သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်မှ ထုတ်ပြန်ချက်အပေါ် အမြင်သဘောထားများ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.1k

(အိမ်စိုးဖြူ တွေ့ဆုံမေးမြန်းသည်။)
၂ဝ၂ဝ ခုနှစ် သြဂုတ် ၂၅ ရက်

မြန်မာနိုင်ငံတွင် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော် အနေဖြင့် နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက် အဖွဲ့အစည်း များရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာ လ ၁ ရက်မှ ၃ဝ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သြဂုတ် ၂၄ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်အရ ရက္ခိုင့်တပ်တော် (AA) ကို  မြန်မာအစိုးရမှ အကြမ်းဖက် အဖွဲ့အစည်းဖြစ် သတ်မှတ် ထားသဖြင့် ယခု တပ်မတော်၏ စက်တင်ဘာ တစ်လ အပစ်ရပ်စဲရေးတွင် ရခိုင်ပြည်နယ် ပါဝင်မည် မဟုတ်ပေ။ အဆိုပါ တပ်မတော်၏ တစ်လ အပစ်ရပ်စဲရေး ကြေညာရာတွင် ရခိုင်ပြည်နယ်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့ ပါဝင်လာခြင်း မရှိသည့် အပေါ် မည်သို့ အမြင်သဘောထားများရှိသည်ကို သိရှိလိုသဖြင့် ( နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၊ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေနှင့် စစ်တွေမြို့နယ မဲဆန္ဒနယ် အမှတ်(၂)  ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦး) တို့အား မေးမြန်းတင်ပြလိုက်ပါသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး

ပထမအချက်အနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာတဲ့ ဒေသတွေမှ အပ ကျန်တဲ့နေရာတွေ အပစ်ခတ်ရပ်စဲရေး တစ်လတိုးလိုက်တာပေါ့ဗျာနော်။ အဲဒီမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာခံရတဲ့ ဒေသက ရခိုင်ဒေသဖြစ်တယ်။ ဒါပေမဲ့ တပ်မတော်ကြေညာတဲ့အထဲမှာ ဒီအကြမ်းဖက်အဖွဲ့ အစည်းလို့ သတ်မှတ်တာ သူတို့သတ်မှတ်တာမဟုတ်ဘူး။ နိုင်ငံတော်အစိုးရရဲ့ သတ်မှတ်ထားတဲ့အောက်မှာ သူတို့ အလုပ်လုပ်တာဖြစ်တယ်လို့ ပြောကြတာတွေ့ရပါတယ်။

နံပါတ်( အချက်၊ အဲလိုတကယ်ပဲ ကိုဗစ်ဖြစ်ပွားနေတဲ့ စစ်တွေ၊ မြောက်ဦးတို့လို ရခိုင်မြောက်ပိုင်းတွေမှာ အပစ်ခတ်မရပ်နိုင်တဲ့အတွက် ဒီကို covid-19 ကာကွယ်ရေး၊ ကုသတဲ့နေရာမှာရော အခက်ခဲတွေ ရှိပါလိမ့်မယ်။ အဲလိုစစ်ပွဲ မရပ်တာနဲ့အတူ အမြန်နှုန်းမြှင့် အင်တာနက်တွေလည်း ဖွင့်မပေးတဲ့အတွက်ကြောင့်မို့လို့ covid-19 ပြန့်ပွားတာကို ခုခံ၊ ကာကွယ်ဖို့အတွက် ပြည်သူမှာ လက်ဆင့်ကမ်းစာတွေလုပ်ဖို့အတွက် အများကြီး အကန့်အသတ် ဖြစ်ပါလိမ့်မယ်။

တတိယအချက်နေနဲ့ ပြောမယ်ဆိုလို့ရှိရင် တကယ်စစ်ဖြစ်နေတဲ့နေရာမှာ တိုက်ပွဲတွေ မရပ်နိုင်တဲ့အတွက် ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ကတော့ နည်းနည်း အလှမ်းကွာနေလိမ့်အုန်းမယ်လို့ ထင်ပါတယ်။
နံပါတ်လေးအချက်နေနဲ့ကတော့ ဒီရခိုင်မှာ နှစ်ဖက်စလုံးက ဒီ covid-19 ဖြစ်နေတဲ့အတွက် ကို်ယ်က စမတိုက်ဘူး ကိုယ့်ကို တိုက်ခိုက်လာရင်တော့ အပြိုင်လက်တုန့်ပြန်မယ်ဆိုတဲ့ ပြောဆိုမှုတွေတွေ့ရပါတယ်။ လက်တွေ့စစ်မြေပြင်မှာကတော့ ဘယ်သူက စတယ်၊ မစဘူးဆိုတာ ကျွန်တော်တို့က သိဖို့ခက်ခဲပါတယ်။ အဲလိုအခြေအနေမှာ တစ်ဖက်ဖက်က စတယ်ဆိုတဲ့အကြောင်းပြချက်နဲ့  ဒီစစ်ပွဲ၊စစ်မီးတွေ ပိုဆိုးလာမှာတော့ စိုးရိမ်ပါတယ်။ အချက် လေးချက်ပါပဲ။
------------------------

ဦးဖေသန်း(မြေပုံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ကိုယ့်ရခိုင်ပြည်မှာတော့ ဒီလို တိုက်ပွဲတွေ မရပ်စဲဆိုရင် ဆက်လို့တိုက်မယ်ဆိုတဲ့ သဘောမျိုးဖြစ်လာတာ မြင်တယ်ပေါ့နော်။ ဒါဆိုရင် ရခိုင်ပြည်မှာ covid-19 နဲ့ ပတ်သက်တဲ့အခက်အခဲလည်းရှိတယ်။ အခုကလည်း စစ်ဘေးကြောင့် စစ်ရှောင်တွေ အများကြီး ၊ အင်တာနက်လည်း ဖြတ်တောက်ထားတယ်။ အဖက်ဖက်မှာ အခက်အခဲ အကြပ်အတည်း ကြုံနေတဲ့ကာလမှာ ဒီတပ်မတော် တစ်ရပ်အနေနဲ့ အများပြည်သူ အကျိုးကို ထမ်းဆောင်မယ်ဆိုတဲ့ တပ်မတော်က ဒီလိုတိုက်ပွဲတွေကို မရပ်တန့်ပေးနိုင်လို့ ကြေညာချက်အပေါ်မှာတော့ စိတ်မကောင်းဖြစ်မိတယ်။ အဓိက ကတော့ တပ်မတော်ဆိုတာ ပြည်သူကို၊ ပြည်သူရဲ့ အကျိုးစီးပွားကို အလေးထားရမယ်။ ပြည်သူ့အကျိုးစီးပွားအတွက် အမှုထမ်းနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် အခုလို ပြည်သူ့အကျိုးစီးပွားကို အလေးမထား ၊ ပြည်သူတွေ ဒုက္ခဘယ်လောက်ရောက်ရောက် ငါတို့ဆက်ပြီး တိုက်ပွဲကိုပဲ တိုက်မယ်၊ စစ်ရေးသည်သာ အဓိကလို့ ပြောဆိုခြင်းဟာလည်း ပြည်သူကို အလေးမထားရာ၊ ပြည်သူကို ဥပက္ခာပြုရာရောက်တယ်။ အဲဒါကြောင့် တို့ကတော့ နောက်လာမယ့် ကာလတွေမှာ ၊ ဒီအချိန်မှာတော့ မဖြစ်နိုင်ပေမယ့် လာမဲ့ကာလတွေမှာပေါ့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အခြေနေတွေကို ထောက်ရှုပြီး တပ်မတော်အနေနဲ့ စစ်ပွဲတွေကို ရပ်စဲဖို့ ၊ အပစ်အခတ်တွေကို ရပ်စဲဖို့ ငြိမ်းချမ်းရေးပန်းတိုင်ကို လျှောက်ကြဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့တိုက်တွန်းချင်တယ်။
------------------------------

ဒေါ်ခင်စောဝေ(ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဆရာမတို့ကတော့ အခုအချိန်မှာပေါ့လေ covid-19 ရောဂါနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်မှာ စိန်ခေါ်မှုတွေ များနေတယ်။ နောက်တစ်ချက်ကလည်း ရသေ့တောင်မဲဆန္ဒနယ်တို့်ိလို တစ်ခြား နေရာတွေမှာလည်း စိန်ခေါ်မှုတွေများနေတာလည်း တွေ့ရတယ်။ အဲဒီတော့  ဒီ covid-19 ရောဂါဖြစ်နေတဲ့ အချိန်တွေမှာ  အပစ်အခတ်ရပ်စဲစေချင်တာပေါ့နော်။ ပြည်သူတွေတင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ covid-19 ဖြစ်နေတဲ့ကာလအတွင်းမှာ၊ ပြီးတော့ အခု စစ်တွေမှာ ဆိုရင်တော်တော်များများ ရောဂါပိုးတွေ့တဲ့လူများလာတဲ့အတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာ ရခိုင်ပြည်သူတွေ လက်နက်ကြီးထိတယ်၊ ရသေ့တောင်ဆေးရုံကို ရောက်လာကြတာကိုလည်း လက်တွေ့ တွေ့နေရတယ်။ အဲဒါကြောင့် ဒီcovid-19 ဖြစ်နေတဲ့အတောအတွင်းမှာ ပြည်သူတွေကိုယ်စား  အပစ်အခတ်ရပ်စဲရေးကို ဖြစ်စေချင်တယ်။ ဒါပေမဲ့ အခုစက်တင်ဘာလ ၁ ရက်နေ့ကနေ ၃ဝ ရက်နေ့ထိ အပစ်အခတ်ရပ်စဲရေး လုပ်လိုက်တဲ့ဟာမှာ အကြမ်းဖက်အဖွဲ့မှ အပဆိုတာဟာ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ဆရာမတို့ ရခိုင်ပြည်နယ်၊ အေအေကို ဆိုလိုတယ်ပေါ့နော်။ အဲဒါကြောင့် မြေစာပင်ဖြစ်နေတဲ့ ရခိုင်ပြည်သူတွေအတွက် ဆရာမတို့အနေနဲ့ လုံးဝစိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာနေထိုင်တဲ့ အထဲမှာ ရခိုင်ပြည်နယ်တစ်ခုလည်း အပါအဝင်ဖြစ်တယ်။ အဲဒါကြောင့် အားလုံးကို တပြေးညီ  အပစ်အခတ် ရပ်စဲလိုက်ရင် ရခိုင်ပြည်နယ်ကိုလည်း အပစ်အခတ်ရပ်စဲရေးတစ်ခုကို ထည့်သွင်းပြီးလုပ်ပေးစေချင်တယ်လို့ ဆရာမက ပြောချင်တယ်။
 -------------------------

ဦးကျော်ဇောဦး(စစ်တွေမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)

ပြည်တွင်းငြိမ်းချမ်းရေးကို ဦးမတည်တဲ့လုပ်ရပ်အဖြစ်မြင်တယ်။ တကယ်တမ်းအပစ်အခတ်ရပ်စဲသင့်တာက အခုလောလောဆယ် ပဋ္ဋိပက္ခဖြစ်နေတဲ့နေရာတွေကို အပစ်အခတ်ရပ်စဲသင့်တယ်။ အဲဒီလို အဓိက ပဋ္ဋိပက္ခ ဖြစ်ပွားနေတဲ့နေရာကို နာမည်နောက်တစ်ဖက်လှည့်နဲ့ အကြမ်းဖက်အဖွဲ့တွေရှိတဲ့ နေရာလို့ သုံးထားတယ်။ အကြမ်းဖက်အဖွဲ့အစည်းဆိုတာ သက်ဆိုင်တဲ့အဖွဲ့တာဝန်ရှိသူတွေရဲ့ သတ်မှတ်ချက် တစ်ခုအနေနဲ့ပဲ ဖြစ်တယ်လို့ မှတ်ယူမယ်ဆိုရင်လည်း မှတ်ယူလို့ရတယ်။ တကယ်တန်းသာ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးတည်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ နေရာကန့်သတ်ချက်မရှိဘဲနဲ့ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး အမှန်တကယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး ၊ထာဝရတည်တံ့သော ငြိမ်းချမ်းရေး ရရှိရေးကို အမှန်တကယ် ဦးတည်ပြီးတော့ နေရာလပ်မကျန်အားလုံးကို အပစ်အခတ်ရပ်စဲရေးကြေညာသင့်တယ်။ အထူးသဖြင့် covid-19 အပြင်းအထန်ဖြစ်နေတဲ့နေရာကို ဦးစားပေးပြီးတော့ အပစ်အခတ်ရပ်စဲသင့်တယ်။ အဲအခုလိုအပစ်အခတ်မရပ်၊ covid-19 အပြင်းအထန်ဖြစ်ပွားနေတဲ့နေရာကို ရွေးချယ်ပြီးတော့ အဲဒီနေရာကို ကွက်လပ်ချန်ပြီးထားတာဟာ Humanitarian လူသားချင်းစာနာမှုရှုဒေါင့်က ကြည့်ရင်လည်း အင်မတန်ဆိုးဝါးတဲ့ လုပ်ရပ်ဖြစ်တယ်။


(ပြီး)

ဆက်စပ် သတင်းများ