ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့ မိဇံရပ်ကွက် ပြည်သူများ အသုံးပြုမြေနေရာကို ခြံခတ်ရာမှ မြို့လူထုအကြား မကျေနပ်မှုများပေါ်ပေါက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 9.3k

ချစ်အိလှိုင်၊ ထွန်းခိုင်(တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ ပြည်သူများ အသုံးပြုနေသော အများပိုင်မြေနေရာတစ်ခုကို ပုဂ္ဂလိကပိုင် ခြံခတ်ရာမှ စစ်တွေမြို့လူထုအကြား မကျေနပ်မှုနှင့်  အငြင်းပွားမှုများ ပေါ်ပေါက်နေကြောင်း သတင်းရရှိသည်။

ယင်း ပြဿနာမှာ ပေ ၁ဝဝ ပတ်လည်ခန့်ရှိသော မိဇံရပ်ကွက်၊ ဧစေတီအနီး မြေနေရာ တစ်ခုအား  ဇန်နဝါရီ  ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ကိုယ်တိုင် လာရောက်ပြီး ဘုရားတည်ရန် လှူဒါန်းခဲ့ပြီးနောက် ယင်း အငြင်းပွားမှု စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်မှ ၎င်းမြေနေရာအား စေတနာသန့်သန့်ဖြင့် လာရောက် လှူဒါန်းပြီးနောက်  ၎င်းမြေတွင် ပိုင်ရှင်ရှိသည်ဟုဆိုကာ ပြောဆိုရာမှ ပြဿနာ စတင်ခဲ့သည်ဟု မြို့ခံလူကြီးများက ပြောသည်။

ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က “ဘုရားတစ်ဆူတည်ဖို့ မြေကွက်ကို ကျနော်တို့က ဝန်ကြီးချုပ်ကို လျှောက်ထားတာ ကြာပါပြီ။ ဒီလ ၂၂ ရက်နေ့ ဗုဒ္ဓဟူးနေ့က ဝန်ကြီးချုပ် ကိုယ်တိုင်လာရောက်ပြီး မြေနေရာသတ်မှတ်ပေးခဲ့တယ်။ မြို့နယ်၊ ခရိုင်၊ ထွေအုပ်၊ မြေစာရင်းအပါအဝင် အားလုံးလာပြီးတော့ မြေနေရာကို သတ်မှတ် လှူဒါန်းသွားပါတယ် ”ဟု နိရဥ္စရာ သတင်းဌာနသို့  ပြောသည်။

၎င်းနောက် ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်မှ ဝန်ကြီးချုပ် ဦးညီပုပေးခဲ့သည့်မြေမှာ ဦးအောင်ကျော်ဇံဆိုသူ ပိုင်ဆိုင်သော မြေသာ ဖြစ်ကြောင်း   ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့က အစည်းဝေးခေါ်ယူကာ ရှင်းပြခဲ့သည်ဟု ဆိုသည်။

၎င်းမြေကွက်မှာ ပြည်နယ်အစိုးရမှ ဦးအောင်ကျော်ဇံဆိုသူအား အစားထိုး ချပေး ထားသော မြေဖြစ်ကြောင်း၊ စစ်တွေမြို့ စက်မှုရပ်ကွက်ရှိ ဦးအောင်ကျော်ဇံ ပိုင်ဆိုင်သည့် မြေနေရာတွင် အစိုးရမှ အထက်တန်းကျောင်း ဆောက်လုပ်ခဲ့သဖြင့်  ညှိနှိုင်းပြီး ဧစေတီအနီးမှ မြေ ၁ ဧကခွဲကို ၂ဝ၁၈ ခုနှစ်က အစားထိုး ပေးအပ်ခဲ့သည့် မြေဖြစ်သည်ဟု ဆိုသည်။

ဦးအောင်ကျော်ဇံ ပိုင်ဆိုသည်ဟု ဆိုသည့် မြေအား ဘုရားတည်ရန် လှူဒါန်းလိုက်ပြီးနောက် အများပြည်သူများ အသုံးပြုနေသည့် မိဇံရပ်ကွက်ရှိ မြေအား ဦးအောင်ကျော်ဇံအား အစားထိုးပေးခဲ့သဖြင့် ဖေဖော်ဝါရီ ၈ ရက်နေ့က ၎င်းနေရာကို ခြံခတ်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ မြေကွက်ကို ခြံခတ်ခြင်း အပေါ် အများပြည်သူပိုင် မြေကွက်ကို တစ်ဦးတစ်ယောက်ကို လွဲပေးခဲ့ခြင်း ဖြစ်သဖြင့်  စစ်တွေမြို့မိ၊ မြို့ဖအဖွဲ့မှ မကျေနပ်သဖြင့် ရခိုင် ပြည်နယ် ဝန်ကြီးချုပ်ထိ စာရေး ကန့်ကွက်နေကြောင်း သိရသည်။

စစ်တွေမြို့မိ၊ မြို့ဖအဖွဲ့ ဥက္ကဋ္ဌ ဦးသာစိန်က“အဲဒီမြေက ပြည်သူလူထုကို နှင်ထုတ်လိုက်လို့ ကျန်နေတဲ့မြေဖြစ်တယ်။ အဲဒီနေရာမှာ အရင်က အိမ်ခြေသုံးဆယ်ကျော်လောက်ရှိတယ်။  အဲဒီက လူတွေကို မြို့စည်ပင်သာယာလှပရေးအတွက်ဆိုပြီး နှင်ထုတ်တယ်။ မြို့သာယာလှပရေး အတွက်လည်း ဘာတစ်ခုမှ မလုပ်ပေးနိုင်ခဲ့ဘူး။ ဒါကြောင့် ဒီမြေကို တစ်ဦးတစ်ယောက်လက်ထဲကို ပေးဖို့ဆိုတာကို သဘောမတူနိုင်ဘူး။ မြို့လူထုပိုင်တဲ့ မြေဧရိယာအဖြစ်ပဲ ထားချင်တယ်”ဟု နိရဥ္စရာသတင်းဌာနအား ပြောသည်။

အဆိုပါမြေမှာ စစ်အစိုးရလက်ထက် (၁၉၉ဝ ပြည့်လွန်နှစ်များ) မြို့တော်သန့်ရှင်းသာယာရေး အကြောင်းပြချက်ဖြင့် လူနေအိမ်(၃၅)ဆောင်ခန့်ကို ဖြိုဖျက်ပေးခဲ့ရသည့် မြေဖြစ်ကြောင်း၊ မြို့တော် သန့်ရှင်းသာယာလှပရေး အတွက် မူလပိုင်ရှင်များကို နှင်ထုတ်ပြီးမှ အခုတစ်ဖန် ပုဂ္ဂလိလက်ထဲသို့ လွဲပြောင်းပေးမည်မှာ လုံးဝ မလုပ်သင့်သော လုပ်ရပ်ဖြစ်ကြောင်း၊ ၎င်းမြေပေါ်တွင် လက်ရှိ အချိန်တွင် ဘာသာရေးနှင့်   ရိုးရာပွဲတော်များ ကျင်းပသည့် မြေနေရာဖြစ်နေသည့်အတွက် အဆိုပါ မြေပေါ်တွင် လူတစ်ဦးပိုင်မြေ အဖြစ် ခြံစည်းရိုး ကာရံလာသဖြင့် ကန့်ကွက်နေကြခြင်း ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ခြံခတ်သူမှာ ဦးအောင်ကျော်ဇံဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်ကာ ခြံစည်းရိုးခတ်ထားခြင်း ဖြစ်သည်ဟု မိဇံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက ပြောသည်။

“ ဝန်ကြီးချုပ်နေရာချထားတဲ့ ဘုရားတည်ဖို့ မြေနေရာဟာ ဝန်ကြီးချုပ်မသိလို့ ပေးသွားတာ ဖြစ်တယ်။ ဒီမြေဟာ ဦးအောင်ကျော်ဇံပိုင် မြေနေရာဖြစ်တယ် ဆိုပြီးပြောလာတယ်။ အဲဒီနောက် အများပြည်သူတွေ အသုံးပြုနေတဲ့ မြေနေရာကို အစားထိုး ခြံခတ်လာတဲ့ အတွက် အဲဒီနောက်ပိုင်း ကန့်ကွက်မှုတွေ ပေါ်ပေါက်လာပါတယ်” ဟု ဦးထွန်းဝင်းကပြောသည်။

ခြံစည်းရိုးကာရံသူ ဦးအောင်ကျော်ဇံကလည်း စစ်တွေမြို့ စက်မှု ရပ်ကွက်ရှိ ၄င်းပိုင်ဆိုင်သည့် မြေနေရာတွင် အစိုးရက ၂ဝ၁၈ ခုနှစ်အတွင်း အထက်တန်းကျောင်း ဆောက်လုပ်ရန်အတွက် လာရောက် ညှိနှိုင်းသဖြင့် ပေးခဲ့ရပြီးနောက အစိုးရမှ  ဧစေတီအနီးမှ မြေ ၁ ဧကခွဲကို ၎င်းအား အစားထိုးချပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ BXT ကုမ္ပဏီလီမိတက်တို့ကို အကျိုးတူမြေယာစီမံကိန်း ဖော်ဆောင်တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရပိုင်ခွင့်အထဲက သတ်မှတ်ထားတဲ့ မြေသုံးဧကကို ကျနော်က တောင်းတယ်။ အဲဒီထဲက အစိုးရက ကျနော့်ကို မြေတစ်ဧကခွဲပဲ ပေးတယ်။ တစ်ဧက ခွဲပေးတဲ့အချိန်မှာ အစိုးရအဖွဲ့က စိုက်ပျိုးမွေးမြူးရေးနဲ့ပတ်သက်တဲ့ ဝန်ကြီးဦးကျော်လွင်ကို ညွှန်ပေးလိုက်တယ်။ ၂ဝ၁၈ ကတည်းက ရထားတဲ့မြေကို အစိုးရအဖွဲ့က ၂ဝ၁၉ ခုနှစ် ၉ လပိုင်း၊ ၁ဝ လပိုင်းလောက်မှာ ခြံခတ်တယ်။ ခြံခတ်ပြီးတဲ့ နောက်မှာမှ ဒီလိုမျိုး အငြင်းပွားမှုတွေ ဖြစ်လာတာ”ဟု ဦးအောင်ကျော်ဇံက နိရဥ္စရာကို ပြောသည်။

ယခုကဲ့သို့ အငြင်းပွားမှုများပေါ်ပေါက်နေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို ဆက်သွယ်ရာ ၎င်းက  “  ကိစ္စကတော့ဒီလိုစတယ်။ အဓိဌာန် ဆရာတော်ကြီးက ဘုရားတစ်ဆူ တည်ဖို့အတွက်  သူက ဧစေတီရဲ့အနီးက ဦးအောင်ကျော်ဇံပိုင်တဲ့မြေ။ ယင်းမြေမှာ ပထမဝန်ကြီးချုပ်က မသိ ဒီမြေမှာတော့ ဘုရားတည်ဆိုပြီး ဧစေတီ ဂေါပကမှ လာပြောတယ်။ လာပြောတဲ့အခါမှာ ဝန်ကြီးချုပ်က သွားကြည့်တယ်။ ကြည့်ပြီးတော့ ဒါဆိုလည်းလုပ်ဆိုတော့ခါမှာ နောက်ပိုင်းမြေကို ပြန်စစ်လိုက်တဲ့အခါမှာ ယင်းမြေက ဦးအောင်ကျော်ဇံကို အစိုးရအဖွဲ့က  မြေလှဲမြေထပ် လုပ်ထားတဲ့မြေဖြစ်နေတယ်။ ဖြစ်နေတော့ ဒါဆိုဦးအောင်ကျော်ဇံက ပေးလို့ မရဘူးပေါ့နော်။ ပေးလို့မရတော့သူကို ကျွန်တော်တို့ ကမြေအစားထိုး ပေးလို့မရဘူးလား ဆိုပြီး လယ်ယာ ဆည်မြောင်းသစ်တော့ဝန်ကြီး ဦးအောင်ကျာ်ဇံက မြေလိုက်ကြည့်တဲ့အချိန်မှာ အဲဒီနားမှာပဲ အစိုးရစီမံပိုင်ခွင့်ရှိတဲ့မြေရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါဆိုလို့ရှိရင် ဘုရားတည်မယ့် မြေကို ဦးအောင်ကျော်ဇံအနေနဲ့ စွန့်လွှတ်လိုက် ဒီဘက်အစိုးရစီမံပိုင်ခွင့်ရှိတဲ့မြေက ယူလိုက်ဆိုပြီး ပြောလိုက်တယ်ပေါ့။ ဦးအောင်ကျော်ဇံက ဒါဆိုလည်းရတယ်ဆိုပြီး အဲလိုဖြစ်သွားတယ်။ ဒီအစိုးရစီမံပိုင်းခွင့်ရှိတဲ့မြေက မဏ္ဍပ်တွေ၊ သင်္ကြန်မဏ္ဍပ်တွေ လုပ်တဲ့မြေကွက်ဖြစ်နေတဲ့ အတွက်ကြောင့် မြို့က မပေးနိုင်ဘူးပေါ့နော့။ အဲလိုမျိုးဖြစ်တာပါ။ နောက်ပိုင်း သင်္ကြန်မဏ္ဍတွက် ချန်ထားခဲ့မယ် ဘေးအစွန်ထွက်လောက်လေးပေးရင်ကောဆိုတော့ ညှိ့ကြပါသေးတယ်။ ဒါပေမဲ့ မြို့မိ၊ မြို့ဖဘက်ကတော့ လုံးဝ အပေးနိုင်ဘူးပေါ့နော်။ ဒါဟာ အများပိုင်တဲ့ ပစ္စည်းတစ်ခုကို တစ်ဦးတစ်ယောက်လက်ထဲမပေးနိုင်ဘူးဆိုပြီးတော့ အဲလိုမျိုးဖြစ်နေကြတယ်။ အဓိကတော့ ဘုရားတည်မယ့် မြေမရဖြစ်နေတာပေါ့” ဟု ပြောဆိုသည်။

ယခု အခါ အဆိုပါ အများပိုင်မြေပေါ်တွင် ခြံခတ်မှု အပေါ် လက်မခံနိုင်သော မြို့မိမြို့များ အပါအဝင် စစ်တွေမြို့ပေါ်မှ လူ ၁၈ ဦးဖြင့် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီး ၎င်းမြေကိစ္စကို ဖြေရှင်း ပေးရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က စာတစ်စောင်ရေးသား တင်ပြခဲ့သည်။

၎င်းစာထဲတွင် ထိုမြေကွက်လပ်ပေါ်၌ စစ်တွေ တစ်မြို့လုံးနှင့် သက်ဆိုင်သော သင်္ကြန်ပွဲ၊ ရထားဆွဲပွဲ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာပွဲတော်များ၊ ဘာသာရေးပွဲတော်များကို နှစ်စဉ် နှစ်တိုင်း မြို့လုံးကျွတ် ဆင်ယင်ကျင်းပလာခဲ့ကြသည့် နေရာဖြစ်ကြောင်း၊ အများပြည်သူများ အပန်းဖြေ အနားယူ သည့်နေရာတစ်ရပ်လည်း ဖြစ်ကြောင်း၊ စစ်တွေမြို့ပေါ်၌  အများပြည်သူ နှင့် သက်ဆိုင်သည့် ပွဲလန်းသဘင်များ ကျင်းပရန် နှင့် အနားယူ အပန်းဖြေ ရန် နေရာများမှာ မရှိသလောက် ရှားပါးနေပြီ ဖြစ်ကြောင်း၊ သို့အတွက် ၎င်းမြေအား ပုဂ္ဂလိက တစ်စုံတစ်ဦး ၊ တစ်သင်း တစ်ဖွဲ့ အသုံးပြုရန် ပေးအပ်မည့် ကိစ္စကို စစ်တွေမြို့လူထု တစ်ရပ်လုံးမှ လုံးဝ (လုံးဝ) သဘောမတူကြောင်းဖြင့် ရေးသား ဖော်ပြထားသည်။

-----------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၅/ ၂ဝ၂ဝ



















ဆက်စပ် သတင်းများ