သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် ဥယျာဉ်ခင်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.9k

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၂၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာအနီးတွင် ဥယျာဉ်ခင်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးမှာ ယနေ့ နံနက် ၉ နာရီခန့်က မိုင်းနင်းမိ၍ ခြေထောက်တွင် ပြင်းထန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

၄င်းအမျိုးသမီးမှာ ဒေါ်မဖြူ(၅ဝ)နှစ်ခန့်ဖြစ်ပြီး ကဇူးကိုင်းကျေးရွာနှင့် ကိုက် ၅ဝဝ ခန့်အကွာ တပ်မတော်မှ စခန်းချထားသည့် တောင်ကုန်းအောက်ရှိ ရှောက်ခင်းတွင် ရှောက်သီးခူး၍ အပြန်မိုင်းနင်းမိ၍ ဒဏ်ရာ ရရှိခြင်းဖြစ်ကြောင်းကဇူးကိုင်းကျေးရွာမှ ရပ်မိရပ်ဖဖြစ်သူ မျက်မြင်အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ ဒီနောက်မနက် ပေါက်သံအကျယ်ကြီးကြားလိုက်တာ။ ကျွန်မတို့သွားကြည့်တော့ ခြေထောက်တစ်ချောင်း ပြတ်ထွက်သွားတယ်။ အခုသူ သတိမရတစ်ချက် ရတစ်ချက်ပါ။ အဲဒါက သူပို်င်တဲ့ ရှောက်ခင်းပါ။ အဲဒီနောက် တောင်ပေါ်မှာ တပ်မတော်စခန်းတစ်ခုရှိတယ်။ စခန်းနာမည်တော့ မသိဘူး ၆၆ လို့တော့ရေးထားတယ်။” ဟု ပြောသည်။

လူနာမှာ ဘယ်ခြေထောက်ဒူးအောက်ပိုင်းတစ်ခုလုံးပြတ်ထွက်သွားခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင် လူနာ၏ ညီမဖြစ်သူစျေးဆိုင်တွင်တပ်မတော်ဆေးတပ်သားများက ဆေးထည့်နေကြောင်း သူမကဆက်ပြောသည်။

“ဘယ်သူထောင်တဲ့မိုင်းလည်းမသိဘူး။ သူတို့စခန်းနားမှာဆိုတော့ သူတို့ လုံခြုံရေးအတွက် ထောင်ထားတဲ့ မိုင်းလား၊ မပြောတတ်ဘူး။ ရဟတ်ယာဉ်ကွင်းတွေတောင်ရှိတယ် အဲဒီစခန်းမှာ။ အခု အဲဒီကစစ်သားတွေက ဆေးထည့့် ပေးခဲ့တယ်” ဟု သူမက ဆက်ပြောသည်။

အမ်းမြို့နယ်တွင် လူမူရေးလုပ်ငန်းများလုပ်ကိုင်နေသည့် ကိုမျိုးလွင်ကလည်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားအမျိုးသမီးတစ်ဦးထိခို်က်ဒဏ်ရာရရှိသည်ကို ကြားသိရကြောင်းပြောသည်။

“ အဲဒီနားက တောင်ပေါ်မှာတော့ တပ်မတော်စခန်းတစ်ခုရှိတယ်လို့သိရတယ်။ လူနာအမျိုးသမီးကို တပ်ဆေးရုံကိုပဲပို့မယ်လို့ထင်တယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့် အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က “ဖြစ်တာတော့ မှန်ပါတယ်။ ဘယ်သွားလို့ ဖြစ်တာလည်း ဘာညာ မသိသေးဘူး။ ကျွန်တော်မေးတုန်းရှိပါသေးတယ်။ ခြေထောက် တစ်ချောင်း ပြတ်သွားတာတော့ သိတယ်။ တပ်က လုံခြုံရေးယူထားတဲ့ တပ်တွေတော့ရှိချင်ရှိမှာပေါ့။ ကျွန်တော် မေးတုန်းရှိသေးလို့ အတိအကျမပြောနိုင်သေးဘူးခင်ဗျ” ဟုပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား အဆိုပါကိစ္စအားမေးမြန်းစုံစမ်းရန်ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။

ဆက်စပ် သတင်းများ