ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

လွှတ်တော်သုံးရပ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ရခိုင်ပြည်နယ်ကအမျိုးသမီးလွှတ်တော်ကိုယ်စားလောင်းများရဲ့ အသံ သံတွဲမြို့နယ်မဲဆန္ဒနယ်အမှတ်-၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မိမိခိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

(အိမ်စိုးဖြူ မေးမြန်းတင်ပြသည်။)
နိရဥ္စရာ၊ စက်တင်ဘာ ၁၆/၂ဝ၂ဝ


လာမယ့် ၂ဝ၂ဝ ပါတီစုံရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က အမျိုးသမီး ကိုယ်စားလှယ်လောင်း( ၃၃)  ဦး ပါဝင်ဖို့ ရှိနေပါတယ်။ အဲဒီအထဲက ရခိုင်ဦးဆောင်ပါတီ(AFP)ကို ကိုယ်စားပြုပြီး သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ်-၁ ပြည်နယ် လွှတ်တော်နေရာကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဒေါ်မိမိခိုင်ကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။


မေး- အစ်မလာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲကို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အဖြစ်ဝင်ပြိုင်မယ်။ ဝင်ပြိုင်ရတဲ့  ရည်ရွယ်ချက်လေးပြောပြပေးပါ။
ဖြေ- ရွေးကောက်ပွဲဝင်ပြိုင်ရခြင်း ရည်ရွယ်ချက် ဆိုလို့ရှိရင် ကျွန်မတို့ပါတီက သက်တမ်းလည်း နုသေးတယ်။ အဲဒါကြောင့် ကျွန်မတို့ ပါတီအနေနဲ့ သံတွဲမြို့နယ်မှာ ပြည်နယ် ၂ နေရာဘဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ပြည်နယ်လွှတ်တော်ကို ဝင်ရတဲ့ ရည်ရွယ်ချက်ကတော့လေ နိုင်ငံရေးရဲ့ လက်ရှိအခင်းအကျင်းထဲမှာ အမျိုးသမီး ပါဝင်မှုက နိုင်ငံတကာရဲ့ စံညွှန်းအရ ၃ဝ ရာခိုင်နှုန်း ပါဝင်ရမယ်လို့ သတ်မှတ်ထားတဲ့ အတွက် လက်ရှိ အခင်းအကျင်းထဲမှာက ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တွေမှာ သင့်တင့်တဲ့ ရာခိုင်နှုန်းတွေ ရှိနေတယ်။ ပြည်နယ်လွှတ်တော်မှာ အမျိုးသမီး ရာခိုင်နှုန်းက မရှိဖြစ်နေတယ်။ အဲ ဒါကြောင့် ကျွန်မက အချိုးကျကျ ပါဝင်ပေါင်းစပ် စေချင်လို့။ ပြည်နယ်လွှတ်တော် နေရာကို ဝင်ပြိုင်ခြင်းဖြစ်ပါတယ်။


မေး-လက်ရှိမှာ ရွေးကောက်ပွဲတွက် ဘာတွေပြင်ဆင်နေပြီလဲ။ မဲဆွယ်စည်းရုံးမှုတွေရောလုပ်နေပြီလား။
ဖြေ- ကျွန်မက ရွေးကောက်ပွဲကို မဝင်ခင်တုန်းက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း တက်ခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ဝန်ထမ်း စာရင်းစစ်လုပ်ခဲ့တဲ့ လုပ်သက် အနှစ် ၂ဝ ရှိတယ်။ ကိုယ်ကိုယ်တိုင်လည်း စီးပွားရေးတစ်ခုကို အောင်မြင်အောင်လုပ်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ဒီလောက်ဆိုလို့ရှိရင် ယုံကြည်မှု ရှိနိုင်တယ်ဆိုပြီးတော့ ဝင်ပြိုင်ခဲ့တာ။ ကျွန်မ မဲဆွယ် စည်းရုံးတာတွေ လုပ်နေပါပြီ။ ဒါပေမဲ့ ကိုဗစ်နဲ့ စည်းကမ်းထုတ်ထားတဲ့ အတွက် ရွာတွေထဲမှာ လူတွေနဲ့ ဟောပြောပွဲလုပ်လို့မရဘူးပေါ့နော်။ အဲဒီတော့ကျွန်မဟာ ဖေ့စ်ဘုတ်၊ မီဒီယာကို အသုံးပြုပြီးတော့ စည်းရုံး ရတယ်။ ပြီးသွားရင် ကိုယ်တိုင်ရွာတွေကို ဆင်းတဲ့အခါမှာလည်း လက်ကမ်းစာစောင် (Pamphlet) ဝေတယ်။ ကျွန်မရဲ့ အသံနဲ့ ပဲ ကားပေါ်ကနေ ပြည်သူတွေကို အိမ်ကနေ ထိုင်နေခိုင်းပြီး ကျွန်မလမ်းပေါ်ကနေ အသံနဲ့ ဟောပြောရတယ်ပေါ့။

မေး-  အမျိုးသမီးတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဘယ်လိုအခက်ခဲတွေရှိနေလဲ။
ဖြေ- ကျွန်မတို့နိုင်ငံရဲ့ လက်ရှိ အခြေအနေအရ ကျဉ်းမြောင်းတဲ့အမြင်တွေ ရှိတဲ့သူ တချို့ရဲ့ အတိုက်အခိုက် တွေလည်းခံရတယ်။ ကျွန်မကို မဟုတ်ပဲနဲ့ ကျွန်မရဲ့ နိုင်ငံရေး သိက္ခာကို ချပြီးတော့ တိုက်ခိုက်တာမျိုး တွေလည်း ကျွန်မကြုံရတယ်။ ကျွန်မသွားရေးလာရေးကအစ အမျိုးသမီးအဖော်တွေနဲ့သွားရတယ်။ ကျွန်မတွက် စိတ်ချယုံကြည်ရတဲ့ လူတွေကိုလည်း ကျွန်မမှာခေါ်ထားရတယ်။ နောက်ပြီးတော့ ကျွန်မအမျိုးသမီး တစ်ယောက် ဖြစ်တယ်။ ကျွန်မအစစအရာရာ သတိထားပြီးတော့ လုပ်ဆောင်နေရတယ်။ အဲလို သတိ ထားနေရင်းတောင် ကျွန်မကို အမြင်ကျဉ်းမြောင်းမှုတွေနဲ့ တိုက်ခိုက်ခြင်း၊ စော်ကားခြင်း၊ ကျွန်မကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်းတွေနဲ့ ဂုဏ်သိက္ခာပိုင်း တိုက်ခိုက်ခြင်းကိုလည်း ခံနေရပါတယ်။

မေး- အရွေးခံရရင် သံတွဲမြို့နယ်အတွက် ဘယ်လိုအကောင်းဆုံးလုပ်ဆောင်သွားဖို့ ရည်ရွယ်ချက်တွေရှိလဲ။
ဖြေ- ကျွန်မနေတဲ့ ပတ်ဝန်းကျင်၊ ပတ်ဝန်းကျင်ဆိုတာက ကျွန်မက သံတွဲမှာ နေထိုင်တာကို။ ကျွန်မနေထိုင်တဲ့ ပတ်ဝန်းကျင်က လူနေမှုဘဝတွေကို ဖွံ့ဖြိုးတိုးတက်အောင်၊ နောက်တစ်ခုကပြည်သူတွေရဲ့ ဘဝတွေကို အစိုးရနဲ့ ပြည်သူ ရဲ့ကြားထဲမှာ ကျွန်မက ဟန်ချက်ညီညီနဲ့ ဆွေးနွေးနိုင်စွမ်းတွေ၊ တင်ပြနိုင်စွမ်းတွေ အဲလိုမျိုးတွေ လုပ်ပေးချင်တယ်။ ကျွန်မတို့ သံတွဲဒေသဆိုတာ ရခိုင်ပြည်နယ်မှာ တောင်ပိုင်းမြောက်ပိုင်းဆိုတဲ့ ခွဲခြားမှုတွေ မရှိအောင် ကျွန်မက အားလုံးကို တစ်ပြေးညီတည်း ဖြစ်အောင် ကျွန်မကညှိနှိုင်းပေးချင်တယ်။ နောက်တစ်ခုက သံတွဲဒေသက အလုပ်အကိုင်ရှားပါးပြီးတော့ ပညာမသင်ကြားနိုင်တဲ့ ပြည်သူတွေရဲ့ သားသမီး  ကလေးတွေကိုလည်း သူတို့တွေအတွက်အခွင့်အလမ်းတွေကိုလည်း ဖန်တီပေးချင်တယ်။ ပြီးသွားလို့ရှိရင် ကျွန်မတို့ ဒေသတွေမှာ အလုပ်အကိုင်ရှားပါးတဲ့အတွက် ကိုယ့်ဒေသမှာ မနေထိုင်ဘဲနဲ့ တစ်ခြားဒေသတွေကို သွားပြီးတော့ ကိုယ့်ရဲ့လုပ်ခလစာကိုမှီငြမ်းပြီးတော့ မိဘတွေကိုလုပ်ကျွေးနေတဲ့ ကလေးတွေအတွက် သူတို့တွေ အတွက်လည်း ကျွန်မက အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်အောင်ကြိုးစားချင်တယ်။ အဲဒီလိုမျိုး ရည်ရွယ်ချက်တွေနဲ့ကျွန်မဝင်လာတာ။ နောက်ဆုံး ကျွန်မတို့် အမျိုးသမီးတွေအတွက် ကျွန်မတို့ အမျိုးသမီးထုကိုယ်စား လွှတ်တော်ထဲမှာ အမျိုးသမီးအသံ၊ အမျိုးသမီးထုကိုယ်စားတင်ပြဆွေးနွေးခြင်းတွေကို ရချင်လို့ ကျွန်မအမျိုးသမီးတစ်ယောက်အနေနဲ့အခုလိုမျိုးသတ္တိရှိရှိဝင်လာခဲ့တာ ဖြစ်ပါတယ်။

မေး- အစ်အနေနဲ့ဖြည့်စွက်ပြောချင်တာရှိပါလား။ ပြောပေးပါ။
ဖြေ- တကူးတကတော့ မရှိပါဘူး။ ကျွန်မပြောချင်တာကတော့ ကျွန်မတို့ အမျိုးသမီးတွေဆိုတာ နိုင်ငံရေးထဲကို ရောက်လာဖို့ဆိုတာ ခက်ခက်ခဲခဲနဲ့ရောက်လာခဲ့ရတာပါ။ အမျိုးသားတွေနဲ့မတူပါဘူး။ အမျိုးသမီးတွေက အိမ်မှုကိစ္စတွေ၊ တာဝန်တွေအထွေထွေအဲလိုမျိုး များပြားတဲ့အထဲကနေပြီးတော့ ခက်ခက်ခဲခဲနဲ့ နိုင်ငံရေး စိတ်တစ်ခုတည်းနဲ့ ကိုယ်တတ်သိတဲ့ပညာတွေ၊ သိထားတဲ့အသိတွေနဲ့ ကျွန်မကပြည်သူတွေကို တတ်နိုင် သလောက်စိတ်နဲ့လုပ်ပေးချင်တဲ့စိတ်နဲ့ကျွန်မက ဝင်လာပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အမျိုးသမီးတွေကို တိုက်ခိုက်မှုတွေနဲ့လုပ်လို့ရှိရင် တစ်ခြားအမျိုးသမီးတွေကို လက်တွဲခေါ်ဖို့အတွက် ခဲယဉ်းပါလိမ့်မယ်။ ဒါကြောင့် မျိုးဆက်သစ်လူငယ်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို ယုံကြည်မှုတွေ မရှိအောင်၊ ဒီလိုအမျိုးသမီးတွေ ဝင်လာရင် ဒီလိုတိုက်ခိုက်ခံရတယ်ဆိုပြီး ဖြစ်လို့ရှိရင် သူတို့တွေက ပါဝင် မလာချင်တော့ဘူး။ ဒါကြောင့် ကျွန်မတို့က အမျိုးသမီးတွေ ရာခိုင်နှုန်းအပြည့် ပါဝင်လာအောင် အမျိုးသမီးတွေကို တိုက်ခိုက်တာတွေ၊ ဂုဏ်သိက္ခာပိုင်း တိုက်ခိုက်စော်ကား တာတွေကို မလုပ်ကြရင်တော့ ကောင်းမှာပဲလို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။


(ပြီး)

ဆက်စပ် သတင်းများ