အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီ မဲဆွယ်စည်းရုံးရေး လူထုစိတ်ဝင်စားမှုမြင့်မား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 508

အိ်မ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၄/၂ဝ၂ဝ

မြန်မာရွေးကောက်ပွဲ သက်တမ်းတစ်လျှောက်တွင် ရခိုင်နိုင်ငံရေးပါတီများ တစ်ခါမှ အနိုင်မရရှိခဲ့သည့် မာန်အောင်မြို့နယ်တွင် နိုဝင်ဘာ ၃ ရက်နေ့က ရခိုင်အမျိုးသားပါတီ(ANP)၏ အင်အားပြ မဲဆွယ်စည်းရုံး ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ထောင်နှင့်ချီပါဝင်ခဲ့ပြီး အများပြည်သူ၏ စိတ်ဝင်စားမှုမှာလည်း ယခင်ကာလ များထက် ပိုမိုမြင့်တက်ခဲ့သည်ဟု  မာန်အောင်မြို့နယ် ANP ပါတီအတွင်းရေးမှူး ဦးဝင်းနိုင်ဦးက ပြောသည်။

“ ဒီတစ်ခေါက် ရွေးကောက်ပွဲမှာ အရင်ကထက် ကျနော်တို့ပါတီကို အများကြီး ထောက်ခံသူများလာတယ်။ ဒီလို မဲဆွယ်စည်းရုံးရေး အရင်က တစ်ခါမှ မလုပ်နိုင်ခဲ့့ဘူး။ မာန်အောင်မြို့နယ်မှာ ရခိုင်အမျိုးသားပါတီကို ထောက်ခံတဲ့လူ ကိုးဆယ်ရာခိုင်နှုန်းကျော်လောက်ထိ ရှိလာတယ်။ ဒေသခံပြည်သူ  တစ်သောင်းလောက် လာရောက် ဝိိုင်းရံကြတယ်။ နယ်ကလူတွေလည်းတက်လာပြီး အင်အားပြရာမှာ ပါလာကြတယ်။ ဒါဟာ အလွန်ထူးခြားတဲ့ လူထုပူးပေါင်း ပါဝင်မှုပါ” ဟု ၎င်းက ပြောသည်။

ယမန်နေ့ နံနက် ၁၁ နာရီခန့်က ငအမ်းရွာဘောလုံးကွင်းမှ စတင်၍  ပိုစတာများ၊ ဆိုင်းဘုတ်များ ချိတ်ဆွဲ ထားသည့် အင်အားပြ ကားများ၊ ဆိုင်ကယ်များဖြင့် မဲဆွယ်စည်းရုံးရေး ယာဉ်တန်းထွက်ခွာခဲ့ရာ လူပေါင်း ထောင်နှင့်ချီပြီး ပူးပေါင်း ပါဝင်ခဲ့ကြသည်။ မာန်အောင်ကျွန်း တစ်ပတ်လှည့်လည်ပြီး  မဲဆွယ်စည်းရုံးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

မာန်အောင်မြို့နယ်တွင် ၂ဝ၁ဝ ခုနစ်နှင့် ၂ဝ၁၅ ခုနစ် ရွေးကောက်ပွဲများတွင် ရခိုင်အမျိုးသားပါတီကို ထောက်ခံသူအင်အားမရှိခဲ့ကြောင်း၊ ယခုနှစ်တွင် အားရစရာကောင်းအောင် ပါဝင်လာသဖြင့် မဲဆန္ဒရှင် ပြည်သူများအား ကျေးဇူးတင်မိကြောင်း သူကဆက်ပြောသည်။

မာန်အောင်မြို့နယ်တွင် မြို့ပေါ် ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၄၆ စု ရှိပြီး မဲပေးနိုင်သူ ၅၅၅၆၆ ဦးရှိသည်။ မာန်အောင်မြို့နယ်သည် တစ်ခြားမြို့နယ် ၃ ခု ဖြစ်သည် ရမ်းဗြဲ၊ သံတွဲနှင့် ဂွမြို့နယ်တို့နှင့် အတူ တစ်မြို့နယ်လုံး ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် ဖြစ်သည်။

၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ပြည်မအခြေစိုက် ပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့ပြီး အမျိုးသားလွှတ်တော်တွင် ရခိုင်အမျိုးသားပါတီ (ANP) အနိုင်ရရှိခဲ့သည်။

ရခိုင်နိုင်ငံရေးလောကမှ ထင်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သူ ယင်းအချိန်က ANP ပါတီဥက္ကဋ္ဌ ဖြစ်သည့်  ဒေါက်တာအေးမောင်သည် ၂ဝ၁၅ ရွေးကောက်ပွဲတွင် မာန်အောင်မြို့နယ်၌ ပြည်နယ်လွှတ်တော်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ရာ NLD ရှုံးနိမ်ခဲ့သည်။

၂ဝ၂ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီများမှာ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ပြည်မအခြေစိုက် ပါတီ နှစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီ (USDP) တို့ ဖြစ်ကြသည်။

ဆက်စပ် သတင်းများ