သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

တိုင်းရင်းသားနယ်မြေတွေမှာတိုင်းရင်းပါတီတွေကိုမဲပေးဖို့နာဂအမျိုးသားပါတီ ဥက္ကဋ္ဌတိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 5.4k

နိရဥ္စရာ၊ စက်တင်ဘာ၂၈/၂ဝ၂ဝ

တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားတွေအနေနဲ့ တိုင်းရင်းပါတီတွေကို မဲပေးဖို့ နာဂအမျိုးသားပါတီ (Naga National Party) ဥက္ကဋ္ဌ ဦးရှုမောင်က တိုက်တွန်းလိုက်တယ်လို့ Daily Eleven သတင်းစာမှာ စက်တင်ဘာ ၂၇ ရက်နေ့က သတင်းဖော်ပြပါတယ်။

“ တိုင်းရင်းသားနယ်မြေတွေမှာဆိုရင်တော့ နာဂပါတီတင်မဟုတ်ဘူး။ ချင်းလူမျိုးဆိုရင်လည်း ချင်းပါတီကိုမဲပေးသင့်တယ်။ ရှမ်းလူမျိုးဆိုရင်လည်း ရှမ်းပါတီကိုမဲပေးသင့်တယ်။ ရှမ်းပါတီ ဘယ်နှခုရှိသလဲ။ ကိုယ်နဲ့သင့်တော်တဲ့ပါတီက ဘယ်ဟာလဲ။ ဘယ်ဟာပဲဖြစ်ဖြစ် ရှမ်းအမျိုးသားကို ရပ်တည်ပြီးပြိုင်တာဆိုရင် ကိုယ်ဘာလူမျိုးဆိုတဲ့ ရပ်တည်တဲ့သူတွေက ကိုယ့်တိုင်းရင်းသားပါတီကို မဲပေးသင့်တယ်။ ရခိုင်ပါတီကိုလည်း ရခိုင်လူမျိုးဆိုပြီး ရပ်တည်မှုအတွက် မဲပေးသင့်ပါတယ်” ဟု နာဂအမျိုးသားပါတီ (Naga National Party) ဥက္ကဋ္ဌ ဦးရှုမောင်က ပြောပါတယ်။

ဒါ့ပြင် သူက “ နာဂလို့ပြောလာခဲ့လို့ရှိရင် နာဂရဲ့ မိခင်ပါတီမရှိတဲ့ အတွက် ပြည်မပါတီကိုဘဲ အားကိုးခဲ့ရတယ်။ ဖွံ့ဖြိုးရေး လိုအပ်ချက်အရလည်း အားကိုးခဲ့ရတယ်။ အဲဒီအတွက်ကြောင့် ကိုယ်ဘာလူမျိုးဖြစ်ခြင်း အပေါ် အခြေခံပြီး နာဂပါတီကို မဲပေးဖို့လိုမယ်။ နာဂလို့ ပြောရင် နာဂရဲ့ နယ်မြေအပိုင်းအခြား အဲဒါဘယ်မှာ နေနေမလဲ။နာဂရဲ့ ပါတီကို မဲပေးလို့ ရတဲ့နယ်မြေထဲမှာရှိရင်တော့ အဲဒီလို မဲပေးရင်ကောင်းမှာပါ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ပြည်မအတွင်းမှာလည်း တိုင်းရင်းသားလူမျိုးတွေရဲ့ အကျိုးစီးပွားနဲ့  ရပိုင်ခွင့်တွေကို ပြုလုပ်ပေးနိုင်မယ့်  ပြည်မပါတီကြီးများကိုသာ မေးပေးဖို့ လိုအပ်တယ်လို့ ၎င်းက ပြောကြားပါတယ်။

နာဂ အမျိုးသားပါတီအနေနဲ့ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

နာဂအမျိုးသားပါတီ ( National Naga Party) ကို ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ(၉) နှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။  ပါတီဌာနချုပ်ကတော့  စစ်ကိုင်းဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်တွင် တည်ရှိပါတယ်။

(Photo from The Print)

ဆက်စပ် သတင်းများ