ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တပ်မတော်က မိုင်းရှင်းလင်းမှုလုပ်နေစဉ်ကာလအတွင်း မပေါက်ကွဲသေးသည့် ရီမုတ်မိုင်းအချို့နှင့် ဗုံးသီးအချို့ တွေ့ရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.3k

ဆောင်းဇာခြည်

နိရဉ္စရာ၊ မတ် ၁၁/ ၂၀၂၁

 

ရခိုင်ပြည်နယ်တွင် တပ်မတော်က မိုင်းရှင်းလင်းမှုလုပ်နေစဉ်ကာလအတွင်း မပေါက်ကွဲသေးသည့် ရီမုတ်မိုင်းအချို့နှင့် ဗုံးသီးအချို့ကို တွေ့ရှိရကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

 

ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ဘက်တို့ မြင်းလွတ်တို့ဘက်မှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးဟောင်းတွေ တွေ့ရပါတယ်။ တခြား မင်းပြားမြို့နယ် မေလွန်းနဲ့ ရာမောင်တံတား အနီးတဝိုက် တွေမှာလည်း ရီမုတ်မိုင်းတွေ တွေ့တယ်။ အဲဒါတွေကိုတော့ ဖောက်ခွဲဖျက်ဆီးပစ်လိုက်ရတယ်ပေါ့။ ဟု ပြောသည်။

 

ယနေ့ မတ်လ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်း၏ရုံးခန်းတွင် မီဒီယာအချို့နှင့်တွေ့ဆုံခဲ့စဉ် ဗိုလ်မှူးကြီးမင်းသန်းက ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

 

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်ကာ အမ်း-စစ်တွေ ပြည်ထောင်စု ကားလမ်းမကြီး ဝဲယာတစ်လျှောက်အပြင် ရသေ့တောင်မြို့နယ်၊ အငူမော်မှ မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာအထိ ကားလမ်းဘေးဝဲယာတစ်လျှောက်တို့ကို မိုင်းရှင်းလင်းရေးများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

 

ထိုကဲ့သို့ တပ်မတော်က မိုင်းရှင်းလင်းရေးဆောင်ရွက်နေသည်မှာ လက်ရှိတွင်  ရသေ့တောင်မြို့နယ်၊ ဥဂါကျေးရွာအနီးတဝိုက်နှင့်  အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

 

ယင်းသို့ တပ်မတော် မိုင်းရှင်းလင်းရေးလုပ်ဆောင်နေသည့် ကာလအတွင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းနှင့် မိုင်းပေါက်ကွဲမှုကြောင့် ခြေပြတ်၊ ဒဏ်ရာရရှိသူ ၆ ဦးအထိရှိခဲ့ပြီဖြစ်သည်။

 

၄င်း ၆ ဦးမှာ အမ်းမြို့နယ်၊ သရက်ပင်ချောင်းကျေးရွာမှ ဦးမောင်သိန်းဌေး (၃၅) နှစ်၊ ဘူးသီးတောင်မြို့နယ်၊ ပန်းကုံးမကျေးရွာမှ အသက် ၂၀ အရွယ် ကိုမောင်ထွန်းနှင့် မီးတိုက်ကျေးရွာမှ ကိုမောင်ဖြူ၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာမှ ကိုစိုးနိုင် (ခ) ညီပုချေ (၂၆) နှစ်၊ ရသေ့တောင်မြို့နယ်၊ ပဲသဒူကျေးရွာ ညီအစ်ကိုနှစ်ဦးဖြစ်သည့် မောင်လှထွန်း (၁၀) နှစ်နှင့် မောင်ရဲထွန်း (၈) နှစ်တို့ဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့  တိုက်ပွဲဖြစ်ပွားသည့် ၂ နှစ်တာကာလအတွင်း မြေမြှပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ပေါက်ကွဲ၍ လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၇၀ နီးပါးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ