ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မြေမြှုပ်မိုင်းနင်းမိသည့် အမ်းဒေသခံနှစ်ဦး ဒဏ်ရာပြင်း၍ စစ်တွေဆေးရုံသို့ ပို့ရမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 2.4k

သျှင်မင်းဇံ

နိရဥ္စရာ၊ ဇူလိုင် ၁၀/၂၀၂၁

 

မြေမြှုုပ်မိုင်းနင်းမိသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ် ကျောက်ဆင်ကျေးရွာသားနှစ်ဦးမှာ မိုင်းထိဒဏ်ရာ ပြင်းထန်၍ မြေပုံမြို့နယ် ကမ်းထောင်ကြီးတိုက်နယ်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင် ဆေးကုသခံယူရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ကူညီဆောင်ရွက်ပေးနေသည့် ကမ်းထောင်းကြီးဒေသခံ ကိုမောင်ချယ်ရီက သူတို့နှစ်ယောက်လုံး ကမ်းထောင်ကြီးဆေးရုံမှာ အရေးပေါ် ဆေးကုသခံနေရပါတယ်။ ခြေပြတ်ထားသူကတော့ အောင်ဆီဂျင် ရှူနေရတယ်။ မနက်ဖြန် စစ်တွေဆေးရုံ ပို့နိုင်အောင် စီစဉ်နေပါတယ်ဟု နိရဥ္စရာသို့ ပြောသည်။

 

ကျောက်ဆင်ကျေးရွာသားနှစ်ဦးဖြစ်သည့် ကိုလင်းမောင် (၂၃ နှစ်)နှင့် ကိုစိုးနိုင် (၂၈ နှစ်)တို့သည် ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်တွင် ရွာ၏ တောင်ဘက် ၂ ဖာလုံအကွာရှိ ပြိုင်းတောတောင်သို့ နွားရှာသွားစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲထိမှန်၍ ဒဏ်ပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း သိရသည်။

 

မိုင်းနင်းမိမှုကြောင့် ကိုလင်းမောင်မှာ ယာဘက်ခြေထောက်တစ်ချောင်းပြတ်ထွက်ပြီး ကိုစိုးနိုင်မှာ မျက်စိတစ်ဘက်ဆုံးရှုံးရမည့် အခြေအနေအထိ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

 

ကိုလင်းမောင်၏ဖခင် ဦးအောင်ကျော်မင်းကဘဝမှာ သားလေးတစ်ယောက်ပဲရှိတာပါ။ ကျွန်တော်တို့ကလည်း အသက်ကြီးလာတော့ ဒီသားလေးကို အားကိုးပြီးနေရတာပါ။ အခုတော့ ဘယ်လိုပြောရမှာလဲ။ နွားပျောက်လို့ သွားရှာတာ ဒီလိုဖြစ်ဖို့လည်း လုံးဝ မထင်ထားဘူး။ အရင်ကလည်း မိုင်းပေါက်လို့ လူသေတာတွေလည်း ကြားမိပါတယ်။ ဒါပေမဲ့ ကျွန်တော်သား အခုလို ဖြစ်မယ်လို့ မထင်ထားဘူးဟု ပြောသည်။

 

လက်ရှိတွင် ၎င်းတို့ ဆေးကုသမှုခံယူနေချိန်၌ အခက်အခဲမရှိသော်လည်း စစ်တွေဆေးရုံတွင် ဆေးကုသမှုခံချိန်၌ ငွေကြေးအခက်အခဲရှိနေ၍ ကူညီထောက်ပံ့မည့် အဖွဲ့အစည်းများလိုအပ်နေကြောင်း လိုက်ပါဆောင်ရွက်နေသူများက ပြောသည်။

 

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် အချိန်မှ ယနေ့အချိန်အထိ မြေမြှုုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းများ ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၄၉ ဦးနှင့် ဒဏ်ရာရသူ ၇၉ ဦးရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) စာရင်းရ သိရသည်။

ဆက်စပ် သတင်းများ