သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြေပုံတွင် မျှစ်ရှာသွားသည့်စစ်ဘေးရှောင်အမျိုးသား ၂ ဦး မိုင်းထိ၍ ၁ ဦးသေပြီး ၁ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k


နိရ ဉ္စရာ၊ ဇွန် ၁၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် မျှစ်ရှာသွားသည့် စစ်ဘေးရှောင်အမျိုးသား ၂ ဦးသည် ယနေ့နံနက်က မိုင်းထိမှန်၍ ၁ ဦးသေဆုံးပြီး နောက် ၁ ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
သေဆုံးသွားသူမှာ မြေပုံမြို့နယ် စညှင်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှ အသက် ၃၀ ကျော်အရွယ် ဦးမောင်သန်းတင်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အသက် ၃ဝ ခန့်အရွယ် ဦးမောင်ကြည်ဝင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၈ နာရီခွဲက စညှင်းချောင်းနားရှိ တောင်သို့ မျှစ်ရှာသွားရာတွင် မိုင်းထိမှန်သွားခြင်းဖြစ်ပြီး ဦးမောင်သန်းတင်မှာ ခြေထောက်နှစ်ဘက်စလုံးပြတ်ထွက်သွားကာ ပြင်းထန်ဒဏ်ရာရရှိ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု အဆိုပါစညှင်းစစ်ဘေးရှောင်စခန်းကို ကူညီထောက်ပံ့မှုများပြုလုပ်နေသည့် ကိုယ်တော်သဘာဝနဒီက မိန့်သည်။
"သူ့ကို စညှင်းစစ်ဘေးရှောင်စခန်းဘေးမှာထားထားတယ်။ သေသွားပြီဖြစ်တဲ့အတွက် ဆေးရုံကိုခေါ်သွားဖို့်မလိုတော့ဘူး။ နောက်ထပ်တစ်ယောက်ကိုတော့ လောလောဆယ် ကမ်းထောင်းကြီးဆေးရုံကိုလည်း မပို့သေးဘူး" ဟုမိန့်ကြားသည်။
ဒဏ်ရာရရှိသူ ဦးမောင်ကြည်ဝင်းတွင်မူ ညာဘက်လက်မောင်းနှင့် ညာဘက်ပါးတွင် မိုင်းစထိမှန်သည့်ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သော်လည်း သွားလာလှုပ်ရှားနိုင်ကြောင်း စညှင်းကျေးရွာအုပ်ချုပ်ရေးမှူးက ယနေ့နံနက်ပိုင်းက နိရ ဉ္စရာသို်ပြောဆိုထားသည်။
လက်ရှိတွင် ဒဏ်ရာရသူ ဦးမောင်ကြည်ဝင်းသည် စညှင်းကျေးရွာရှိ ကျန်းမာရေးဌာနခွဲမှ သူနာပြုနှင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အဆိုပါစညှင်းကျေးရွာတွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ မတ်လ ၈ ရက်ကလည်း မိုင်းပေါက်ကွဲမှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုစိုးနိုင်လင်းသည် ညာဘက်ခြေထောက်ပေါင်ရင်းမှ ပြတ်ထွက်သွားကြောင်း သိရသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်ကျေးရွာများနှင့် စစ်တပ်ကတပ်စွဲနေထိုင်ခဲ့သည့် နေရာများတွင် မကြာခဏမိုင်းပေါက်ကွဲမှုများရှိနေပြီး အရပ်သားပြည်သူများလည်း ထိခိုက်သေဆုံးမှုများရှိနေကြောင်း သိရသည်။
၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက ရခိုင်ရှိ စစ်တွေ-အမ်း ကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းမှုများပြုလုပ်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားသည့်ကျေးရွာများ၊ ကျေးရွာအနီးရှိတောင်တောင်များတွင် ရှင်းလင်းပေးမှုမရှိခဲ့ဟု ဒေသခံများက ပြောသည်။ (NN-8)

ဆက်စပ် သတင်းများ