အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မြန်မာ့တပ်မတော်နှင့် ULA/AAတို့ ထုတ်ပြန်ချက် ANP ကြိုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 10.1k

ခိုင်လူလှ (ရိုးမမြေ)၊ ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ၁၃/၂ဝ၂ဝ

ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA / AA) နှင့် မြန်မာ့တပ်မတော်တို့မှ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းရန် ထုတ်ပြန်သည့် ကြေညာချက်များနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) က ကြိုဆိုလိုက်သည်။

ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့စွဲဖြင့် ရခိုင်အမျိုးသားပါတီ (ANP) ထုတ်ပြန်ချက်ထဲတွင်  ၂ဝ၂ဝ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA / AA) နှင့် မြန်မာ့ တပ်မတော်တို့မှ ထုတ်ပြန်သည့် ကြေညာချက်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း၌ ထာဝရငြိမ်းချမ်းရေး လမ်းကြောင်းအစပျိုးသည့် အပြုသဘောဆောင်သော ချဉ်းကပ်မှုဖြစ်သည့်ဟု ယုံကြည်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ၏ ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် ဦးစွာဖော်ပြသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကို နိရဥ္စရာသတင်းဌာနက  ဆက်သွယ်မေးမြန်းခဲ့ရာ မင်္ဂလာရှိသော ကမ်းလှမ်းချက်၊ ထုတ်ပြန်ချက်များဖြစ် သဖြင့် ကြိုဆိုရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

 “ ကျမတို့ကတော့ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြင်ဆင်ပြီးတော့ အားလုံးအဆင့်အသင် မဲဆွယ် စည်းရုံးမှု တွေကို အကန့်အသတ်တွေ စဉ်ခေါ်မှုတွေကြားက ဆောင်ရွက်နေပြီးမှ ပယ်ဖျက်လိုက်တယ်ဆိုတာကို ခံလိုက်ရတဲ့ ပါတီဖြစ်ပါတယ်။ အဲဒီမှာမှ လုံခြုံရေး မငြိမ်းချမ်းဘူးဆိုတာကို အကြောင်းပြတဲ့ AA/ ULA နဲ့ မြန်မာ့တပ်မတော် နှစ်ခုစလုံးက မနေ့က သဘောထား တူညီပြီးတော့ အချိန်တို အတွင်းမှာကို ဒီကိစ္စအ တွက်ဖြင့် ရွေးကောက်ပွဲကို ပြန်လည် ကျင်းပဖို့အတွက် ပါဝင်ကူညီဆောင်ရွက်ကြမယ် ဆိုတာ တကယ့်ကို မင်္ဂလာရှိတဲ့ ကမ်းလှမ်းချက်တွေ၊ ထုတ်ပြန်ချက်တွေဖြစ်တယ် လို့ ကျမတို့ပါတီက ယူဆပါတယ်။ ဒါကြောင့်ပဲ ဒီနေ့ ကျမတို့က ဒီထုတ်ပြန်ချက်တွေကို ထောက်ခံတဲ့ ကြိုဆိုတဲ့ သဘောထားကြေညာချက်ကို ထုတ်ပြန်ရတာ ဖြစ်ပါတယ်။”

၎င်းပြင် ထုတ်ပြန်ချက်ထဲတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များနှင့် မဲဆန္ဒနယ်မြေများရှိ နိုင်ငံသား အခွင့်အရေးများ မဆုံးရှုံး စေရေးအတွက် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရန် နှစ်ဖက်စလုံးမှ တောင်းဆို မှုသည် မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် အသွင် ကူးပြောင်းရေ အတွက် အဓိကတွန်းအား တစ်ခုဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့သည့် မြို့နယ်များနှင့် မဲဆန္ဒနယ်မြေတို့တွင် လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ ဆောလျင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးမှ ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းပါကြောင်း ဖော်ပြသည်။

 “ ဒီလောက် မငြိမ်းမချမ်းဖြစ်နေတဲ့ အနေအထားမှာ ဒီထုတ်ပြန်ချက်နှစ်စောင်ဟာ တကယ့်ကို ငြိမ်းချမ်းရေး ရောင်နီသန်းပြီးတော့ မင်္ဂလာရှိတဲ့ ထုတ်ပြန်ချက်တွေဖြစ်တယ်လို့ ကျမပြောချင်ပါတယ်။ ဒီကတဆင့် တက်ပြီးတော့ နောက်ထပ် ထဝရငြိမ်းချမ်းရေးတွေကို နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာကြတဲ့ အဆင့်ကိုထိ တက်လှမ်းနိုင်တဲ့ ခြေလှမ်းဖြစ်တယ်လို့လည်း ကျမပြောချင်ပါတယ်။ ကျမတို့ ၂ နှစ် နီးပါးလောက် အမျိုးမျိုးဝေဖန်မှုတွေ၊ ပုတ်ခတ်ပြောဆိုမှုတွေကြားမှာ ဒီလို့ဗြုန်းခနဲ ကြီးပေါ်ပေါက်လိုက်တာကတော့ ကျမတို့ ရခိုင်ပြည်သူတွေ သက်သက် မဟုတ်ဘဲတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ ပြည်သူအားလုံးကို အံ့သြသင့်ပြီးတော့ ဝမ်းသာဂုဏ်ယူစရာဖြစ်တယ် ကိစ္စလို့ ကျမမြင်မိပါတယ်” ဒေါ်အေးနုစိန်က ပြောဆိုသည်။

သဘောထား ထုတ်ပြန်ချက်ထဲတွင် နှစ်ဖက်စလုံးမှ အပြုသဘောဆောင်သော ချဉ်းကပ်မှုမှတစ်ဆင့် အပြန်အလှန် လေးစား ယုံကြည်မှု တည်ဆောက်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာ၍ ပြည်ထောင်စုတစ်ဝန်းလုံး ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ဖော်ပြထားသည်။

၎င်းပြင် ငြိမ်းချမ်းရေးအတွက် လူတိုင်းမှာ တာဝန်ရှိကြောင်း ပြောဆိုသည်။

“ ကျမတို့ကတော့ နိုင်ငံတစ်နိုင်ငံဖြစ်စေ၊  လောကကြီးဖြစ်စေ ငြိမ်ချမ်းမှုဟာ တန်ဖိုးကြီးသော အရာတစ်ခုဖြစ်ပါတယ်။ ငြိမ်ချမ်းရေးအတွက် အားလုံးမှာ တာဝန်ရှိပါတယ်။ အဲလို့ ပြောချင်ပါတယ်” ဟု ဒေါ်အေးနုစိန်က ပြောဆိုသည်။


ဆက်စပ် သတင်းများ