ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ၏ မဲဆွယ်စည်းရုံးရေးမိန့်ခွန်း ဆင်ဆာဖြတ်တောက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၅/ ၂ဝ၂ဝ

ရခိုင်အမျိုးသားပါတီ (ANP)၏ နိုင်ငံပိုင်မီဒီယာများမှ ထုတ်လွှင့်ခဲ့သည့် မဲဆွယ်စည်းရုံးရေးမိန့်ခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တောက်ခဲ့သည်ဟု သတင်းရရှိသည်။

ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက “ ကျွန်တော်တို့ ဆင်ဆာဖြတ်ခံလိုက်ရတဲ့ အချက်တွေက အခု ရခိုင်မှာ လက်ရှိ ဘေးဒုက္ခတွေ ခံစားနေရတဲ့ ကြားထဲက မဲပေးရမှာဖြစ်တဲ့အတွက် စိတ်ပျက်မှုတွေ၊ နာကျည်းမှုတွေ၊ ဆုံးဖြတ်ရခက်ခဲမှုတွေ ဝေဝါးမှုရှိမှာကို ပါတီအနေနဲ့ နားလည်သဘောပေါက်တယ်ဆိုတဲ့အချက်ရယ်။ ရခိုင်ပြည်မှာ ရခိုင်အမျိုးသားပါတီဟာ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းက အများစုအနိုင်ရထားပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့် မရခဲ့ဘူး ဆိုတဲ့ အချက်ရယ်။ ခေတ်အဆက်ဆက်မှာ ရခိုင်လူမျိုးတွေ ဆုံးရှုံးနေတဲ့ အမျိုးသား အခွင့်အာဏာကို နည်းပေါင်းစုံနဲ့ ကြိုးစားဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အချက်တွေကို ပယ်လိုက်တယ်။ ပြီးတော့ ရခိုင်မှာ အခု ဖြစ်နေတဲ့ ပြည်တွင်းစစ်ဆိုတာကို သူတို့က ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခဆိုတဲ့ ပြင်ဆင်မှုပေးတယ်။ အဓိကကတော့ တခြားဝေါဟာရ အတိုအစလေးတွေလည်း ဖြတ်တောက်ခံလိုက်ရတာ ရှိပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ယခုကဲ့သို့ နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် နိုင်ငံရေးပါတီများက ထုတ်လွှင့်နေသည့် မဲဆွယ်စည်းရုံးရေး မိန့်ခွန်းဟောပြောမှုများကို ဆင်ဆာဖြတ်တောက်နေမှုသည် ဒီမိုကရေစီသို့ ချီတက်နေသည့် နိုင်ငံတစ်ခု အတွက် ကောင်းသော လက္ခဏာ တစ်ရပ် မဟုတ်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

 “ ဒီဆင်ဆာဖြတ်တောက်မှုဟာ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးရာရောက်နေပါတယ်။  ဒီလုပ်ရပ်က နိုင်ငံရဲ့ အနာဂတ် နိုင်ငံရေး အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ နိုင်ငံရေးအရ ဖြေလျော့မှုကို လုပ်ရမယ့်အချိန်မှာ ပြည်သူ့ အစိုးရ ဖြစ်တယ်လို့ ကြေငြာထားတဲ့ အစိုးရက ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က  တားမြစ် ကန့်သတ်မှုတွေ လုပ်နေတာဟာ မသင့်တော်ဘူး။ အဲဒီလို အချိန်မှာတောင်မှ ဒီရုပ်မြင်သံကြားက ၁၅ မိနစ်စာ ဟောပြောခွင့်ကိုတောင်မှ ဒီလောက်ထိ စည်းမျဉ်းစည်းကမ်းနဲ့ တင်းတင်းကျပ်ကျပ် လုပ်နေတာဟာ ဒီမိုကရေစီကို သွားနေတဲ့ နိုင်ငံရေးတစ်ခုအတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး” ဟု သုံးသပ် ပြောဆိုသည်။

နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ဟောပြောရာတွင် တခြားနိုင်ငံရေးပါတီတချို့လည်း ထိုကဲ့သို့ ဖြတ်တောက် ခံရမှုများ ရှိနေပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၎င်းတို့၏ မိန့်ခွန်းပါ အကြောင်းအရာတချို့ ဖြတ်တောက်ခံခဲ့ရသည့်အတွက် လက်မခံဟုဆိုကာ နိုင်ငံပိုင်ရုပ်သံက ဟောပြောမည့်အစီစဉ်တွင် ပါဝင်မှုကို ရုတ်သိမ်းသွားခဲ့သည်။

ရခိုင်အမျိုးသားပါတီ (ANP)သည် ၎င်း၏ ဆင်ဆာ ဖြတ်တောက်ခံထားရသည့် မိန့်ခွန်းကို ယမန်နေ့ စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၇ နာရီအချိန်တွင် နိုင်ငံပိုင်ရုပ်သံများနှင့် ရေဒီယိုများက ၁၅ မိနစ်ခန့် ထုတ်လွှင့်ခဲ့သည်။

“ အခုအချိန်က မဲဆွယ်စည်းရုံးရေးကာလဖြစ်နေတယ်။ နယ်တွေက ရခိုင်ပြည်သူတွေက လတ်တလောမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာမှမသိရဘဲ ဖြစ်နေတယ်။ တချို့ မြို့နယ်တွေမှာ အင်တာနက်လည်းမရှိဘူး။ အဲဒါကြောင့် တချို့ အချက်အလက်တွေကို  ဖြတ်တောက်ပေမယ့် လုံးဝမသိတာထက်စာရင်၊ နည်းနည်းလေး သိရင်လည်း အကျိုးကျေးဇူးဖြစ်နိုင်တယ်လို့ ယူဆတဲ့အတွက် ဆင်ဆာဖြတ်ပေမယ့် အခုလို ရုပ်မြင်သံကြားက ထုတ်လွှင့် ခဲ့ရတာဖြစ်ပါတယ်” ဟု ဆင်ဆာဖြတ်တောက်ထားသော မိန့်ခွန်းကို ထုတ်လွှင့်ရမှုနှင့် ပတ်သက်ပြီး  ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ဆက်လက် ပြောဆိုသည်။

ရွေးကောက်ပွဲအတွက် နိုင်ငံပိုင်ရုပ်သံများကတစ်ဆင့် ပြည်သူကို ဟောပြောတင်ပြမည့် နိုင်ငံရေး ပါတီများ၏ ပါတီမူဝါဒ၊ မိန့်ခွန်းပါအကြောင်းအရာများကို လိုအပ်လျှင် ပြင်ဆင်ရေးသားပြီး ခွင့်ပြုမိန့် ထုတ်ပြန်ခြင်းကို ဆောင်ရွက်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂၃ ရက်နေ့မှာ ထုတ်ပြန် အသိပေးခဲ့သည်။

အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာမှုမရှိသည့် ဟောပြောမှုများ၊ နိုင်ငံတော် ဂုဏ်သိက္ခာ ထိပါးစေသည့် ဟောပြောမှုများ၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပေါ်စေမည့် ဟောပြောမှုများအပါအဝင် အချက် ၉ ချက်ကို လိုက်နာဆောင်ရွက်ဟောပြောကြရန် ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ဆက်စပ် သတင်းများ