သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် မြိုအမျိုးသမီးတစ်ဦးမြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်၌ ဒဏ်ရာပြင်းထန်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 6.9k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ခဘော်ကျေးရွာမှ အမျိုးသမီးတစ်ဦး ကျေးရွာအနီးတောင်ပေါ်ကို ထင်းခွေရန်သွားရာမှ ယနေ့ မွန့်တည့် ၁၂ နာရီခန့်က မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်တွင် ပြင်းထန် ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ ခဘော်ကျေးရွာမှ မြိုအမျိုးသမီး ဒေါ်ခင်စံမမေ (၄၃)နှစ်ဖြစ်သည်။

၄င်းမှာ ယနေ့ နံနက် ၉ နာရီခန့်တွင် ခဘော်ကျေးရွာနှင့် နာရီဝက်ခန့်လမ်းလျှောက်၍ သွားရသည့် တောင်ပေါ်တွင် ထင်းခွေရန် သူမ၏ ညီမဖြစ်သူနှင့် သွားရောက်ရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ညီမဖြစ်သူက နိရဥ္စရာ သတင်းဌာနအားပြောသည်။

“ကျွန်မနဲ့ထင်းခွေသွားခဲ့တာပါ။ မောရင်နားလိုက်တက်လိုက်နဲ့ တောင်ပေါ်ရောက်တော့ မိုင်းနင်းမိတာပါ။ သူ့ကို ရွာကိုရောက်တဲ့အထိ ကျွန်မထမ်းပြေးလာခဲ့တာပါ” ဟုသူမကပြောသည်။
ဒေါ်ခင်စံမေတွင် ညာဖက်ခြေမျက်စိအောက်ဘက်မှ ပြတ်ထွက်ဒဏ်ရာ၊ မျက်လုံးနှင့် မျက်နှာတစ်ခုလုံး ဒဏ်ရာများနှင့် လက်နှစ်ဖက်လုံးတွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သူမ၏မောင်ဖြစ်သူ ကိုကျော်လှထွန်းက ပြောသည်။

“ ညီမလေးထမ်းပြီးရွာကိုရောက်တဲ့အထိတော့ပြေးလာတယ်။ အိမ်ကိုရောက်တဲ့အထိ သတိတော့ မရတစ်ချက်ရတစ်ချက်ပါ။ မျက်နှာတစ်ခုလုံးပြိုထွက်နေတယ်။ မိုင်းက ဘယ်သူထောင်တဲ့မိုင်းလည်း ဆိုတာ ကျွန်တော်တို့ မသိဘူး။ အခုတော့ သူမကို ဆေးရုံက ခွဲစိတ်ခန်းထဲကို ခေါ်သွားကြတယ်” ဟုပြောသည်။

ကျောက်တော်မြို့နယ်ဖြူစင်မေတ္တာနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးညီပုက ၄င်းကိုယ်တိုင်ကားဖြင့် လူနာအား ကျောက်တော်ဆေးရုံသို့ယူဆောင်လာခြင်းဖြစ်ကြောင်းပြောသည်။

“ လူနာက မြိုအမျိုးသမီးပါ။ အခုပဲ ကျောက်တော်ဆေးရုံကို ရောက်နေပါပြီ။ ဆေးကုသမှုခံယူနေပါတယ်။ မိသားစုဝင်တွေလည်း ပါကြပါတယ်။ သူညီမနဲ့အတူ ထင်းခွေဖို့သွားရာမှာ တောင်ပေါ်မှာ မိုင်းနင်း မိတာလို့သိရတယ်။ လူနာက စိုးရိမ်ရတယ်” ဟု ပြောသည်။

လူနာအား ယနေ့ ည ၇ နာရီခန့်တွင် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သော်လည်း လူနာမှာ စိုးရိမ်ရသဖြင့် စစ်တွေဆေးရုံသို့ မနက်ဖြန်စောစောအချိန်တွင် ယူဆောင်လာမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ဆက်စပ် သတင်းများ