သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မောင်တောမှ မိုင်းဒဏ်ရာပြင်းသူ မိသားစု ၄ဦး စစ်တွေဆေးရုံသို့ ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၈ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ယမန်နေ့က မိုင်းပေါက်ကွဲ၍ ဒဏ်ရာရသူ ၆ ဦးအနက် မိသားစု ၄ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့်  စစ်တွေဆေးရုံသို့ အရေးပေါ် ယူဆောင်လာခဲ့သည်။

၎င်းတို့မှာ ဦးစံလှထွန်း အသက် (၄ဝ)၊ ဇနီးဖြစ်သူ ဒေါ်မစိုးယဉ် ( ၃၅) နှစ်၊ သူ့၏ သမီးလတ် မခင်စိုးကြည် (၁ဝ) နှစ်နှင့် သမီးအငယ်ဆုံး မကြည်ကြည်သန်း(၆)နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။

ဦးစံထွန်းလှတွင် ဘယ်ဖက် ခြေသလုံးရိုးကျိုးသွားပြီး ဦးခေါင်းတွင်လည်း ဒဏ်ရာရရှိသွားသည်။ ဒေါ်မစိုးယဉ် တွင်လည်း ညာဖက် ခြေသလုံးရိုးကျိုးသွားကာ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိသွားသည်။

မခင်စိုးကြည်တွင် ညဖက်မျက်နှာနှင့် မကြည်ကြည်သန်းတွင် ညဖက်ပေါင်းရိုးကျိုးဒဏ်ရာနှင့် ဦးခေါင်းတွင် ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း မိသားစုဝင်တစ်ဦးဖြစ်သူ ကိုဇော်နိုင်ဦးက ပြောသည်။

၎င်းတို့ ၄ ဦးစလုံးသည် ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် မောင်တောဆေးရုံမှ စစ်တွေဆေးရုံသို့ရောက်ရှိလာခဲ့သည်။  

သေဆုံးသွားသူ ၃ ဦးအပါအဝင် ဒဏ်ရာရသူ ၆ ဦးစလုံးသည်  မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာမှ ဖြစ်ကြသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် မောင်တောမြို့နယ် သာယာကုန်းကျေးရွာ ကထိန်ပွဲမှ ၎င်းတို့၏ကျေးရွာသို့ ကားဖြင့် အပြန် ကျွန်းပေါက်အုပ်စုနှင့် လိပ်ရအုပ်စုအကြား သဲချောင်း ကျေးရွာအနီး ကားလမ်းပေါ်တွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။

အဆိုပါမိုင်းပေါက်ကွဲမှုတွင် တစ်ရွာတည်းနေ မိသားစုဝင်သုံးဦးဖြစ်သည့် ဦးကျော်ရဲအောင် (၂၅ နှစ်)၊ ဒေါ်အေးဆန်းနု (၂ဝ နှစ်)နှင့် ၎င်းတို့၏ သားဖြစ်သူ မောင်ကျော်ဆန်းဦး (၃ နှစ်)တို့မှာ အခင်း ဖြစ်သည့်ေ နရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ယခုပေါက်ကွဲခဲ့သည့်မိုင်းမှာ ARSA အကြမ်းဖက်သမားများက ထောင်ထားသည့်မိုင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ