သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

လာမည့်ကျိုင်းတုံဆွေးနွေးပွဲထိရောက်မူရှိနိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 942

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၁၃/၂ဝ၁၉

ယခုလာမည့် စက်တင်ဘာလ ၁၆ ၊ ၁၇ ရက်နေ့များတွင် ကျိုင်းတုံမြို့၌ ပြုလုပ်မည့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နှင့် အစိုးရကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲမှာ ထိရောက်မှု ရှိနိုင်သည်ဟု ရက္ခိုင့်တပ်တော် (AA) ၏ ပြောခွင့်ရသူ ခိုင်သုခက ပြောကြားသည်။

“ အဓိက ကတော့ ဒီဟိုဥစ္စာပေါ့နော်။ ကျနော်တို့ဒီ Bilateral ကိစ္စကိုဘဲ ဦးတည်ပြီးတော့ ဆွေးနွေးကြဖို့ရှိပါတယ်။ ဟိုတစ်ခေါက်တုန်းကလည်း ကျနော်တို့က ဒီ Bilateral ကိစ္စကို ဆွေးနွေးဖို့ဘဲ။ အဲ့ဒီမှာ ဗမာစစ်တပ် ဘက်ကနေပြီးတော့ ဟိုဥစ္စာပေါ့နော်၊ ဆုံးဖြတ်ပေးနိုင်တဲ့ ကိုယ်စားလှယ်တွေ ပါမလာဘူး။ အဲ့ဒါကြောင့်မို့လို့ ဒီတစ်ကြိမ်မှာတော့ ဗမာ စစ်တပ်ဘက်က နေပြီးတော့ ဆုံးဖြတ်ပေးနိုင်မယ့်  ပုဂ္ဂိုလ်တွေ ပါလာမယ်ဆိိုလို့ရှိရင် ဆွေးနွေးပွဲက အရင်တစ်ခေါက် ဆွေးနွေးပွဲထက်တော့ ပိုပြီးတော့ ထိထိရောက်ရောက်တော့ ရှိနိုင်တာပေါ့” ဟု ပြောသည်။

ကျိုင်းတုံဆွေးနွေးပွဲသို့  မြောက်ပိုင်း မဟာမိတ် လေးဖွဲ့နှင့် အတူ ရက္ခိုင့်တပ်တော် (AA) မှလည်း ကိုယ်စားလှယ် ၆ ဦး (သို့မဟုတ်) ၇ ဦး တက်ရောက်မည်ဟု သိရသည်။

“ အဲ့ဒီဆွေးနွေးပွဲကို ကျနော်တို့ဘက်ကနေပြီး တော့ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ပြီးတော့ ကိုယ်စားလှယ် ၆ဦး ပေါ့နော်။ အဲမှာတက်ရောက်ဆွေးနွေးဖို့တော့ရှိတယ်ဗျ။ ဗိုလ်မှူးကြီးကျော်ဟန်လည်း ပါဝင်မှာဖြစ်ပါတယ်။ တစ်ခြား ခေါင်းဆောင်တွေလည်း ပါကြပါမယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မကြာခဏ ပြုလုပ်နေသော်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အပေါ် မေးမြန်းရာ ခိုင်သုခက “ တိုက်ပွဲတွေ ဖြစ်နေတာကတော့ ဒါအဓိက ကတော့ ဗမာစစ်တပ်ဘက်နဲ့ဆိုင်တယ်ဗျ နော်။ ဗမာစစ်တပ်ဘက်က နေပြီးတော့ ဒါထိုးစစ်တွေ ဆက်လုပ်နေတဲ့ အတွက်ကြောင့်မို့လို့ တိုက်ပွဲတွေကဖြစ်နေတာ။ အခုဆိုလို့ရှိရင် နော် ကျနော်တို့ဒီ ညီနောင်မဟာမိတ် သုံးဖွဲ့ကလည်း ဒီလှုပ်ရှားနယ်မြေတွေ အားလုံးမှာ ဒီဗမာစစ်တပ်ကို ကျနော်တို့ သွားပြီးတော့ ထိုးစစ်မဆင်ဘူး။ ထိုးစစ်မဆင်ဘူးဆိုတဲ့ ဥစ္စာ ကျတော်တို့ ဘက်က ထုတ်ပြန်ချက် ထုတ်ထားတာရှိပါတယ်။ ဒီနေရာမှာ ဆိုလို့ရှိရင်တော့ ဒါကျနော်တို့ ရခိုင်ပြည်အတွက်လည်း အကျုံးဝင်တာပေါ့။ အဲ့ဒါကြောင့်မို့လို့ ဒီဗမာစစ်တပ်ဘက်ကသာ သူတို့လုပ်နေတဲ့ ထိုးစစ်တွေကို ရပ်မယ်ဆိုလို့ရှိရင်တော့ တိုက်ပွဲတွေက ဒါရပ်သွားနိုင်တဲ့ အနေအထားရှိတယ်။ အရင်တုန်းကနေပြီးတော့ ဗမာစစ်တပ်ဘက်က တဖက်သတ် အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့တဲ့ ဥစ္စာတွေက ပြောမယ်ဆိုလို့ရင်တော့ ဒါရိုးသားမှုမရှိဘူးလို့ ပြောလို့ရတာပေါ့နော်။ ဘာဖြစ်လို့လည်း ဆိုလို့ရှိရင် မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်မှာ ရပ်တန့်ထားပြီးတော့ ကျနော်တို့အနောက်ဘက် ဒီရခိုင်ဒေသမှာ နေပြီးတော့ ထိုးစစ်တွေကိုဒါ အပြင်းအထန်လုပ်ခဲ့တာရှိတယ်။ ဆိုတော့အခု ဒီကျနော်တို့ ညီနောင် မဟာမိတ် (၃)ဖွဲ့က ကျနော်တို့ ဒီထုတ်ပြန်ချက်ထဲမှာတော့ ဗမာစစ်တပ်ကို ကျနော်တို့ သွားပြီး ထိုးစစ်မဆင်ဘူးဆိုတဲ့ ဥစ္စာ ကျနော်တို့ရဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့နယ်မြေတွေအားလုံးအကျုံးဝင်တယ်။ ဆိုတော့ အဲ့ဒါကြောင့်မို့လို့ ဒီဟာကို ကျနော်တို့ထုတ်တဲ့ ဦးတည်ချက်က အဓိကကတော့ ဒီတစ်ဖက်နဲ့ တစ်ဖက်ဆွေးနွေးနေတဲ့အချိန်မှာ ကျနော်တို့ ဒီ ငြိမ်းချမ်းရေး ဘက်ကို ဦးတည်ဖို့ အတွက် ကျနော်တို့ ဒီပထမဆုံးအဆင့်ဖြစ်တဲ့ ဒီယုံကြည်မှုတည်ဆောက်ရေးကို တစ်စုံ တစ်ရာ အထောက်အကူဖြစ်ဖို့ ဒါကျနော်တို့ဘက်က လုပ်နိုင်တဲ့ အဆင့်ကို ကျနော်တို့ စလုပ်တာ ဖြစ်တယ်။ အဓိက ကတော့ ဒီဗမာစစ်တပ်ဘက်ကသာ စစ်ဆင်ရေးတွေ ရပ်လိုက်ရင် ဒါတိုက်ပွဲတွေက လျော့ကျသွားဖို့အတွက် ဒါသေချာ သလောက် ရှိတာပေါ့ဗျာ” ဟု ပြောဆိုသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်  ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ်  KIO/KIA၊  ULA/ AA၊ MNTJP/MNDAA နှင့် PSLF/TNLA  လေးဖွဲ့စလုံး တက်ရောက် ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

ဆက်စပ် သတင်းများ