သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

(၂၃၅) နှစ်မြောက် ရခိုင့်အချုပ်အခြာအာဏာကျဆုံးနေ့ အောက်မေ့ဖွယ်အခမ်းအနား ရခိုင်မြို့အများအပြားနှင့် ရန်ကုန်တို့တွင် ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.6k

ချစ်အိလှိုင်၊ နီမင်းထွန်း
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/၂ဝ၁၉

ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျရောက်သည့်  (၂၃၅ ) ခုနှစ်မြောက် ရခိုင့်အချုပ်အချာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ရခိုင်ပြည်နယ်ရှိ မြို့အများအပြားနှင့် ရန်ကုန်မြို့တို့တွင် ကျင်းပ  ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေအပါအဝင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူစသည့် မြို့အများအပြားတို့တွင် ကျင်းပခဲ့သည့် အခမ်းအနားများကို ရခိုင်အမျိုးသားပါတီ (ANP ) မှ ဦးဆောင်ပြီး ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဘူးသီးတောင်မြို့ရှိ ရခိုင်အမျိုးသားပါတီရုံးတွင်လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးဦးသန်းလှိုင်က "ကျနော်တို့ အရင်လုပ်တာကတော့ မြို့အနေနဲ့ပေါ့လေ။ မြို့လူထု၊ အဖွဲ့အစည်းအနေနဲ့ လုပ်ပါတယ်။ ဆိုတော့ အခုက တိုက်ပွဲတွေ၊ ရက္ခိုင့်တပ်တော်နဲ့ ဗမာ့တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ကြားထဲက ကျနော်တို့ အလုပ်လုပ်ရတဲအတွက် ကျနော်တို့ ထိပ်တိုက် ရင်ဆိုင်မှုတွေ မတွေ့ရအောင်အတွက် ကျနော်တို့ ရှောင်ရှားပြီးတော့ အကျဉ်းချုံးလေး ရုံးမှာပဲ ကျနော်တို့ လုပ်လိုက်ရတာပါ။ ဒီလိုရက်မျိုးကို နောင်လာသားသမီးတွေ အမှတ်တရ ရနေဖို့၊ အမြဲတမ်း အမှတ်တရရနေဖို့အတွက် နှစ်တိုင်း နှစ်တိုင်း အဲလိုပွဲမျိုး ကျင်းပပြုလုပ်ဖို့အတွက်ကို သတိရအောင် ကျနော်တို့ ဒီပွဲကို ပြုလုပ်ရတာဖြစ်ပါတယ်။"ဟု နိရဥ္စရာသို့ပြောသည်။

စစ်တွေရှိ ရခိုင်ပြည်ကျောင်းသားသမဂ္ဂကလည်း စစ်တွေတက္ကသိုလ်တွင် ဒီဇင်ဘာ ၃၁ ရက်နေ့ နေ့လည် ၁ နာရီမှ ၂ နာရီအထိ အဆိုပါအခမ်းအနားကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်တွေတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂ၏ အတွင်းရေးမှူး ကိုကျော်ငြိမ်းထွန်းက “ဒီပွဲကိုလုပ်တာက အမုန်းတရားဖက်ကို ဦးတည်တာမဟုတ်ဘူး။ ကျနော်တို့ လွတ်လပ်ရေးဆုံးရှုံးသွားတာ ဒီလောက်ကြာပြီဆိုတာကို အတိတ်ကကြောင်းအရာတွေကိုသင်ခန်းစာယူကြဖို့ ရခိုင်တစ်မျိုးသားလုံးအတွက် အမှန်တရားကိုချပြတာဖြစ်တယ်။”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

အလားတူ အဆိုပါအခမ်းအနားကို ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရခိုင်အမျိုးသားပါတီဗဟိုဌာနချုပ်ရုံးတွင်လည်း ပြုလုပ်ခဲ့ပြီး ရန်ကုန်ရှိ ရက္ခိုင်ကျောင်းသားသမဂ္ဂကလည်း ဝမ်းနည်းအောက်မေ့ဖွယ်နေ့အထိမ်းအမှတ်ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်တွေရှိ ရခိုင်အမျိုးသားပါတီဗဟိုဌာနချုပ်ရုံးတွင်လည်း ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီမှစတင်ကာ ရခိုင့်အချုပ်အခြာအာဏာကျရှုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်နေ့အထိမ်းအမှတ် ကဗျာရွတ်ပွဲကို ထည့်သွင်း ကျင်းပခဲ့သည်။

"ကျနော်တို့ရခိုင်ပြည်ဟာ စာပေယဉ်ကျေးမှုကအစ တခမ်းတနားနဲ့နေလာခဲ့တဲ့လူမျိုးဖြစ်တယ်။ အကြောင်း အမျိုးမျိုးကြောင့် ကျနော်တို့ရခိုင်နိုင်ငံဟာ ကျဆုံးခဲ့ရတယ်။အဲဒီလို သမိုင်းမှာဖြစ်ပျက်ခဲ့တာကို သင်ခန်းစာယူပြီးတော့ ကျနော်တို့ရခိုင်ပြည်ကြီးကို ဘယ်လိုအကောင်းဆုံး ဖြစ်အောင်ကြိုးစားမလည်းဆိုတာကို ရည်ရွယ်ပြီးတော့ လုပ်တာပါ။"ဟု ANP Youth Wingမှဗဟိုဒုခေါင်းဆောင် ကိုဆန်းဌေးမောင် က ပြောသည်။

ကိုယ့်ထီးကိုယ့်နန်းဖြင့် နေလာခဲ့သည့်ရခိုင်ပြည်ကို သက္ကရာဇ် ၁၁၄၆ ခုနှစ်၊ ပြာသိုလ်လကွယ်နေ့၊ (ခရစ်သက္ကရာဇ် ၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့)တွင် မန္တလေးအမရပူရ ဘုရင် ဘိုးတော် ဦးဝိုင်းက ဝင်တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် ရခိုင်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာကျဆုံးခဲ့ရသည်။

အဆိုပါဝမ်းနည်းအောက်မေ့ဖွယ်နေ့အထိမ်းအမှတ်အခမ်းအနားကို စစ်အစိုးရလက်ထက်တွင် ကျင်းပခွင့်မရခဲ့ဘဲ အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်းတွင် ကျင်းပခွင့်ရရှိနေခြင်းဖြစ်ပြီး ယခုအချိန်တွင် ဒေသအခြေအနေကြောင့် ကြီးကြီးကျယ်ကျယ်ကျင်းပနိုင်ခြင်းမရှိခဲ့ဟုလည်း သိရသည်။

-------------------------

Unicode


နိရဉ်စရာ၊ ဒီဇငျဘာ ၃၁/၂ဝ၁၉











ဆက်စပ် သတင်းများ