ရခိုင်အပါအဝင် မြန်မာပြည်သူ၊ ပြည်သားတွေအားလုံး ကိုဗစ်ရောဂါကနေ ကင်းဝေးကြစေဖို့ (၆၃)နှစ်မြောက် ဒေါက်တာအေးမောင်မွေးနေ့မှာ ဇနီးဖြစ်သူဆုတောင်း


နိရဥ္စရာ၊ နိုဝင်ဘာ ၁ /၂ဝ၂ဝ

(နှစ်ပေါင်း ၂ဝ ထောင်ပြစ်ဒဏ်နဲ့အင်းစိန်ထောင်ထဲကိုရောက်နေတဲ့ ဒေါက်တာအေးမောင်ရဲ့ (၆၃)နှစ်မြောက်မွေးနေ့မှာ ဇနီးဖြစ်သူဒေါ်မြမြသက်ကို နိရဥ္စရာအကြီးတန်း သတင်းထောက်  မအိမ်စိုးဖြူ မေးမြန်းတင်ပြပေးလိုက်ပါသည်။)

မေး- ဒီနေ့က ဒေါက်တာရဲ့ ၆၃ နှစ် မြောက်မွေးနေ့ဆိုတော့ ဆရာမအနေနဲ့ပြောစရာများရှိရင် ပြောပြပေးပါ။
ဖြေ- ဆရာ့ရဲ့ ၆၃ နှစ်ပြည့် မွေးနေ့ပေါ့နော်။ အန်တီအနေ့နဲ့ပြောချင်တာကတော့ အသက်တွေလည်း ကြီးလာပြီဆိုတော့ မိသားစုနဲ့လည်း ဝေးဝေးနေရတယ်။ ကိုဗစ်ကာလမှာဆိုတော့လေ။ ကျန်းမာရေးကိုလည်း အန်တီတို့က စိုးရိ်မ်တယ်ပေါ့နော်။ ဟိုမှာ ဘယ်လိုနေမယ်။ ဘယ်လိုစားမယ် ဆိုတာလေးတွေ။ စဉ်စားရင်းနဲ့ စိုးရိမ်မှုတွေက လွန်ကဲနေတာပေါ့။ သူ့ကို ဒီမွေးနေ့မှာ အလှူအတန်းတွေ လုပ်ပြီးတော့ မြန်မြန် ပြန်လွတ်ဖို့ အန်တီဆုတောင်းနေပါတယ်။

မေး- ဆရာ့ရဲ့ ၆၃ နှစ်မြောက်မွေးနေ့မှာ ဆရာက အကျည်းထောင်ထဲရောက်နေရတယ်ဆိုတော့ ဒီအပေါ်မှာ ဆရာမအနေနဲ့ ဘာပြောချင်ပါလဲ။
ဖြေ- ကျွန်မအနေနဲ့ပြေချင်တာကတော့ ဒီလို ဦးအေးမောင်အနေနဲ့လေ ဘာမှမတရားတာလည်း မလုပ်ဘူး။ ရခိုင်တွေရဲ့အကျိုး၊ မြန်မာနိုင်ငံရဲ့အကျိုးပဲ သူကဆောင်ရွက်ခဲ့တဲ့ လူတစ်ယောက်ဆိုတော့ အန်တီအနေနဲ့ မတရားချုပ်နှောင်ထားတယ်လို့ပဲ အန်တီဆိုချင်ပါတယ်။ ဆိုသလိုပဲလည်း ပြည်သူလူထုတွေကလည်း အဲလိုပဲ ထင်ကြပါတယ်။ အမှန်လည်း အဲလိုပါပဲ။ အဲဒါကြောင့် မြန်မြန်လွှတ်ပေးစေချင်တာပေါ့။ အသက်တွေလည်း ကြီးလာပြီဆိုတော့လေ။

မေး- ဆရာ့အနေနဲ့ အကျည်းထောင်ထဲမှာ နေ့တဓူဝ ဘယ်လိုတွေ ဖြတ်သန်းနေရပါလဲ။ ဆရာမ သိရှိ ထားတာတွေရောရှိပါလား။
ဖြေ- အန်တီတို့ တွေ့ခွင့်လည်း မရှိဘူး။ အန်တီတို့လည်း စစ်တွေမှာပဲရှိနေတာဆိုတော့ ရန်ကုန်ကိုက သွားဖို့ အတွက်မလွယ်ဘူး။ အန်တီကျန်းမာရေးစစ်ဖို့ သွားတဲ့အခါ ဟိုတစ်ခေါက်က တစ်ခါပဲ တွေ့ခွင့်ရခဲ့တယ်။ အခုလည်း ကိုဗစ်နဲ့ မို့လို့ မသွားရပြန်ဘူး။ ရန်ကုန်မှာ ရှိနေတဲ့ ညီမ မိသားစုကပဲ တစ်လတစ်ခါဖြစ်ဖြစ် ၊ နှစ်ပတ် တစ်ခါဖြစ်ဖြစ်၊ ကိုဗစ်နဲ့ဆိုတော့လေ တစ်လကျော်ရင်ကျော်သွားတယ်။ အဲလိုမျိုး စားစရာလေးတွေတော့ သွားပို့ပါတယ်။ ဒါပေမဲ့ အစားဆင်းရဲ၊ အနေဆင်းရဲတော့ ရှိမှာပေါ့။ အိမ်မှာနဲ့ ဘယ်တူမလဲလေ။ တွေ့လည်း မတွေ့ရဘူးဆိုတော့ သူဘယ်လိုနေတယ်၊ ထိုင်တယ်၊ စားတယ်ဆိုတာ နေရေးထိုင်ရေး ကအစ ကျန်းမာရေးက အစ အန်တီတို့ စိုးရိမ်မိတယ်။

မေး- ဆရာကို ဒီလိုနှစ်ရှည်ထောင်ဒဏ်ချမှတ်ထားတဲ့ အပေါ်မှာ ဆရာမအနေနဲ့ ဘယ်လိုမြင်ပါလဲ။
ဖြေ- ကျွန်မအနေနဲ့ မတရားဘူး။ မတရားချုပ်နှောင်ထားတယ်လို့ပဲမြင်ပါတယ်။

မေး- ဆရာပြန်လွတ်လာဖို့အတွက်ဆိုရင်ရော ဘာပြောချင်ပါလဲ။
ဖြေ- ပြန်လည်လွတ်မြောက်လာမယ်ဆိုရင်တော့ ကျွန်မ အတိုင်းထက်အလွန်ဝမ်းသာမိမှာပါ။ လွတ်ပေးတဲ့လူတွေကိုလည်း ကျေးဇူးတင်မှာပေါ့။ နိုင်ငံတော် အကြီးအကဲတွေက ဒီနေ့လွှတ်ရင် ဒီနေ့ရပါတယ်။ အဲဒါကြောင့် သူတို့ရဲ့မေတ္တာကြောင့်ပဲ လွှတ်ပေးစေချင်တယ်။

မေး- ဆရာ့ရဲ့ဇနီးတစ်ယောက်၊ မိန်းမသားတစ်ယောက်အနေနဲ့ ပေါ့နော် ဒီနေ့လိုနေ့မျိုးမှာ ဘယ်လိုခံစားရပါလဲ။ နောက်ပြီး ဆရာ့အတွက်ဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ပေးဖြစ်ပါလဲ။
ဖြေ- ဒီနေ့ ဆရာ့တွက် ၆၃ နှစ်မြောက်ဆွမ်းကပ်ပါတယ်။ ကျွန်မမိန်းမသားတစ်ယောက်အနေနဲ့ အိမ်ထောင် ဦးစီးတစ်ယောက် မရှိဘူးဆိုတော့ အားငယ်တာပေါ့။ ကျွန်မကျန်းမာရေးကလည်း မကောင်းဘူးဆိုတော့ အားငယ်တာပေါ့။ ဆရာကတော့ အန်တီကို အမြဲပြောပါတယ်။ “ ငါမတရားမှု၊ သူခိုးဂျပိုးမဟုတ်ဘူး။ ငါမတရား လုပ်လို့ ထောင်ထဲဝင်ရတာမဟုတ်ဘူး။ ဘာမှ အားမငယ်နဲ့။ မျက်နှာငယ်စရာလည်း မရှိဘူး။ အားမငယ်နဲ့။ အားတင်းထား။ အဲလိုပဲသူကပြောပါတယ်။ ဆရာ့အတွက် ရခိုင့်ဦးဆောင်ပါတီကလည်း ဆွမ်းကျွေး အလှူတွေလုပ်ပေးတယ်လို့ သိရပါတယ်။

မေး- ဆရာရဲ့ ၆၃ နှစ်မြောက်မွေးနေ့ကို မွေးနေ့ဆုတောင်း အမှာစကားလေး ပြောပြပေးပါ။
ဖြေ- သူရဲ့ ၆၃ နှစ်မြောက်မွေးနေ့မှာ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ ပြန်လွတ်လာဖို့။ ရခိုင်ပြည်သူ၊ ပြည်သား၊ မြန်မာပြည်သူ၊ ပြည်သားအားလုံး ကိုဗစ်ရောဂါကနေ ကင်းဝေးကြပါစေ။ ရခိုင်ပြည်သူ၊ ပြည်သားတွေလည်း စစ်ဘေးဒဏ်က ကင်းဝေးကြပါစေလို့ပြောချင်ပါတယ်။


(ပြီး)


Share: