သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

AA ထုတ်ပြန်ချက် “ငြိမ်းချမ်းရေးအတွက် တကယ်ကောင်းတဲ့ကိစ္စ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 2k

အိမ်စိုးဖြူနှင့်ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ၁၂/၂ဝ၂ဝ

ရွေးကောက်ပွဲမကျင်းပရသေးသည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပနို်င်ရေးအတွက် ရက္ခိုင့်တပ်တော် (AA)မှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့စွဲနှင့် ထုတ်ပြန်ချက်အပေါ် ငြိမ်းချမ်းရေးအတွက် တကယ်ကောင်းသည့် ကိစ္စဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ပြောဆိုသည်။

“ ရခိုင်မှာ ကျနော်တို့ ၉ မြို့နယ် ရွေးကောက်ပွဲ မကျင်းပနိုင်တာသည် နိုင်ငံရေးဘောင်ကျဉ်းသွားတဲ့ ကိစ္စဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ဒီကိစ္စကို  အမြန်ဖြေရှင်းဖို့ လိုပါတယ်။ နောက်တစ်ချက်က ရခိုင်မှာ တပ်မတော် ဘက်ကရော၊ AA ဖက်ကရော အပြန်အလှန် အပြစ်အခတ် ရပ်စဲတဲ့ အချိန်ကာလကို အခွင့်ကောင်း ယူပြီးတော့ လာမယ့် လတွေ အတွင်းမှာပေါ့နော် အစိုးရသစ်မဖွဲ့ခင်မှာ ကျနော်တို့ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပနိုင်မယ် ဆိုရင် လွှတ်တော်နိုင်ငံရေး အခင်းအကျင်းဟာ ပိုအသက်ဝင် လာပါမယ်။ အဲဒီအတွက် ဥပဒေဘောင် အတွင်း နိုင်ငံရေးဟာကျယ်လာရင်တော့ ကျနော်တို့ စစ်ဘောင်ကို လျော့ချလို့ရပါလိမ့်မယ်။ တတိယ အချက် ကတော့ ဒီလို့ လုပ်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး AA ဖက်ကလည်း ဆန္ဒရှိတယ်ဆိုရင် ဒီလိုလုပ်နိုင်တဲ့ အခွင့်အလမ်းတွေပေါ်ကနေပြီးတော့ ကျနော်တို့ AA နဲ့ အပစ်အခတ် ရပ်စဲရေးတို့၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတို့ အတွက်လည်း လမ်းကြောင်း ပေါ်သွားလိမ့်မယ်ထင်ပါတယ်။ ဒါဟာ တကယ်ကောင်းတဲ့ ကိစ္စပါ။ တစ်ဖက်ကလည်း (NLD) ပါတီသည်လည်း ဒီနေ့ (၃၉) ပါတီကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြဖို့ စပို့တာကို တွေ့ရတယ်ဗျ။ ဒီလို့အခြေအနမျိုးတွေရှိလာရင် ဒါဟာ ကောင်းတဲ့ကိစ္စလို့ပဲ ပြောရပါမယ်။”

ရွေးကောက်ပွဲကို မကျင်းပနိုင်ပါက ရခိုင်လူထုရ၏ တရားဝင် နိုင်ငံရေးဘောင်ထဲတွင် ပါဝင်လှုပ်ရှားမှု နည်းပါးသွားနိုင်ပြီး  စစ်ဘောင်ကျယ်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ မကျင်းပနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့ ရခိုင်ပြည်နယ်လွှတ်တော်အခင်းအကျင်းဟာ အရမ်းဘောင်ကျဉ်း သွားလိမ့်မယ်ဗျ။ ဘောင်းကျဉ်းသွားရင် အဲဒါနိုင်ငံရေးဘောင်ကျဉ်းတာဖြစ်သွားပြီးတော့ ရခိုင်လူထုရဲ့ တရားဝင် နိုင်ငံရေးဘောင်ထဲမှာ ပါဝင်လှုပ်ရှားမှုနည်းပါးသွားလို့ရှိရင် ကျနော်တို့ စစ်ဘောင်ကျယ်တာဖြစ်လာနိုင်ပါတယ်။ အဲတွက် အဲဒါတွေကတော့ မကောင်းပါဘူး။ အမြန်ဆုံးနိုင်ငံရေးဘောင် ကျယ်အောင်လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ ”

အနိုင်ရ (NLD) ပါတီအနေဖြင့် တိုင်ရင်းသားပါတီများကို မိတ်ဖက်ပါတီများ အဖြစ်သဘောထားကာ တိုင်းရင်းသား အရေးကို ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဦးမောင်မောင်စိုးက ပြောဆိုသည်။

“ ရခိုင်ပြည်နယ် အရေးပဲဖြစ်ဖြစ်၊ တိုင်းရင်းသားပြည်နယ် အရေးပဲဖြစ်ဖြစ် အနိုင်ရ (NLD) ပါတီအနေနဲ့ မိတ်ဖက်ပါတီတွေ၊ ဆွေးနွေးဖက်ပါတီတွေအဖြစ် သဘောထားမယ်။ သူတို့ရဲ့ ပြည်နယ်အရေးကိစ္စ၊ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်ရင် မိတ်ဖက်ပါတီတွေအဖြစ်၊ ဆွေးနွေးဖက်ပါတီတွေအဖြစ် ဆွေးနွေးပြီးတော့ ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် ကျနော်တို့က ဒီပြဿနာဖြေရှင်းဖို့ လမ်းစပွင့်သွားလိမ့်မယ် ထင်ပါတယ်။”

၎င်းပြင်ရွေးကောက်ပွဲကျင်းပနိုင်ပါက အကောင်းဆုံး အခြေအနေဖြစ်လာမည်ဟု ပြောဆိုသည်။

“ ကျနော်အနေနဲ့ကတော့ ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပနိုင်ရင် အကောင်းဆုံးပေါ့ဗျ။ နောက်အစိုးရမဖွဲ့ခင်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရင်တော့ အကောင်းဆုံးပါပဲ။”

ယနေ့ ရက္ခိုင့်တပ်တော် (AA) ၏ ထုတ်ပြန်ချက်ထဲတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်မီ အတောအတွင်း ကျင်းပနိုင်ရန် NLD အစိုးရနှင့် မြန်မာ့တပ်မတော်တို့အား မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရန် တည်ငြိမ်သော အခင်းအကျင်း အခြေအနေတစ်ခုကို ဖန်တီးရန် အတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့နှင့် သင့်တော်သလို ပံ့ပိုးကူညီလုပ်ဆောင်သွားရန် ULA/AA မှ ဆန္ဒရှိပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ