သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

လွှတ်တော်ကိုယ်စားလှယ်သုံးဦးလွှဲပြောင်းပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ မီးကျောင်းတက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အင်တာဗျူး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 3.4k

နိရဥ္စရာမှ မေးမြန်းသည်။
(၃-၁-၂ဝ၂၁)

မေး- အုပ်ချုပ်ရေးမှူးခင်ဗျား။ မြင်ခဲ့ရတဲ့ လွှဲပြောင်းပွဲ အခြေအနေလေးကို ပြောပြပေးပါလား။
ဖြေ-လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို ကျနော်တို့ တိုင်းဗဟို(၉) ကျောင်းအုပ်ကြီးကို လွှဲပြောင်းပါတယ်။ တစ်ခါတည်း မွန်းလွဲ ၂ နာရီ ၂ဝ လောက်မှာ လွှဲပေးလိုက်ပါတယ်။

မေး- ရက္ခိုင့်တပ်တော်ဘက်က ဘယ်သူတွေက လာပြီး လွှဲပြောင်းပေးပါလဲ။
ဖြေ- အေအေကဆိုရင် ဗိုလ်မှူးအောင်လင်းကနေ လွှဲအပ်ပေးလိုက်ပါတယ်။ ကျနော်တို့ လက်ခံတာက တိုင်းဗဟို(၉) ကျောင်းအုပ်ကြီးက လက်ခံယူသွားတယ်။

မေး- ကားဘယ်နှစ်စီး၊ နှစ်ဘက်တပ်က လူပေါင်း ဘယ်လောက်ပါဝင်ပါသလဲ။
ဖြေ- စစ်တပ်က ကားက သုံးစီးနဲ့လာတယ်။ ယူနီဖောင်းတွေဝတ်ပြီးလာကြတာ။ တပ်မတော်ဘက်ကတော့ လူပေါင်း ၁ဝ ကျော်လောက်ပါတယ်။ အေအေဘက်ကတော့ အဲဒါ အင်အား ၅ဝ၊ ၆ဝ လောက်ရှိတယ်။ လက်နက်အပြည့်အစုံပါပါတယ်။  

မေး- နှစ်ဖက် တာဝန်ရှိသူတွေ စကားပြောကြတာတွေရှိလား။
ဖြေ- စကားကတော့ နည်းနည်းလောက်ပဲ ပြောခဲ့တယ်။ သုံးမိနစ်လောက်ဘဲ ပြောခဲ့တယ်။

မေး- လက်ဆွဲနုတ်ဆက်တာတွေကိုကော မြင်ရပါလား။
ဖြေ- မြင်ရပါတယ်။ သူတို့လာတဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် နုတ်ဆက်တယ်။ မိတ်ဆက်ကြတယ်။ သူတို့ (တပ်မတော်)ဘက်က နောက်ဒီငြိမ်းချမ်းရေးကို လိုလားတယ်။ ကျွန်တော်တို့လည်း ဟိုဟာ တိုက်ပွဲ မဖြစ်ချင်တော့ဘူး။ အေးအေးဆေးဆေးပဲ နေချင်တယ်ဆိုတဲ့ စကားကို ပြောသွားတယ်။ ဒီ အေအေဘက်ကလည်း အဲသလိုမျိုး ပြောလိုက်တယ်။

မေး- ခုလို သူသေကိုယ်သေ တိုက်နေကြတဲ့သူတွေ တစ်ဖက်နဲ့တစ်ဖက် လက်ဆွဲနုတ်ဆက်တာကို မြင်ရတော့ ရွာသားတွေက ဘယ်လို ခံစားကြရပါသလဲ။
ဖြေ-  ရွာသားတွေက ဆိုလို့ရှိရင် အခု မြင်ကွင်းကို မြင်လိုက်ရတော့ အားရ ကျေနပ်မှုတွေတော့ ရှိပါတယ်။

(ပြီး)


ဆက်စပ် သတင်းများ