သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် မိမိတို့၏ ထုတ်ပြန်ချက်ကို တန်ဖိုးထားရန် လိုအပ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 771

စိုးဇံအောင်
နိရဥ္စရာ ၊ ဇန်နဝါရီ ၁ / ၂ဝ၂ဝ

တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် မိမိတို့၏ အပစ်အခတ်ရပ်ဆိုင်းရေး ထုတ်ပြန်ချက်များကို တန်ဖိုးထားရန် လိုအပ်ကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

“Statement ကြေညာချက် ထုတ်တယ်ဆိုရင် ထုတ်တဲ့သူတွေကိုယ်တိုင်က ကိုယ်ထုတ်တဲ့ Statement ကို ကိုယ်တိုင်တန်ဖိုး ထားဖို့ နှစ်ဘက်စလုံးကလိုတယ်။ ကျွန်တော်တို့ ကြားက ပြည်သူတွေကတော့ ဒီလို ထုတ်တာကို ဝမ်းသာတယ်။ သို့သော် ထုတ်ပြီးရင် ပြဿနာတွေ ဖြစ်တယ်ဆိုရင် ကျွန်တော်တို့လည်း နားမလည်ဘူး။ဒါကြောင့် မိမိပြောတဲ့ စကား၊ မိမိထုတ်ပြန်တဲ့ သဘောထားအပေါ်မှာ နှစ်ဦးနှစ်ဘက်က တန်ဖိုးထားဖို့လိုတယ်။ ထုတ်လိုက်တဲ့ ထုတ်ပြန်ချက်တွေမှာ ကျွန်တော်တို့က ဖတ်လိုက်ရင် ဝမ်းသာရတယ်။ ငြိမ်းချမ်းရေးဘက်ကို ဦးတည်တဲ့ အတွက်။ သို့သော်လည်း  ဖြစ်လာတဲ့ နောက်ဆက်တွဲတွေက ထုတ်ပြန်ချက်နဲ့ မညီ။ လွဲချော်မှုတွေဖြစ်လာတာကို စိတ်မကောင်းဘူး။ အဲဒါကြောင့် ထုတ်လိုက်တဲ့ ထုတ်ပြန်ချက်အတိုင်း နှစ်သစ်မှာ ဖြစ်ပါစေ။ နှစ်ဦးနှစ်ဘက်က လည်း အဲဒါကို တန်ဖိုးထားပြီးတော့ ပြေလည်ပါစေ။ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်”ဟု ဦးဦးလှစော က နိရဥ္စရာ သို့ပြောသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်(MNTJP/MNDAA)၊တအာင်း(PSLF/TNLA)နှင့် ရခိုင်(ULA/AA) တို့မှ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂၉ ရက်နေ့အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းရေး သက်တမ်း (၂) လတာတိုးမြှင့်လိုက်ကြောင်း ယနေ့  ပူးတွဲထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်

အဆိုပါ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့မှ ထုတ်ပြန်သော ကြေညာချက်ထဲတွင် မြန်မာ့တပ်မတော်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးအပေါ် ထိုးစစ်ဆင်မှုများကို ချက်ချင်းရပ်တန့်ပြီး အပစ် အခတ်ရပ်စဲရေးနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်လိုသည့်ဆန္ဒကို အပြည့် အဝဖော်ပြကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးရန်လည်း တိုက်တွန်းထားသည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အမှန်တကယ်အပစ်အခတ်ရပ်စဲရေးကို လိုလားလျှင် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင် စိုးက ပြောသည်။

“အဓိကကတော့ တပ်ကလည်းပဲ တစ်ဖတ်သက်အပစ်အခတ်ရပ်တယ်ဆိုပြီး ကြေညာတာ သုံးကြိမ်သုံးခါရှိပြီ။ အခု တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကလည်း တစ်ဖက်သတ်အပစ်ရပ်သက်တမ်း သုံးကြိမ်တိုးတာပေါ့လေ။ ဒါပေမယ့် လက်တွေ့မှာ အဲဒါအလုပ်မဖြစ်ဘူး။ လက်တွေ့မှာ နှစ်ဘက်ညှိနှိုင်းပြီး အပစ်ရပ်မှပဲ တကယ်အပစ်ရပ် နိုင်မယ်လို့ ထင်ပါတယ်။ တစ်ဖက်သတ်ဆိုတဲ့ အပြန်အလှန်ကြေညာနေတာကတော့ နိုင်ငံရေးအရ ထိုးစစ်ဆင်တာ တစ်ခုက လွဲလို့ မပိုဘူးဗျ။ လက်တွေ့မှာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းပြီးမှာသာလျှင် တကယ်အပစ်ရပ်တဲ့ ကိစ္စကို ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ၂ဝ၁၈ ဒီဇင်ဘာလနောက်ပိုင်းမှ စတင်ပြီး တိုက်ပွဲဖြစ်ပွားလာရာ ယခုဆိုလျှင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ ဖြစ်သည်။

တိုက်ပွဲတစ်နှစ်တာကာလအတွင်း စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ သိန်းဂဏန်းအထိ ရှိလာပြီး နှစ်သစ်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားမည်ကို ပြည်သူများက စိုးရိမ်နေကြသည်။

“ကျွန်တော်တို့ သွားချင်တဲ့ဟာက ဒီမိုကရေစီဖက်ဒရယ်နိုင်ငံပေါ့နော်။ အဓိက ပြန်ကြည့်မယ်ဆိုရင်တော့ ကိုယ့်လူမျိုး ကိုယ်အုပ်ချုပ်ပြီး တစ်နိုင်ငံတည်းမှာ အတူနေတဲ့ဟာမျိုး သွားရမှာပေါ့နော်။ဒါပေမယ့် တကယ့် လက်တွေ့မှာ ဆိုရင် အဲလို အခွင့်အရေးမပေးထားဘူးပေါ့နော်။ ရခိုင်မှာဆိုရင် ရခိုင်ခေါင်းဆောင်တွေ ရခိုင်ခေါင်းဆောင်တွေ စီမံအုပ်ချုပ်တဲ့  ဟာမျိုးဖြစ်ရမယ်။ အဲလိုမျိုးအခွင့်အရေးကလည်း တကယ်ရလာပြီ။ အစိုးရကလည်း တကယ်ပေးတော့မယ်လို့ ဖြစ်လာပြီဆိုရင် တိုက်ပွဲရပ်သွားမယ်လို့ ထင်တယ်။  တွေ့ဆုံဆွေးနွေး ပွဲကတော့ အမြဲတမ်းတော့ လုပ်ဖို့လိုတယ်။ ဒါပေမယ့် အပြောင်းအလဲ အလုပ်လုပ်ရမယ့်ဟာက အစိုးရက ပိုပြီးလုပ်ရမှာဗျ”ဟု နိုင်ငံတကာ ငြိမ်းချမ်းရေး လူငယ်အဖွဲ့(International Peace Youth Group) မြန်မာနိုင်ငံတာဝန်ခံ လူငယ် ကိုအောင်မြင့်သူ က နိရဥ္စရာသို့ ပြောသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဤကဲ့သို့ မိမိတိ့ဘက်မှ တစ်ဖက်သတ် အပစ်အခတ် ရပ်ဆိုင်းကြောင်း ကြေညာထားသည့် ကာလအတွင်း မြန်မာ့တပ်မတော်မှ မိမိတို့အဖွဲ့အစည်းများအား ပုံစံအမျိုးမျိုးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေမည်ဆိုပါက မိမိတို့ ညီနောင်မဟာမိတ်(၃) ဖွဲ့အနေဖြင့် အဖိနှိပ်ခံ တိုင်းရင်းသားများနှင့် လက်တွဲပြီး မိမိကိုယ်မိမိ ခုခံကာကွယ်သွားမည်ဟု ထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြထာသည်။

--------------------------

Unicode:



နိရဉ်စရာ ၊ ဇနျနဝါရီ ၁ / ၂ဝ၂ဝ











ဆက်စပ် သတင်းများ