ပလက်ဝမြို့နယ်တွင် ရှေးဟောင်းဘုရားဦးတော်တွေ့ရှိ


နောင်ခိုင်အောင်
နိရဥ္စရာ၊ ဇန်နဝါရီ၊ ၂၄/ ၂ဝ၂ဝ
 
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ကုလားတန်မြစ်ထဲမှ ရှေးဟောင်း ဘုရားဆင်းတုတော် တစ်ဆူ၏ ဦးတော်ကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု သတင်း ရရှိသည်။

၎င်းရှေးဟောင်းဘုရား ဦးတော်ကို ဇန်နဝါရီ ၂ဝ ရက်နေ့က ဥဿလင်းဘုရား စေတီတောင် ခြေရင်းတွင်ရှိသည့် စေတီပြင်ကျေးရွာဆိပ်ကမ်းအနီး ကုလားတန်မြစ်ထဲတွင် ပိုက်ကွန်ဖြင့် ငါးရှာ နေသည့် အသက် ၁၅ အရွယ် မောင်ကျော်ဝေဌေးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဘုရားဂေါပက ကပြောသည်။

“အဲဒီဘုရားဆင်းတုတော်ကို မောင်ကျော်ဝေဌေးက စတွေ့တာပါ။ ရွာနားက မြစ်ထဲမှာ ငါးရှာ နေတုန်းမှာ ပိုက်နဲ့ချိတ်မိတဲ့အတွက် ဘာလဲမသိဘူးဆိုပြီး ရွာကလူတွေကိုလာပြောလို့ သွားကြည့် လိုက်တော့ ရှေးဟောင်းဘုရား ဦးတော် ဖြစ်နေတာကိုတွေ့ရပါတယ်” ဟု စေတီပြင်ကျေးရွာသား ဥဿလင်း ဘုရားဂေါပက ဦးမောင်စိန်သာက ပြောသည်။
 
အဆိုပါ ဘုရားရုပ်တုတော်ကို စတင်တွေ့ရှိသည့် ဇန်နဝါရီလ ၂ဝ ရက်နေ့မှစ၍ ယနေ့အချိန်ထိ တူးဖော်နေဆဲဖြစ်သောကြောင့် ဘုရား၏ဥာဏ်တော်အမြင့်နဲ့ သမိုင်းကိုတိတိကျကျ မှတ်တမ်း တင်နိုင်ခြင်း မရှိသေးကြောင်း ဦးမောင်စိန်သာက ပြောသည်။

“ဘုရားဆင်းတုတော်ကိုတော့ အခုချိန်ထိ တူးဖော်နေတုန်းပါ။ လောလောဆယ်တော့ ဘုရား ဦးတော်နဲ့ ပေါင်တော်နှစ်ခုပဲရပါသေးတယ်။ ဘုရားဆင်တုတော်ရဲ့ကိုယ်ထည်ကိုရဖို့အတွက် တူးပြီး ရှာနေကြပါတယ်။ ဇန်နဝါရီလ ၂၆ ရက်နေ့အထိလောက် တူးဖော်ရှာဖွေ သွားဖို့ရှိပါတယ်။ ပြီးရင်တော့ ဥဿလင်းဘုရားတောင်ပေါ်ကို ပင့်ပြီး ပူဇော်သွားဖို့ရှိပါတယ်” ဟု စေတီပြင်ကျေးရွာမှ ဥဿလင်းဘုရားဂေါပက ဦးမောင်စိန်သာက ပြောသည်။

ယခုဘုရားဆင်းတုတော်တွေ့ရှိသည့်မြစ်ကမ်းဘေးနှင့် ကိုက် ၅ဝ ကျော်အကွာတွင် ယခင် ၂ဝဝ၇ ခုနှစ်က ဘုရားပလ္လင်တော်တစ်ခု တွေ့ရှိခဲ့ဖူးကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အဆိုပါ ဘုရားပလ္လင်တွင် စင်္ကြာမုနိဘုရားဆင်းတုတော်မြတ်တစ်ဆူကို သွန်းလုပ်ပူဇော် ထားသည်ဟု သိရသည်။

-----------------------------------

Unicode:

 
နိရဉ်စရာ၊ ဇနျနဝါရီ၊ ၂၄/ ၂ဝ၂ဝ
 


 




Share: