သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြေမြုပ်မိုင်းအန္တရာယ်ရှိနေသော ရခိုင်မှ မြို့နယ်၂ခုတွင် ဝံလက်ဖောင်ဒေးရှင်းမှ မိုင်းအသိပညာပေးမှုပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.1k

နိရဥ္စရာ၊ ဒီဇင်ဘာ ၁၉/၂ဝ၂ဝ

မြေမြုပ်မိုင်းအန္တရာယ်ရှိနေသော ရခိုင်ပြည်နယ်မှ မြို့နယ် ၂ ခုတွင် စစ်တွေအခြေစိုက် ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ မြေမြုပ်မိုင်း အသိပညာပေး ပိုစတာကမ်းပိန်း ( Poster Campaign) ကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းမြို့နယ် ၂ ခုမှ အမ်းနှင့် မြေပုံမြို့နယ်တို့ဖြစ်ကြပြီး ထိုအထဲမှ အမ်းမြို့နယ်မှာ များမကြာမီ ရက်ပိုင်းအတွင်း မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြို့နယ်ဖြစ်သည်။

ဝံလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက “ အဓိက ကတော့ ကျနော်တို့က တချို့ဒေသတွေမှာ ဆိုရင် ဒုက္ခသည်စခန်းနဲ့ သက်မွေးဝမ်းကျောင်းလုပ်ကိုင်ရတဲ့ ဧရိယာက နီးနီးနားနား ပေါ့နော်။ တောတောင်တွေမှာဆိုရင် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ဧရိယာတွေရှိတယ်။ အဲဒီမှာ ပြည်သူတွေက မိုင်းနဲ့ ပတ်သက်ပြီး အသိပညာ မရရှိတဲ့အခါကျတော့ တောတောင်တွေကို သွားကြတဲ့ အချိန်မှာ မိုင်းအန္တရာယ်ကြောင့် ခြေထောက်ပြတ်သွားတာတော့၊ အသက်ဆုံးရှုံးတာတော့ ရှိနေပါတယ်။ အဲဒါတွေကြောင့် ကျနော်တို့က မိုင်းနဲ့ ပတ်သက်ပြီးတော့ ဒီဗီနိုင်းပေါ့နော်။ အဲသလိုမျိုး အသိညာပေး ကပ်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ အသိပညာပေးလုပ်ငန်း စတင်လုပ်ဆောင်ရန် ဖြစ်လာသည့် အခြေအနေကိုလည်း ဦးခိုင်ကောင်းစံက ယခုလို ပြောသည်။

“ ဒီလုပ်ငန်းကို စတာသိပ်မကြာသေးပါဘူး။ ဒါက ကျနော်တို့ကို DRC  ဆိုတဲ့ အဖွဲ့က ဒီမိုင်းနဲ့ ပတ်သက်ပြီးတော့မှ အသိပညာပေး တာတွေ၊ ပန်းဖလက်၊ ဗီနိုင်းတွေကို ရခိုင်ပြည်တွင်းမှာ လုပ်ဖို့ စိတ်ဝင်စားလားပေါ့။ စိတ်ဝင်စားတယ်လို့ ပြောတဲ့ အချိန်မှာ သူတို့က ဒီဗီနိုင်းတွေကို ကျနော်တို့ကို ပံ့ပိုးပေးတာ ဖြစ်ပါတယ် ခင်ဗျား။ ကျနော်တို့က စစ်ဘေးရှောင်စခန်းတွေကို တစ်ခြား လူသားချင်းစာနာတဲ့ အကူအညီ တွေ သွားပေးရင်းနဲ့ တစ်ခါတည်း တစ်ပြိုင်တည်း အသိပညာမှုတွေ ပြုလုပ်တာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်များအပြင်တစ်ခြားမြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားရန် ရှိသည်ဟု ပြောဆိုသည်။

“ တစ်ခြားမြို့နယ်တွေမှာတော့ ကျနော်တို့ မလုပ်ဖြစ်သေးဘူး။ ရှေ့မှာတော့ ကျနော်တို့ ၂ဝ၂၁ မှာတော့ လုပ်မယ့်အစီအစဉ်တွေ ရှိပါတယ်။ မိုင်းတွေ အပြင် အသိပညာပေးတာတွေရော ဗီနိုင်းကပ်တဲ့ဟာတွေရော မိုင်းအန္တရာယ်တွေ နောက်ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ အသိပညာပေးဖို့ ရှိပါတယ်” ဟု ပြောဆိုသည်။

အမ်းမြို့တွင် လက်ရှိ အချိန်ထိ မြေမြုပ်မိုင်းပေါက်ကွဲ၍ ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိထားကြောင်း၊ မြို့နယ်အတွင်းရှိ တိုက်ပွဲဖြစ်ပွားရာဒေသများတွင် မိုင်းအန္တရာယ် ကြီးကြီးမားမားရှိနေသဖြင့် စိုးရိမ်စရာ ရှိနေကြောင်း လူမှုရေးလူပ်ရှားဆောင်ရွက်နေသူ ဦးမျိုးလွင်က ပြောကြားသည်။

“ မြေမြုပ်မိုင်းတွေရဲ့ အန္တရာယ်ကတော့ ကျနော်တို့ အမ်းမြို့နယ် ကဇူကိုင်းအုပ်စု ထဲမှာဆိုရင် ကျေးရွာတွေ အနီးမှာတောင် ပေါက်လို့ သေသွားတာတွေရှိတယ်။ ဒဏ်ရာရသွားတာတွေရှိတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ မရှိတဲ့ကာလအတွင်းမှာလည်း မြေမြုပ်မိုင်းတွေ ပေါက်ကွဲနေတယ်။ အဲဒါတွေကြောင့် ကျေးရွာသားတွေက ကျေးရွာထဲကနေ ကျေးရွာအပြင်ကို ထွက်ဖို့ အတွက်တောင် သူတို့မှာ ကြောက်လန့်နေကြရတယ်။ စိုးရိမ်စရာ အနေအထားမှာ ရှိနေတာပေါ့” ဟု ပြောဆိုသည်။

လက်ရှိအချိန်တွင် မိုင်းပေါက်ကွဲ၍ ခြေထောက်တစ်ဖက်ဖြတ်ပစ်ရသူ ၅ ဦးနှင့် နှစ်ဖက် ဖြတ်ပစ်ရသူ ၁ ဦးကို ဆရာဦးသန်းထွန်းမှ စစ်တွေမြို့ပေါ်တွင် စောင့်ရှောက်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ၂ နှစ်တာ စစ်ပွဲကာလအတွင်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းမီးကျောက်များ ပေါက်ကွဲရာမှ အရပ်သားပြည်သူ သေဆုံးမှုမှာ ၃ဝ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူမှာ ၆ဝ ကျော်ရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) သည်လည်း စစ်ဘေးရှောင်ဒုက္ခသည်များ အရေးကိစ္စအပါအဝင် မိုင်းအန္တရာယ် အသိပညာပေးမှုများကို ပြုလုပ်နေသော လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည်။

ဆက်စပ် သတင်းများ