- Web Master
- ၂၉ ဇူလိုင် ၂၀၂၄
၂၀၂၃ ခုနှစ်၊
ဒီဇင်ဘာလ (၂၅) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက် အပြည့်အစုံဖြစ်ပါသည်။
ရက်ပေါင်း (၆၀)
အထိရောက်ရှိလာခဲ့ပြီဖြစ်သော မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည်
မျှော်မှန်း ထားသည်ထက် ရလဒ်ကောင်းများ ပေါ်ထွက်လာခဲ့သကဲ့သို့
မိမိတို့စစ်ဆင်ရေးနှင့်အတူ
ဟန်ချက်ညီ လိုက်ပါပြီး အကြမ်းဖက်စစ်ကောင်စီ၏ ရှုံးနိမ့်နေမှုများကို
အခွင့်ကောင်းယူနိုင်ခဲ့ကြသော အဖွဲ့အစည်း အချို့ရှိခဲ့သည်။
ထိုအဖွဲ့အစည်း အချို့တို့သည်လည်း ၎င်းတို့၏နယ်မြေများ၌ စစ်ကောင်စီ၏
အားနည်းချက်ကို အမိအရဆုပ်ကိုင်ပြီး စခန်းသိမ်းတိုက်ပွဲ၊
မြို့သိမ်းတိုက်ပွဲများ အသီးသီးကို ဆင်နွှဲနိုင်ခဲ့ကြသည်။
"ကိုယ်တိုက်မှ
ကိုယ်ရမည်" နှင့် "ရန်သူ့လက်နက်
ကိုယ့်လက်နက်" ဟူသော အခြင်းအရာများကို ဤစစ်ဆင်ရေး ထဲတွင်
အထင်းသားတွေ့မြင်နိုင်သည်။
ထို့ကြောင့် နီးစပ်ရာစစ်ကောင်စီအား အမြန်ဆုံး တိုက်ထုတ်ခြင်းသည်
မိမိအဖွဲ့အစည်းအတွက် စစ်ရေးရည်မှန်းချက်ပြည့်ဝသည်သာမက မြန်မာပြည်သူလူထု တစ်ရပ်လုံး၏ အလိုလားဆုံးသောဆန္ဒကို
ဖြည့်ဆည်းပေးခြင်းနှင့် လည်းတူပေသည်။
တစ်ပြိုင်နက်တည်းတွင် ၁၀၂၇
စစ်ဆင်ရေးမှစတင်ခဲ့သည့် “တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေးကြီး” သည် ညီနောင်
မဟာမိတ်များနှင့် အခြားသောမိတ်ဖက်အဖွဲ့အစည်းတို့အကြားတွင် စည်းဝါးကိုက်ညီ
တိုင်ပင်ထားကြသည့်အလား “ဟန်ချက်ညီစစ်ဆင်ရေးကြီး”
အဖြစ် ထင်ရှားစွာ
တွေ့မြင်လာနေရသည်။
၁၀၂၇ စစ်ဆင်ရေးမှစ၍ မြန်မာနိုင်ငံအနှံ့အပြားမှ
ဘုံရန်သူစစ်ကောင်စီအား တော်လှန် တိုက်ခိုက်လျက်ရှိကြသည့်
တော်လှန်ရေးအဖွဲအစည်းတို့သည် စစ်ဆင်ရေးကို တစ်ဆင့်ပြီးတစ်ဆင့်
ပြိုင်တူမြှင့်တင်သွားနိုင်ရမည်။ ထို့ကြောင့် စစ်ကောင်စီကို
တော်လှန်နေကြသည့်အဖွဲ့တိုင်းသည် တော်လှန်ရေးအရှိန်ကို ယခုထက်ဆက်လက်
အရှိန်အဟုန်မြှင့်တင်၍ လုပ်ဆောင်သွားကြရန် မိမိတို့မှ ထပ်မံတိုက်တွန်းလိုက်ပါသည်။
မိမိတို့ညီနောင် (၃)
ဖွဲ့၏ စစ်ဆင်ရေး (၆၀) ရက်မြောက်နေ့တွင်လည်း ယခင်ရက်များနည်းတူ ထိတွေ့တိုက်ပွဲများ
ထပ်မံ ဖြစ်ပွားခဲ့သည်။
(၁) ၂၀၂၃
ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၁၁) နာရီ (၀၅) မိနစ်အချိန်၌ တအာင်းပြည်နယ်၊
တပ်မဟာ (၄) စစ်ဒေသ၊ နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (TNLA)
တို့ ထိတွေ့တိုက်ပွဲ
ဖြစ်ပွားခဲ့သည်။ တိုက်ပွဲ ဖြစ်နေစဉ် စစ်ကောင်စီသည်
နမ္မတူမြို့တွင်းနှင့် ခိုဖိတ်ကျေးရွာအနီးတဝိုက်သို့ Y12
လေယာဉ်ဖြင့် (၇)
ကြိမ်၊ ဗုံး (၂၈) လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်
နမ္မတူမြို့ရပ်ကွက် (၃) ရှိ အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦး
သေဆုံးခဲ့ရသည်။
ထို့အပြင် အဆိုပါ နမ္မတူအခြေစိုက်စစ်ကောင်စီလက်အောက်ခံ
ခြေမြန်တပ်ရင်း (၃၂၄) ကလည်း လက်နက်ကြီးဖြင့် (၁၉) ကြိမ်တိုင်တိုင်
ရည်ရွယ်ချက်ရှိရှိ ရမ်းကားပစ်ခတ်ခဲ့မှုကြောင့် မန်ဆာကြီးအုပ်စု၊
နားလင်းကျေးရွာတွင် ကျရောက် ပေါက်ကွဲခဲ့၍ နေအိမ် (၁) လုံး
မီးလောင်ပျက်စီးခဲ့ရသည်။
(၂) ၂၀၂၃ ခုနှစ်၊
ဒီဇင်ဘာလ (၂၅) ရက်နေ့တစ်ရက်နေ့တည်းတွင် တအာင်းပြည်နယ်၊ တပ်မဟာ (၄) စစ်ဒေသ၊
သိန္နီမြို့နယ် ရှိ စစ်ကောင်စီတပ်မှ သိန္နီမြို့အနီးတဝိုက်သို့ Jet Fighter
ဖြင့် (၂) ကြိမ်
လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အပြင် တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့နယ်၊
စစ်ကောင်စီ၏ “နမ့်ပေါင်တပ်စခန်း”
မှ သံလွင်ကျေးရွာသို့
လက်နက်ကြီးဖြင့် (၁၀) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သကဲ့သို့ ရန်သူ့ Mi-17 သည် သီပေါမြို့သို့
စစ်ကူအင်အားနှင့်လက်နက်ခဲယမ်း (၁) ကြိမ် လာရောက်ဖြည့်တင်းခဲ့သည်။
(၃) ၂၀၂၃ ခုနှစ်၊
ဒီဇင်ဘာလ (၂၅) ရက်နေ့၊ နံနက်(၇) နာရီ (၅၀) မိနစ်အချိန်ခန့်တွင်
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၌ ယမန်နေ့က စစ်ကောင်စီတပ်နှင့်
ရက္ခိုင့်တပ်တော် (AA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ
“ငွေတောင်ပေါက်ရဲစခန်း”
နှင့် ၎င်းစခန်းအနီးရှိ
“သူတော်မတောင်ကုန်းစခန်း”
တို့၌ နှစ်ဘက်တိုက်ပွဲဆက်လက်ပြင်းထန်နေခဲ့သလို
ရန်သူ့အခြေစိုက် စခန်းများမှလည်း စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့်
အရပ်သားပြည်သူများနေထိုင်ရာ မြို့ပေါ်ရပ်ကွက်များနှင့်
ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့သည်။
(၄) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ
(၂၅) ရက်နေ့၊ နေ့လယ်ပိုင်းအချိန်၌ ရက္ခိုင်ပြည်၊ မြောက်ဦးအခြေစိုက်
စစ်ကောင်စီ လက်အောက်ခံတပ်ရင်းများဖြစ်သည့် “ခမရ (၃၇၇)” နှင့် “ခမရ (၅၄၀)” တပ်ရင်းများမှ မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့်
ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ် ရမ်းကားပစ်ခတ်တိုက်ခိုက်ခဲ့ရာ
လက်ကောက်စျေးအုပ်စု၊ ဆင်ချဆိပ်ရပ်ကွက်မှ သက်ကြီးပိုင်းအမျိုးသား
(၁) ဦးမှာ လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့ကာ တစ်ရပ်ကွက်တည်းနေ
အမျိုးသား (၁) ဦး အပါအဝင် ကလေးငယ် (၂) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
(၅) ၂၀၂၃ ခုနှစ်၊
ဒီဇင်ဘာလ (၂၅) ရက်နေ့၊ ညနေ (၄) နာရီ (၂၀) မိနစ်အချိန်ခန့်တွင်
ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့၌ တိုက်ပွဲတစ်စုံ
တစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ ရမ်းဗြဲမြို့ပေါ်ရပ်ကွက်များနှင့်
အနီးအနားကျေးရွာများသို့ ဂျက်တိုက် လေယာဉ်ဖြင့် တမင်ရည်ရွယ်ချက်ရှိရှိ
လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမှတ် (၃) အင်းတောင်ရပ်ကွက်မှ နေအိမ်
(၁) လုံးမှာ လက်နက်ကြီးကျည်ထိမှန်၍ ပျက်စီးခဲ့ရသည်။
ထို့အပြင် ညနေ (၄)
နာရီခွဲအချိန့်ကလည်း အဆိုပါရဟတ်ယာဉ်သည် ရမ်းဗြဲမြို့အနီးအနားရှိ ကျေးရွာများသို့
တမင် ဦးတည်ပစ်မှတ်ထား၍
လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်၍ သံချောင်းတိုက်နယ်၊ ကျက်သရေကျေးရွာရှိ
ကိုယ်ရံတောင် တက်ဘုရားလမ်းဟောင်း၌ ဗုံး (၂) လုံး ကျရောက်ပေါက်ကွဲခဲ့သည့်အပြင်
အနီးအနားရှိကျေးရွာများသို့လည်း တမင် ဦးတည်ပစ်မှတ်ထားကာ ဗုံး (၅)
ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သကဲ့သို့ အမှတ် (၁) သဗြုချိန်၌လည်း အတွဲလိုက်ဒုံးကျည်ဖြင့်
(၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
(၆) ၂၀၂၃
ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့၊ နေ့လယ် (၁) နာရီအချိန်ခန့်တွင် ရက္ခိုင်ပြည်၊
မင်းပြားမြို့နယ်၊ ရေတံခွန် သိင်္ဂုတ္တရကျောင်းသစ်အထက် ကျိန်းတောင်တက်လမ်းရှိ
သီလတဝိဇရပ်အနီး၌ စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်ထားခဲ့သဖြင့်
မင်းပြားမြို့၊ အောက်ရွာပိုင်းရပ်ကွက်မှ ဒေသခံအမျိုးသား (၁)
ဦးမှာ ခြေထောက်တစ်ဘက် ပြတ်ထွက်ခဲ့ရကာ ခန္ဓာကိုယ်အနှံ့၌လည်း
ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
တစ်ချိန်တည်းတွင်ပင်
ဘူးသီးတောင်မြို့နယ်၊ ဖရုံချောင်း (ရက္ခိုင်) ကျေးရွာရှိ
ဘုန်းကြီးကျောင်းတောင်ကုန်းတွင် အခြေချ တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ
“ခမရ (၂၀၆) တပ်ရင်း”
မှ
စပါးရိတ်သိမ်းနေသည့် ဒေသခံမွတ်ဆလင် အမျိုးသား (၁) ဦးအား လက်နက်ငယ်များဖြင့်
ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တမင်တကာပစ်ခတ်ခဲ့သဖြင့် ဝမ်းဗိုက်၌
ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ သေဆုံးခဲ့ရသည်။
(၇) ယမန်နေ့
ညအချိန်ကလည်း ရက္ခိုင်ပြည်၊
မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်များမှ လက်နက်ကြီးများဖြင့်
မြောက်ဦးမြို့ပေါ်ရပ်ကွက်များသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်
မိမိတို့၏ အမျိုးသားပြယုဂ်ဖြစ်ရာ ရှေးဟောင်းအမွေအနှစ်များ
ထိန်းသိမ်းထားသည့် ပြခန်းအတွင်းသို့ လက်နက်ကြီးကျည် (၁) လုံး
ကျရောက်ပေါက်ကွဲ ခဲ့ရာမှ သမိုင်းဝင်ရှေးဟောင်းပစ္စည်းများ
ပျက်စီးခဲ့ရသည်။
တစ်ဆက်တည်းမှာပင် ည
(၁၁) နာရီအချိန်ခန့်ကလည်း ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၊
လက်ဝဲစာတိုက်ကျေးရွာ၊
တံတားဦး စစ်ကောင်စီတပ်ရင်းမှ အရပ်သားပြည်သူများနေထိုင်ရာနေရာများသို့
ညအချိန်မတော် ရမ်းကားပစ်ခတ်ခဲ့ပြီးနောက်
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား
အချိန်အတော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ ရန်သူ့
လက်ဝဲစာတိုက်တံတားဦးတပ်၊ တံတားဦးတောင်နှင့် ပုဏ္ဏားကျွန်း (၅၅၀) တပ်ရင်းတို့မှ
၎င်းကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်
၎င်းကျေးရွာရှိ လူနေအိမ် (၃) လုံးခန့်မှာ လက်နက်ကြီး ထိမှန်၍
ပျက်စီးခဲ့ရသည်။
(၈) ယမန်နေ့ ၂၀၂၃ ခုနှစ်၊
ဒီဇင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၇) နာရီအချိန်ခန့်က ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊
အာကာပြင်ကျေးရွာမှ တက္ကသိုလ်ကျောင်းသူ (၂) နှစ်ဦးသည် ဘူးသီးတောင်မြို့ထက်မှ
ကျေးရွာသို့ ပြန်လာစဉ် ဘူးသီးတောင်မြို့၊ ဂေါက်ကွင်းအနီးရှိ
စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့သည်။
စစ်ရေးမျက်နှာစာအသီးသီး၌ အဘက်ဘက်မှ
ရှုံးနိမ့်လျက်ရှိသည့် စစ်ကောင်စီသည် ယခုရက်များအတွင်း အရပ်သား ပြည်သူများ
သွားလာနေထိုင်ရာနေရာများတွင် ရည်ရွယ်ချက်ရှိရှိ မိုင်းလက်နက်ပစ္စည်းများ
ထောင်ထားခြင်းများနှင့် လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို
ဆက်တိုက်လုပ်ဆောင်လာနေသကဲ့သို့ သာသနိကရှေးဟောင်း အဆောက်အအုံများ၌
တပ်စွဲနေရာချထားခြင်းများအပြင် ပစ်ခတ်ဖျက်ဆီးခြင်းများကိုပါ
တစိုက်မတ်မတ် ကျူးလွန်လာ လျက်ရှိသည်။
ယနေ့ကဲ့သို့သော ခရစ်ယာန်ဘာသာကို
အလေးအမြတ် အထွတ်ထားသော ခရစ်စမတ်ပွဲတော်ကာလအတွင်း၌လည်း မိမိတို့ညီနောင် (၃)
ဖွဲ့ထဲမှ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ စံညှင်းဝေ (ခမီ)
ကျေးရွာအတွင်းတွင် ဒေသခံခရစ်ယာန် ဘာသာဝင်များ ခရစ်စမတ်ပွဲတော်
ပျော်ရွှင်စွာ ကျင်းပနေကြသည့် နေ့လယ် (၁၂) နာရီ (၂၆) မိနစ်အချိန်ခန့်ကလည်း
အဆိုပါကျေးရွာ၏တောင်ဘက် မီတာ (၃၀၀) ခန့်အကွာ (ယခင် ရွာဟောင်း) သို့
စစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိ ဖျက်လိုဖျက်ဆီးဖြင့် ဒရုန်းဗုံး (၁) လုံး
လာရောက်ပစ်ချတိုက်ခိုက်ခဲ့သည်။
မိမိတို့၏
စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။
ညီနောင်မဟာမိတ် (၃)
ဖွဲ့
MNDAA + TNLA + AA