ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်နိုင်ငံရေးပါတီသုံးခု တွေ့ဆုံဆွေးနွေးရန် ALD ကမ်လှမ်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 3.7k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မတ် ၃ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော အရေးကိစ္စများနှင့်ပတ်သက်ပြီး သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရန် ရခိုင်နိုင်ငံရေး ပါတီများဖြစ်သော ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင် ပါတီ(AFP)တို့ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)က ကမ်းလှမ်း ဖိတ်ခေါ်ထားသည်ဟု သတင်း ရရှိသည်။

ထိုသို့ ကမ်းလှမ်းဖိတ်ခေါ်ထားခြင်း အပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ၏ ပြန်ကြားရေး တာဝန်ခံ ဦးလှမြင့်အား ဆက်သွယ်ရာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

ရခိုင် နိုင်ငံရေး ပါတီသုံးခုမှ အဆိုပါ ကမ်းလှမ်းချက်အား လက်ခံမည်ဆိုပါက လာမည့် မတ်လ ၈ ရက်နေ့၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံသွားကြမည်ဟု သိရသည်။

ရခိုင်အမျိုးသားပါတီ (ANP)အနေဖြင့် အဆိုပါတွေ့ဆုံပွဲသို့တက်ရောက်ရန်ပြင်ဆင်နေပြီး စစ်တွေရှိ ပါတီဗဟိုဌာနချုပ်တွင် မအားလပ်ကြသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်တစ်ဦးကိုသာ စေလွှတ်သွားမည်ဟု ဆိုသည်။

"ဘာတွေဆွေးနွေးမယ်ဆိုတာက သူတို့ အာဂျန်တာကိုယ်တိုင်ကို မသိဘူး။ ကျနော်တို့က ခေါင်းစီးလောက်ပဲ သိတာကိုး။ လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးနဲ့ဆွေးနွေးမှာဆိုတော့ ရခိုင်ပြည်နယ်အရေးမှာ ဘာကိစ္စကိုဆွေးနွေးမယ်ဆိုတာကို ကျနော်တို့မသိသေးဘူး။ ခေါင်းစီးတစ်ခုတည်းပဲ ပေးရုံနဲ့ ဘာတွေဆွေးနွေးမလဲ ကျနော်တို့လည်း မပြောတတ်ဘူး။ သူတို့ ချထားတဲ့ အာဂျန်တာအပေါ်မှာကြည့်ပြီးတော့ ဆွေးနွေးရမယ်"ဟု ရခိုင်အမျိုးသားပါတီ၏ မူဝါဒရေးရာဖော်ဆောင်ရေးဗဟိုကော်မတီဝင် ဦးခိုင်ပြည်စိုးက နိရဥ္စရာကို ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဦးခင်နုကမူ အဆိုပါတွေ့ဆုံပွဲသည် ခေါင်းစဉ်မရှိဘဲ ဖိတ်ကြားသည့် ပွဲဖြစ်၍ သွားသင့်၊ မသွားသင့် ပါတီတွင်းဆွေးနွေးရဦးမည်ဟု နိရဥ္စရာကို ပြောသည်။

"သွားသင့်၊ မသွားပေါ့နော်။ သွားရင် ဘာတွေဘာတွေပြောကြမလဲဆိုတာတွေပေါ့။ အဲဒါတွေကို ဆွေးနွေးကြရဦးမယ်။ သူတို့မှာ ခေါင်းစဉ်မရှိဘဲ အလွတ်သဘော စကားပြောကြမယ့် ပုံစံမျိုး ပြောထားတ။"ဟု ဦးခင်နုက ဆိုသည်။

တွေ့ဆုံပွဲတွင် ဆွေးနွေးမည့် အစီအစဉ်ကို ချပြခြင်း မရှိသေးသည့်အတွက် ဆွေးနွေးပွဲကို ဦးဆောင်ဖိတ်ကြားသူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က နိရဥ္စရာသတင်းဌာနက ဆက်သွယ်ရာ ၎င်းက "ရခိုင်အရေးဆိုတာကတော့ လက်ရှိ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး၊ ဒီ ၂ဝ၂ဝ ရွေးကောက်ပွဲဆိုတဲ့ဟာမျိုး နိုင်ငံရေးကတော့ နိုင်ငံရေးနဲ့ ဆိုင်တဲ့ကိစ္စတွေပဲဖြစ်မှာပါ။ ဒီဟာတွေကိုလည်း ကျနော်တို့ကတော့ ဘယ်လို ဘယ်လို ဆိုပြီး အာဂျန်တာသဘောမျိုး ဆွဲထားတာတော့မရှိသေးဘူး။ တွေ့တဲ့အခါမှပဲ တွေ့ဆုံတဲ့ပွဲကမှ အဲဒါတွေကိုညှိနှိုင်းပြီး သူတို့ ခေါင်းစဉ်ချပြီးတော့ အဲလို ဆွေးနွေးသွားဖို့အစီအစဉ်ပါ"ဟု ဦးမျိုးကျော်က ပြောသည်။

ယခုတွေ့ဆုံပွဲမှ ထွက်ပေါ်လာသည့်ရလဒ်များကို မည်သို့မည်ပုံဆက်လုပ်သွားမည်ဆိုသည်မှာ တွေ့ဆုံပွဲကသာဆုံးဖြတ်သွားမည်ဖြစ်ပြီး ယခုလောလောဆယ် မပြောနိုင်သေးဟုလည်း ပွဲဦးဆောင်သည့် ALD ပါတီက ဆိုသည်။

"အဲဒါကတော့ အဲဒီအစည်းအဝေး သူတို့ တွေ့ဆုံတဲ့နေရာကမှ ဘာတွေရမလဲ၊ ဘာတွေ လုပ်ကြ မလဲဆိုတာတော့ အဲဒီဆွေးနွေးပွဲကပဲ အရာရာကိုဆုံးဖြတ်လို့ရမယ်။ ကျနော်တို့ တစ်ခုမှ ပြောလို့ မနိုင်သေးဘူး"ဟု ALD ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေမှုကြောင့် အပြစ်မဲ့အရပ်သားသေဆုံးသူ ၁၃ဝ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂ဝဝ ကျော်ရှိကာ သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅ဝဝ ကျော်ရှိသွားပြီဟု ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ရခိုင်အရပ်ဘက် အဖွဲ့ အစည်းများ၏ စာရင်းများအရ သိရသည်။

ယင်းအပြင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းနှစ်သောင်းကျော်ရှိနေပြီဟုလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုများကြောင့် ရခိုင်တွင် လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိ/မရှိဆိုသည်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း အတိအလင်း ထုတ်ပြန်ခြင်းမရှိသေးပေ။

အဆိုပါတွေ့ဆုံပွဲတွင် ပါတီတစ်ခုလျှင် ပါတီကိုယ်စားပြု လေးဦးစီ တက်ရောက်ရန် ဖိတ်ကြား ထားသည်ဟုလည်း ဦးမျိုးကျော်က ပြောဆိုသည်။

---------------------------

Unicode:

















ဆက်စပ် သတင်းများ