သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင်တပ်မတော်ကမိုင်းရှင်းလင်းရေးလုပ်ဆောင်နေစဉ်ကာလအတွင်းမှာပင် မိုင်းနှင့်စစ်ကျန်လက်နက်ပစ္စည်းပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရသူ ၆ ဦးထိရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.5k

ဇော်ဝင်းဌေး( ငခူချောင်း)

နိရဉ္စရာ၊ မတ်လ ၁၀ / ၂၀၂၁

တပ်မတော်မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်တွင်  မိုင်းရှင်းလင်းလုပ်ငန်းစဉ်များ လုပ်ဆောင်ပေးလျက်ရှိနေသော်လည်း  မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများပေါက်ကွဲ၍ ဒဏ်ရာရသူ ၆ ဦးထိ ရှိကြောင်း  သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ အမ်းမြို့နယ်၊ သရက်ပင်ချောင်းကျေးရွာမှ ဦးမောင်သိန်းဌေး( ၃၅နှစ်) သည် ကြိမ်းခုတ်ရန်သွားစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ထွက်သွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့ က မောင်တောမြို့နယ် မြောက်ပိုင်း မိုင်တိုင်အမှတ် ၃၆နှင့်  ၃၇ အကြား၌ ခြံစည်းရိုးပြုပြင်နေစဉ် မိုင်းနင်းမိသဖြင့် ဘူးသီးတောင်မြို့နယ် ပန်းကုံးမကျေးရွာမှ အသက် ၂၀ အရွယ် ကိုမောင်ထွန်းနှင့် မီးတိုက်ကျေးရွာမှ ကိုမောင်ဖြူတို့ ဒဏ်ရာ ရရှိသွားခဲ့ပြီး စစ်တွေဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရသည်ဟု ဆွေမျိုးတော်စပ်သူ မောင်နီထွန်းက ပြောသည်။

 မတ်လ ၈ ရက်နေ့ ကလည်း မြေပုံမြို့နယ်၊ စညှင်းကျေးရွာမှ ကိုစိုးနိုင်(ခ) ညီပုချေ ( ၂၆) နှစ် သစ်ခုတ်ရန် သွားရာမှ  မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားကြောင်း၊ လက်ရှိ စစ်တွေပြည်သူ့ဆေးရုံကြီး ကုသ နေရကြောင်း သိရှိရသည်။

 နောက်ထပ် စစ်ကျန် ဗုံးသီးပေါက်ကွဲ၍ ဒဏ်ရာရသူ နှစ်ဦးမှာ ရသေ့တောင်မြို့နယ်၊ ပဲသဒူကျေးရွာမှ ညီအစ်ကို နှစ်ဦးဖြစ်ကြသည့် မောင်လှထွန်း( ၁၀)နှစ်နှင့် မောင်ရဲထွန်း( ၈)နှစ်ဖြစ်ပြီး ၎င်းတို့ နှစ်ဦးမှာ မတ်လ ၄ ရက်နေ့က ကျေးရွာအနီးရှိ တောင်ကုန်းသို့ လက်ပံပွင့် သွားကောက်စဉ် မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိသွားခဲ့သည်။

၎င်းတို့ နှစ်ဦးအနက် အစ်ကိုကြီးဖြစ်သူ ကိုမောင်လှထွန်းမှာ ဒဏ်ရာသက်သာလာ၍  ဆေးရုံက ဆင်းသွားခဲ့ပြီး ညီဖြစ်သူ ကိုမောင်ရဲထွန်းမှာ ဒဏ်ရာပြင်းထန်၍ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်မှု ခံယူနေရကြောင်း ဆွေမျိုးတော်စပ်သူ ဦးမောင်ဝင်းရီက နိရဉ္စရာသို့ ပြောသည်။

တိုက်ပွဲများ ဖြစ်ခဲ့သော နေရာများကို အဓိကထား မိုင်းရှင်းလင်းစေချင်ကြောင်း ၄င်းက ဆက်လက် ပြောသည်။  

ကျန်ခဲ့တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကို အသိပညာပေးသင့်ပါတယ်။ ကျန်ခဲ့တဲ့ စစ်လက်ကျန် အကြွင်းအကျန်တွေကို ကလေးတွေက မသိတဲ့အတွက်ကြောင့် ထုကြည့်၊ ခွဲကြည့်တဲ့အတွက် ပေါက်ကွဲ သွားတာတွေ ရှိတယ်ဟု ပြောသည်။

 ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံးမှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက တပ်မတော်က မိုင်းရှင်းလင်းရေး လုပ်ဆောင်နေမှုကို ထိရောက်အောင် လုပ်ဆောင်ပေးသင့်ကြောင်း ပြောသည်။

မိုင်းရှင်းတဲ့နေရာမှာ ထိရောက်မှု ရှိရမယ်။ မိုင်းရှိတဲ့ ကျေးရွာတွေ အနီးထိ သွားပြီး ရှင်းပေးဖို့ လိုပါမယ်။ ကျွန်တော်တို့ အဖွဲ့တွေကတော့ တတ်နိုင်သလောက် မိုင်းအသိပညာပေးမှုတွေ  ဆောင်ရွက် ပေးနေပါတယ်ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ နှစ်ဖက်တိုက်ပွဲများအကြား  ၂ နှစ်တာကာလအတွင်း မိုင်းအပါအဝင် လက်နက်ကျည်ဆံ မှန်၍ အရပ်သား သေဆုံးသူ ၃၄၃ ဦးနှင့် ဒဏ်ရာရရှိသူ ၇၆၉ ဦးထိရှိကြောင်း ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။

ဆက်စပ် သတင်းများ