ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အမ်းမြို့ ပဲပဒုံစစ်ဘေးရှောင်စခန်းတွင် အိမ်သာကျင်းတူးရာမှ နှစ်ပေါင်း ၁၅၈ နှစ်သက်တန်းရှိ ငွေဒင်္ဂါးပြားများတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 4.4k

အိမ်စိုးဖြူ

နိရဥ္စရာ၊ သြဂုတ် ၁၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ပဲပဒုံစစ်ဘေးရှောင်စခန်းတွင် ယနေ့နံနက်က အိမ်သာကျင်းတူးရာမှ နှစ်ပေါင်း ၁၅၈ နှစ်သက်တန်းရှိ ငွေဒင်္ဂါးပြားများ တူးဖော်ရမိကြောင်းသိရသည်။

နှစ်ပေါင်း ၁၅၈ နှစ်မှ ၁ဝ၁ နှစ် သက်တန်းရှိသည့် အိန္ဒိယနိုင်ငံသုံး ONE RUPEE INDIA တံဆိပ်ပါ ဒင်္ဂါးပြား  ၃၄ ပြားအား တူးဖော်ရရှိခြင်းဖြစ်ကြောင်း ပဲပဒုံစခန်း တာဝန်ခံတစ်ဦးဖြစ်သူ ကိုမျိုးနိုင်ထွန်း   က နိရဥ္စရာသတင်းဌာနအားပြောသည်။

“ ကျွန်တော်တို့စခန်းက လူတွေ အိမ်သာကျင်းတူးတဲ့အချိန်မှာ ပုလင်းကွဲတစ်လုံးနဲ့အတူ တွေ့တာ။ ရှေးဟောင်းဒင်္ဂါးပြားတွေမို့လို့ ကျွန်တော်တို့ ထွေအုပ်ရုံးက တာဝန်ရှိသူတွေဆီကို ဒီမနက်ကပဲ လွှဲပြောင်း ပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရူဘီငွေဒင်္ဂါးတွေပါ။ အခုပေါက်စျေးငွေနဲ့တွက်ရင်တော့ ဘယ်လောက်မှ မရှိပေမဲ့ နှစ်ပေါင်း တစ်ရာကျော်ကြာသက်တမ်းရှိနေပြီးဖြစ်တဲ့အတွက် ရှေးဟောင်းပစ္စည်းထိမ်းသိမ်းရေးအဖွဲ့တွေအတွက် အသုံးဝင်မယ်ထင်ပါတယ်။”ဟုပြောသည်။

အိန္ဒိယ ရူဘီငွေဒင်္ဂါးများဖြစ်ကာ ရှေးဟောင်းယဉ်ကျေးမှုကိုတင်ပြနိုင်ရန် သက်ဆိုင်ရာကို ကြေးနန်း ပို့ထားကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။

“ ကျွန်တော်တို့ကတော့ သွားပြီး လက်ခံယူထားပါတယ်။ သက်ဆိုင်ရာကို ကြေးနန်းပို့ထားပါတယ်။ ရှေးဟောင်းယဉ်ကျေးမှုကို သက်ဆိုင်ရာကပဲပို့ပေးပါလိမ့်မယ်။” ဟု သူကပြောသည်။

ရှေးဟောင်းပစ္စည်းဖြစ်သည့်အတွက်တန်ဖိုးထား၍ အပ်နှံလာသည့်အတွက် ထိမ်းသိမ်းထားခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

၄င်းငွေဒင်္ဂါးပြားများမှာ ၁၈၆၂(၁)ခု၊ ၁၈၆၅(၁)ခု၊ ၁၈၈၉(၁)ခု၊ ၁၉ဝ၄(၂)ခု၊ ၁၉ဝ၅(၁)ခု၊ ၁၉ဝ၆(၁)ခု၊ ၁၉ဝ၇(၁)ခု၊ ၁၉၁၃(၄)ခု၊ ၁၉၁၆(၅)ခု၊ ၁၉၁၇(၅)ခု၊ ၁၉၁၈(၅)ခု၊ ၁၉၁၉(၇)ခု၊ စုစုပေါင်း ၃၄ ပြားတို့ဖြစ်ကြောင်း အမ်းမြို့နယ် ပြန်/ ဆက်မှ ထုတ်ပြန်ထားသည်။


ဆက်စပ် သတင်းများ