အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

AA နှင့် ဆက်စပ်သံသယကြောင့် ဖမ်းဆီးခံထားရသူ ၅၆ ဦးကို တစ်နေ့တည်း ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 2k



ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၂၁∕ ၂ဝ၁၉

ရခိုင်ပြည်နယ်အတွင်း မတရားအသင်းဆက်သွယ်မှု အပါအဝင် လက်နက်မှုများဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူ မြို့နယ် ၄ ခုက လူပေါင်း ၅၆ ဦးကို စစ်တွေမြို့နယ် တရားရုံးနှင့် မြောက်ဦးမြို့နယ် တရားရုံးတွင် ဇွန်လ ၂ဝ ရက်နေ့က ရုံးထုတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့ ၅၆ ဦးမှာ မင်းပြားမြို့နယ်မှ ၃ ဦး၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ၂၄ ဦးနှင့် အောက်သားကန် ကျေးရွာမှ ၅ ဦး၊ ချောင်းသစ်ကျေးရွာနှင့် ကျောင်းတောင်ကျေးရွာ မှ ၁၂ ဦး၊ ကျောက်တော်မြို့နယ်မှ ဖမ်းဆီးခံထားရသည့် သံဃာနှစ်ပါးနှင့် လူ ၃ ဦး၊  ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ ၈ ဦး တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့  ၅၆ ဦးကို အကြမ်းဖက်အက် ဥပဒေပုဒ်မအပါအဝင် ဆက်သွယ်ရေးဥပဒေပုဒ်မ၊ လက်နက်အက် ဥပဒေပုဒ်မစသည်တို့ဖြင့် သက်ဆိုင်ရာဥပဒေပုဒ်မအလိုက် တရားစွဲဆိုထားကြောင်းသိရသည်။

လက္ကာရွာမှ ဖမ်းဆီးခံထားရသူ ၂၄ ဦး အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာ ထောက်ပ့ံကူညီရေးအဖွဲ့မှ ရှေ့နေဒေါ်မေသက်ခိုင်က “အဲဒီ လက္ကရွာက ၂၄ ယောက်မှာ ကျောင်းသား တစ်ဦးကိုတော့ မြောက်ဦးမြို့ ကလေးသူငယ်တရားရုံးမှာ ရုံးထုတ်တယ်ပေါ့နော်။ ကျန်တဲ့ ၂၃ယောက် ကိုတော့ စစ်တွေမှာပဲ ရုံးထုတ်ခဲ့တာပါ။ ကျွန်မက ဒီစစ်တွေရုံးမှာပဲ  ရုံး ပြောင်းလွဲ အပ်ထားတာမို့လို့ပါ” ဟု ပြောသည်။

ဖမ်းဆီးထားသူ ၂၄ ဦးထဲမှ ၅ ဦးကို ပြန်လွတ်ပေးမည်ဟု သိရှိရသော်လည်း ယခုအချိန်ထိ ပြန်လွတ်ပေးခြင်း မရှိသေးသဖြင့် စိတ်ပျက်မိကြောင်း လက္ကာကျေးရွာမှ ဖမ်းဆီးခံထားခြင်းခံရသူတစ်ဦး၏ မိသားစုဝင် ဒေါ်သိန်းမရီက ပြောကြားသည်။

“ကျွန်မတို့ကို ဒီ ၂၄ ယောက်ထဲက ၅ ယောက်ကို ပြန်လွတ်ပေးမယ်လို့ ပြောပါတယ်။ အခုတော့ ကျွန်မတို့ကို အခုလိုမျိုး ရမန်တွေပဲယူနေတော့ ကျွန်မတို့ ဘယ်လိုလုပ်ရတော့မှာလဲ။ မိုးရာသီလည်းရောက်နေပြီ။ ကျွန်မယောက်ကျား ခုလိုဖမ်းဆီးခံထားရတော့ လယ်ထွန်မယ့် သူလည်းမရှိဘူး။ ဘယ်လို လုပ်ကိုင် စားသောက်ကြ ရတော့မှာလဲ။ ကျွန်မတို့ ယောက်ကျားမှာ အပြစ်လည်းမရှိပါဘူး။ အမြန် လွတ်ပေး စေချင်ပါတယ် ” ဟု ပြောသည်။

၂ဝ၁၈ခုနှစ် နှောင်းပိုင်းမှစပြီး ယနေ့အချိန်ထိ ရက္ခိုင့်တပ်တော်နှင့် ဆက်စပ် သံသယဖြင့်  ဖမ်းဆီး ခံထားရသူ ရခိုင်ပြည်နယ်တွင် လူပေါင်း ၁ဝဝ ကျော် ရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ