စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဒေါက်တာအေးမာင်နှင့်ဝေဟင်အောင်တို့၏ ပြင်ဆင်မှုလျှောက်လဲချက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၌ ဇူလိူင်၂၆ ရက်နေ့ ကြားနာမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 4.7k

ခိုင်လင်း                                
နိရဥ္စရာ၊ ဇူလိူင် ၂၄/ ၂ဝ၁၉

အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ပြင်ဆင်မှု လျှောက်လဲချက်အား နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး၌ လာမည့် ဇူလိူင် ၂၆ ရက် သောကြာနေ့တွင် လက်ခံသင့်မသင့် ကြားနာရန်ရှိကြောင်း သိရသည်။

ယခုကဲ့သို လျှောက်လဲချက်ကြားနာမှုအား တင်သွင်းခဲ့ခြင်းမှာ စစ်တွေတရားရုံးမှဆုံးဖြတ်သောအမိန့်သည် ဥပဒေအရ မှားယွင်း နေ၍ ဖြစ်ကြောင်း ၎င်း၏ ရှေ့နေက ပြောကြားသည်။

“ အယူခံက တစ်ကြိမ်ထက်ပိုရင် ပြင်ဆင်မှုလို့ခေါ်တယ်။ အရပ်ဖက် စကားနဲ့ပြောရင်တော့ အယူခံပေါ့၊ အဲ့အမှုကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ကြားနာဖို့ရှိတယ်။ ဘာကြောင့်တင်ရတာလည်းဆိုတော့ စစ်တွေ တရားရုံးကဆုံးဖြတ်တဲ့အမိန် မှားလို့ဖြစ်တယ်။ ဥပဒေအရ ပေါ့။ ရခိုင်ပြည်နယ်တရားလွှတ်တော်ကို အယူခံတက်တဲ့ အခါမှာလည်း ရခိုင်ပြည်နယ်တရားလွှတ်တော်က ဘာမှမဆုံးဖြတ်ဘဲ ဒီအတိုင်း လျှောက်လွှာ ကိုပယ်ချလိုက်တယ်။ ပယ်လိုက်တဲ့အခါမှာ ဥပဒေကြောင်း အရ ပြောရေးဆိုခွင့်တွေ ဆုံးရှုံတာကြောင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို တက်ရတာ ဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ဇံက ပြောသည်။

ဤအမှုအား ဥပဒေအမြင်အရ ကြည့်လျှင် မှားယွင်းနေခြင်းကြောင့် မှန်မှန်ကန်ကန် တည့်မတ်ပေးရေးအတွက် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို တက်ခြင်းဟု ဦးအောင်ကျော်ဇံက ထပ်လောင်း ပြောကြားသည်။

“ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် လုပ်ပေးမယ်ဆိုရင်တော့ တရားမျှတမှု တစ်ခုရနိုင်မယ်လို့ ထင်ပါတယ်။ ဒေါက်တာအေးမောင်ကို အပြစ် ပေးထားတာ ဥပဒေအရမှားတာတွေရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတော်ပုန်ကန်မှုဆိုတာက ဖြစ်မြောက် ပုန်ကန်မှု လုပ်ရတယ်။ ဒေါက်တာအေးမောင်က သူကစစ်တိုက်တာမဟုတ်ပါဘူး။ ပါတီနိုင်ငံရေး လုပ်တယ်။ ပါးစပ်နဲ့ပြောတာက ဖြစ်မြောက် ပုန်ကန်တာမဟုတ်ဘူးလေ။ နိုင်ငံတော်ပုန်ကန်မှုနဲ့ အပြစ်ပေးတာဟာ ဥပဒေကြောင်းအရမှားတယ် တစ်ချက်၊ နောက်တစ်ချက်က ဒေါက်တာအေးမောင် စကားပြောဆိုတာနဲ့ ပတ်သက်လို့ သက်သေခံအထောက်အထားက မူရင်းမရှိဘူး၊ ဒါတွေက်ိုလည်း စစ်ဆေးတာမရှိဘူး။ ဥပဒေနဲ့ဆန့်ကျင်နေတယ်” ဦးအောင်ကျော်ဇံကပြောသည်။

ဒေါက်တာအေးမောင်သည် ကျန်းမာရေးကောင်းပြီး မနေ့က သားဖြစ်သူ ထောင်ဝင်စာလာရောက် ပို့ဆောင်ကြောင်း သိရသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညှိမှုတို့ဖြင့်  ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က ထောင်ဒဏ် နှစ် ၂ဝ စီချမှတ်လိုက်ခြင်း ဖြစ်သည်။

ဆက်စပ် သတင်းများ