စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရမ်းဗြဲ၊ကန်ဒိုင်းတိုက်နယ် နားမွေးတော်ဓာတ်ရှေးဟောင်းဘုရားပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 1.8k

အောင်လင်းထွန်း၊ ချစ်အိလှိုင်
နိရဉ္စရာ၊ ၂၀ ဧပြီ ၂ဝ၂၁
နှစ်စဉ် နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပလေ့ရှိသည့် ရမ်းဗြဲမြို့နယ် ကန်ဒိုင်းတိုက်နယ်၊ အတွင်းပြင် ကျေးရွာရှိ မိဖုရားစောမဲကျီ တည်ထားကိုးကွယ်ခဲ့သည့် နားမွေးတော်ဓာတ် ရှေးဟောင်းစေတီ ဘုရားပွဲကို ဧပြီလ ၁၇ ရက်နေ့က ကျင်းပရာ လူသောင်းနှင့်ချီ၍ လာရောက် ပူဇော်ခဲ့ကြသည်ဟု သတင်းရရှိသည်။
၄င်းကန်ဒိုင်းတိုက်နယ်တွင် အတွင်းပြင်၊ တောင်ရွာ၊ မီးကျောင်းတက်၊ ကညင်ကောက်၊ သပြေကျွန်း၊ အချိန်ပြင်၊ မျက်ချောင်း၊ လောင်းချိန်၊ စည်ရင်း၊ တောင်ရင်း၊ အချောင်ပြင်၊ ကုန်ဘောင်နှင့် လေးတောင်ချောင်းကျေးရွာ ၁၃ ရွာရှိရာ ကျေးရွာအသီးသီးမှ အမျိုးသမီးများမှ ရခိုင်ရိုးရာ ယဉ်ကျေးမှု အဝတ်အစားများကို ကျေးရွာအလိုက် ဆင်တူဝတ်ဆင်ပြီး ညီညာစီတန်းကာ ဘုရားကိုလှည့်လည်၍ ပူဇော်ကန်တော့ခဲ့ကြသည်ဟု သိရသည်။
ထိုသို့ ပူဇော်ရာတွင် အမျိုးသမီးများနှင့် အတူ အမျိုးသားများကလည်း အိုးစည်ဗုံမောင်းများတီးကာ ကခုန်လိုက်ပါခဲ့ကြသည်ဟု ဆိုသည်။
၄င်းဘုရားပွဲတော်ကို ကျင်းပခဲ့သည်မှာ နှစ်ပေါင်း၁ဝဝ ခန့်ထက်မနည်းရှိပြီဖြစ်ကြောင်း၊ မိဖုရားစောမဲကျီ၏ မွေးရပ်မြေဖြစ်သည့်အတွက် ထင်ရှားသည့် ဘုရားပွဲဖြစ်ကြောင်း ဘုရားဂေါပက ဥက္ကဋ္ဌ ဦးဘတင်ကပြောသည်။
“ ဦးလေးတို့မမွေးခင်၊ ဟိုးကတည်းကနေ ဒီနေ့အချိန်ထိ ဒီပွဲက နှစ်တိုင်းကျင်းပတယ်။ ဒီနှစ်လည်း ရမ်းဗြဲမြို့တစ်ခုလုံးက လူတွေရောက်တယ်။ သုံးသောင်းနီးပါးရောက်တယ်။ ညနေပိုင်း ဇာတ်သဘင်နဲ့ဆိုတော့ အတော်စည်တယ်။ မိဖုရားစောမဲကျီရဲ့မွေးရပ်မြေဆိုတော့ သူတည်ထားတဲ့ ဘုရားတွေက ရမ်းဗြဲကျွန်းမှာ အတော်များတယ်။ ဒီဘုရားလည်း ရှေးဟောင်းစေတီပဲ။” ဟုပြောသည်။
ဘုရားပွဲသို့ ရမ်းဗြဲမြို့နယ်တစ်ခုတည်းက ပြည်သူများသာမက ကျောက်ဖြူမြို့နယ်နှင့် အမ်း၊ မအီမြို့တို့မှ ဘုရားဖူးဧည့်သည်များလည်း လာရောက်ခဲ့ကြသည်ဟု ၄င်းက ပြောသည်။
မိဖုရားစောမဲကျီမှာ ရခိုင်ဘုရင်မင်းဘာကြီး၏ မိဖုရားဖြစ်ကာ ပတ္တမြားဒေဝီစောမဲကျီဟု သမိုင်းတွင် လူသိထင်ရှားသည့် မိဖုရားတစ်ပါးဖြစ်သည်။ ၄င်း နားမွေးတော်ဓာတ်စေတီကို သက္ကရာဇ် ၈၇၅ ခုနစ်က မိဖုရားစောမဲကျီက တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရသိရသည်။
ဆရာတော် အသောကာရာမ၏ လူမှုကွန်ယက်စာမျက်နာတွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ နယ်၊ ကန်ဒိုင်းနယ် နားမွေးတော်စေတီ ဘုရားပွဲ ကို နှစ်ဆန်းတရက်နေ့တွင် ရှေးအစဥ်အလာ မပျက် ကျင်းပကြကြောင်း၊ ဘုရားပွဲကို နယ်သူနယ်သားများ ပြုလုပ်လာခဲ့သည်မှာ နှစ်ပေါင်းရာချီ ရှိနေပြီဖြစ်ကာ ဘုရားပူဇော်ပွဲတော်ကို ယနေ့တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြကြောင်း ဖော်ပြထားသည်။
ပတ္တမြားဒေဝီ မိဖုရား စောမဲကျီ သည် အိန္ဒိယမှ ဓါတ်တော်များ ရရှိသဖြင့် အဓိဋ္ဌာန်ပြုလိုက်သောအခါ ဓါတ်တော်သည် နာမွေးတော်ဟုသိရ၍ ဘုရားဓါတ်တော် နားမွေးတော်ကို ဌာပနာပြု တည်ထားခဲ့သောကြောင့် နားမွေးတော်စေတီ ဟု ထင်ရှား လူသိများလေသည်၊ ဓါတ်တော်ကွန့်မြူးသဖြင့် တန်ခိုးကြီးဘုရား တစ်ဆူပင်ဖြစ်ကြောင်းဖြင့်လည်း ရေးသား ဖော်ပြထားသည်။

ဆက်စပ် သတင်းများ