ အခုထက်ထိ ကိုယ်စားလှယ်ကဒ်ကို မရသေးပါဘူး။ အစ်တို့ကကျတော့ ကဒ်ကို ပြည်နယ်မှာပဲထုတ်ရမယ်။ ပြည်နယ်ကော်မရှင်ရုံးမှာထုတ်ရမယ်။ အဲဒါကော်မရှင်ရုံးမှာ ထုတ်ရမယ်ဆိုတော့ စစ်တွေကို Lockdown လော့ဂ်ဒေါင်းချလိိုက်တယ်။ စစ်တွေကို အဝင်အထွက် မရှိရဆိုပြီးတော့ဖြစ်လာတယ်။ ပြီးလို့ရှိရင် အစ်မတို့က ဆိုလို့ရှိရင် ရခိုင်ပြည်နယ်၊ ပြည်နယ်တစ်ခုလုံးနဲ့ ဆိုင်တဲ့အတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးတွေဆိုလို့ရှိရင် တစ်မြို့ပြီးရင်တစ်မြို့၊ တစ်ရွာပြီးရင် တစ်ရွာ အဲလိုမျိုးသွားနေရတာပါ။ တစ်ခြားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့မတူဘူး။ ပြည်သူ့လွှတ်တော်မှာဆိုလို့ရှိရင် အဲဒီမြို့နယ် မြေပုံမြို့နယ် တစ်ယောက်တည်းမှာ။ အဲဒီမြို့နယ်မှာဆိုလို့ရှိရင် ဆိုရှယ်မီဒီယာတွေ သုံးလို့ရတယ်။ တိုင်းရင်းသားရေးရာလို့ပြောလို့ရှိရင် အစ်မတို့မှာ အင်တာနက်က E အဆင့် ဖြစ်နေတယ်။ ဆိုရှယ်မီဒီယာသုံးလို့မရ။ ပြီးတော့ တစ်ရွာနဲ့တစ်ရွာ ဝင်ထွက်ခွင့်မရ။ ပြီးလို့ရှိရင် အစ်မတို့ရဲ့ သတင်းစကားတွေကို Publice ကိုချပြဖို့အတွက် အစ်မတို့မှာ စိန်ခေါ်မှုတွေအများကြီးကြုံတွေနေရတဲ့အထဲ အစ်မတို့မှာ ကိုဗစ်ကာလနဲ့လည်းသွားလာရေးတွေ အခက်ခဲရှိတယ်။ သွားလာရေးတွေ အခက်ခဲတွေရှိတဲ့ အတွက် ကိုယ်စားလှယ်တွေရဲ့လုပ်ချင်တဲ့ ပန်းတိုင်တွေကိုအစ်မတို့မှာ public ကို ချပြဖို့ မရနိုင်ဖြစ်သွားပါတယ်။ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်တွေက ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးနဲ့ ဆို်င်တဲ့အတွက်ကြောင့် တိုင်းရင်းသားရေးရာ ယှဉ်ပြိုင်မယ့်လူတွေမှာ အမှန်တကယ် စိန်ခေါ်မှုတွေကို ကြုံတွေ့နေရတယ်။ ဘယ်လိုမှ လုပ်လို့မရ။ ဘာတစ်ခုမှ လုပ်လို့မရတဲ့အတွက် မြို့နယ်တစ်မြို့နယ်တည်းမှာ ချင်းရေးရာ ကိုယ်စားလှယ်က သွားရမှာဖြစ်တဲ့အတွက် ကိုဗစ်ကာလမှာ လုဒ်ဒေါင်းချတဲ့ ကိစ္စတွေကို အစ်မတို့မှာ ရင်ဆိုင်ကြုံတွေ့နေရပါတယ်လို့။
မေး- အခုလက်ရှိမှာ အစ်မအနေနဲ့ရွေးကောက်ပွဲတွက် ဘယ်လိုပြင်ဆင်မှုတွေလုပ်နေပြီလဲ။ လုပ်ထားပြီးပြီလဲ။
ဖြေ- အစ်မတို့ကဆိုလို့ရှိရင် အခုဆိုရင် မဲဆွယ် စည်းရုံးရေးစတာ ၁၆ ရက်ရှိသွားပြီပေါ့နော်။ တစ်ခုမှ မလုပ်ရသေးပါဘူး။ အစ်မတို့ ငုတ်တုတ်ပဲ ထိုင်နေရပါသေးတယ်။ အခုကျလို့ရှိရင် နောက်တစ်မြို့ကို သွားဖို့ဆိုလို့ရှိရင် အခုက ရခိုင်ပြည်နယ်မှာ လုဒ်ဒေါင်းတွေ ချထားပါတယ်။ အမှန်အတိုင်းပြောရရင်သွားလို့မရပါ အစ်မတို့မှာ။ ကွာရင်တင်းဝင်လို့ရှိရင် အစ်မတို့မှာ ရက်ပေါင်း ၆ဝ ရှိတဲ့ဟာ ဘာမှ မလုပ်ပါပဲ ကွာရင်းတင်းဝင်ပြီး ထိုင်သာထိုင်နေလိုက်ရပါတော့မယ်။ အဲလိုမျိုးဖြစ်နေတဲ့ အရေးအခင်းကို လည်း ကြုံနေရပါတယ်။ တစ်ခုမှ မလုပ်ရပါဘဲထိုင်နေရပါတယ် အစ်မတို့ဟာ။ အမှန်အတိုင်းပြောရရင် အစ်မတို့မှာ လက်ကမ်း စာစောင် တွေလည်း လက်ထဲမှာ မရောက်နို်င်သေးပါဘူး။ ဗွီနိူင်းတွေလည်း မရောက်နိုင်ပါသေး။ အစ်မတို့ရဲ့ ကမ်ပိန်းမှာ သုံးဖို့ စကားတွေကို ပျံ့နှံ့ဖို့ တစ်ခုမှ သုံးလို့မရသေးပါဘူး။ ဘာလို့ဆို ကားတွေနဲ့ ရန်ကုန်ကချဖို့ ပစ္စည်းတွေ မရောက်နိုင်သေးပါဘူး။ ဘာလို့ဆိုအစ်မတိုမှာ အစ်မက မြေပုံမှာ အခြေချမှာဆိုတော့ မြေပုံကို ရောက်ဖို့ ဆိုတာက အင်မတန်မှ ခက်ခဲတယ်ကားလမ်းက ခက်ခဲတယ်။ အင်တာနက်လည်း E ချည်းပဲရတဲ့ နေရာဖြစ်တဲ့ အတွက် တစ်ခုမှ အကောင်းတဲ့အတွက် သတင်းအချက်အလက်တွေ မရတဲ့နေရာဖြစ်တဲ့အတွက် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ပြင်ဆင်ရမယ့် ဟာတွေကို တစ်ခုမှ ပြင်ဆင်ဖို့မရဖြစ်နေပါတယ်။ အခုအခက်ခဲက ငုတ်တုတ်ပဲထိုင်နေရတာအစ်မတို့မှာက ။ ကွာရန်တင်းဝင်ပြီးတစ်မြို့ကိုသွားရင်လည်း ၁၄ ရက်လောက်ဝင်လိုက်ရင် နောက်တစ်မြို့ကို သွားဖို့ မရတော့ ဘူးအစ်မတို့မှာ။ ဆယ့်ခုနစ်မြို့နယ်လုံးကို သွားရမှာလေ။
 မေး- ရခိုင်ကနေ လွှတ်တော်ထဲမှာ အမျိုးသမီးတွေ အရင်ရွေးကောက်ပွဲတွေထက်ရာခိုင်နှုန်းပိုများများ ဝင်ရောက်ဖို့ ပြင်ဆင်နေတာ တွေ့ရတယ်။ အဲဒီအပေါ်မှာရော အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါလဲ။
ဖြေ- ပြောရမယ်ဆိုရင် လွှတ်တော်သက်တမ်းနှစ်ခုပြီးသွားပြီ။ ဆယ်နှစ်ပြည့်သွားပြီ။  တစ်ဆယ်ကနေ ဆယ့်ငါးနှစ်ဆယ် ထိဆိုရင် ဆယ်နှစ်ဖြစ်သွားပြီ။ အဲဒါကိုအသေချာ ဆန်းစစ်ကြည်လိုက်ရင် အမျိူးသမီး ရဲ့အသံ ၊ အမျိုးသမီးရဲ့အခွင့်အရေး တွေကို လှစ်လှူရှုထားသလိုဖြစ်သွားတယ်။ တကယ့်တကယ် စစ်ပွဲရဲ့ပဋ္ဋိပက္ခထဲမှာ အမျိုးသမီးရဲ့ ကလေးငယ်တွေဟာ အဓိက ဓားစာခံအဖြစ်ခံစားနေရတယ်။ အမျိုးသမီးထုဆိုရင် ရခိုင်ပြည်နယ်မှာ ရှိတဲ့ အမျိုးသမီးထုအားလုံးပါပါတယ်။ အမှန်အတိုင်းပြောတာပါ။ အဲဒီခါကျလို့ရှိရင် စစ်ရဲ့ ဆိုးကျိုးကို အမျိုးသမီးတွေနဲ့ကလေးတွေဟာ သိပ်ခံစားနေရတယ်။ အဲဒီအသံတွေကို အစ်မတွေက လွှတ်တော်ထဲမှာသော်လည်းကောင်း public ထက်မှာသော်လည်းကောင်း ဆိုရှယ်မီဒီယာမှာ သော်လည်းကောင်း အစ်မတို့ဟာပြောခွင့်မရှိ။ အမျိုးသမီးတွေမှာ တာဝန်ခံမှု၊ တာဝန်ယူမှုအရေးတွေကို တစ်ခုမှ လုပ်ဖို့မရ။ တစ်ယောက်ကလည်း လုပ်မပေး၊ ဂရုတောင် မစိုက်တဲ့ အခြေအနေနဲ့ လွှတ်တော် သက်တမ်း ဆယ်နှစ်ဖြစ်သွားပြီ။ အခုဆိုစစ်ရှောင်ဒုက္ခသည်စခန်းမှာသွားကြည့်လိုက် သုံးပုံနှစ်ပုံဟာ အမျိုးသမီးထု ဖြစ်နေပါတယ်။ဒုက္ခတွေကို ခံစားနေရတဲ့ အမျိုးသမီးတွေဖြစ်နေတဲ့ အခါကျလို့ရှိရင် အမျိုးသမီးရဲ့ကိုယ်စား၊ စစ်ရဲ့ဆိုးကျိုးတွေမှာသူတိ်ု့တွေဟာ ဓားစာခံဖြစ်နေတယ်ဆိုပြီး လွှတ်တော်ထဲမှာ အမျိုးသမီးတွေရဲ့ ကဏ္ဍတွေကိုလုပ်ဖို့ အရေးကြီးတယ်ဆိုပြီးအသေအချာလုပ်ဖို့အတွက် အမျိုးသမီးတွေရဲ့အသံတွေ၊ အခက်ခဲတွေကို အစ်မတို့က မရမနေထည့်မှဖြစ်မယ်ဆိုပြီးအစ်မတို့က စိန်ခေါ်မှုများစွာထဲက ပါဝင် ယှဉ်ပြိုင်နေရတာ။ တကယ့်တကယ် ခက်ခဲတယ်။ ပင်ပန်းတယ်။ ကြမ်းတမ်းတယ်။ အခုဆိုရင်စိန်ခေါ်မှု နဖူးတွေ့၊ ဒူးတွေ့ တွေ့နေရတယ်။ ကပ်ကာလကလည်းဖြစ်နေတော့ ။ ဒါပေမဲ့အစ်မတို့က ဘယ်လိုလည်း ဆိုလို့ရှိရင် အမျိုးသမီးတွေကို ကို်ယ်စားပြုပြီးတော့ တစ်ဒေါင့်တစ်နေရာက ပါဝင်နိုင်ရမယ်ဆိုပြီး ရည်ရွယ်ချက်တွေနဲ့ စိတ်နှလုံးခိုင်ခိုင်မာမာနဲ့ အစ်မတို့လွှတ်တော်ထဲမှာ ဝင်ပြိုင်ရတာ ဖြစ်တယ်။
 
မေး-ဖြည့်စွက်ပြောချင်တာတွေရှိပါလားရှင်။
ဖြေ- ဖြည့်စွပ်ပြောချင်တာက အစ်မအရမ်းပဲကျေးဇူးတင်ပါတယ်။ အစ်မတို့ အမျိုးသမီးအသံတွေကို မီဒီယာတွေကိုလည်း ချိတ်ဆက်ပေးပါ။ ဘာဖြစ်လို့လဲဆိုရင် အစ်မတို့ တိုင်းရင်းသားနယ်မြေတွေမှာ အစဉ်အဆက်က အမျိုးသား၊ အမျိုးသားတွေပဲ ဖြစ်လာတဲ့အခါ  အမျိုးသမီးတွေကို မဲပေးမယ့်လူတွေက အမျိုးသမီးတွေရဲ့ အားနည်းချက်တွေကိုပဲ ထောက်ပြနေကြတယ်။ မည်သည့် အမျိုးသမီးဆိုစေကာမှု  သူတို့ရဲ့စိတ်နှလုံးထဲမှာငြိမ်းချမ်းခြင်းကို ကိုယ်စားပြုတဲ့အတွက်  အိမ်ထောင်တစ်အိမ်ထောင်ကိုပဲကြည့်လိုက်ပါ အမျိုးသမီးပါဝင်တဲ့ အိမ်ထောင်တစ်အိမ်ထောင်နဲ့ အမျိုးသမီးမရှိတဲ့ အိမ်ထောင်တစ်အိမ်ထောင်နဲ့ အရမ်းကြီး ကွာခြားပါတယ်။ ဒါကြောင့် အစ်မတို့ပြည်နယ်မှာလည်း အမျိုးသမီးတွေဟာ လွှတ်တော်ထဲမှာ များများ ပါဝင်ဖို့ လိုပါတယ်။ အစ်မတို့ပြည်နယ်၊ အစ်မတို့နိုင်ငံထဲမှာ အမျိုးသမီးရဲ့အသံ ၊ အမျိုးသမီးရဲ့ပါဝင်ခြင်းအားဖြင့်လည်း ငြိမ်းချမ်းခြင်းသို့ အမြန်ဆုံးရောက်ရှိဖို့ဆိုပြီး အစ်မတို့လက်ခံပြီး ယုံကြည်ပါတယ်လို့ ပြောချင်ပါတယ်။
(ပြီး)

ဆက်စပ် သတင်းများ