စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မြောက်ဦး ပေါက်တောပြင်ကျေးရွာအနီး စစ်တပ်စခန်းချထားသည့်တောင်၌ မိုင်းပေါက်ကွဲမှုဖြစ်၍ နွားတစ်ကောင်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.3k

နိရဉ္စရာ၊ ဇွန် ၂၅/၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာအနီး စစ်တပ်ကတပ်စွဲစခန်းချထားသည့်တောင်၌ မိုင်းနှစ်လုံးပေါက်ကွဲမှုဖြစ်၍ နွားလားတစ်ကောင်သေဆုံးသွားကြောင်း သိရသည်။
အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသည် ပေါက်တောပြင်ရွာနှင့် နဖူးသင်္ကျိုက်တော်ဘုရားကြားရှိ စစ်တပ်စခန်းချထားသောတောင်တွင်ဖြစ်ပြီး ယနေ့ ဇွန်လ ၂၅ ရက် နံနက် ၇ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက "နွားဆီမှာထိသွားတယ်။ နွားကလေးနာမည်က မသိန်းစိုး။ နွားလားကြီး၊ အကြီးကြီးနွားက။ အဲဒီနွားတစ်ကောင်တည်း မိုင်းနှစ်လုံးနင်းမိသွားတာ။ တခါတည်းသေသွားတယ်။ နွားကိုတော့ တောင်ပေါ်ကစစ်သားတွေက တွန်းပြီးချပေးလိုက်လို့ ပိုင်ရှင်လက်ထဲကို ရောက်နေပြီ"ဟု ပြောသည်။
အဆိုပါသေဆုံးသွားသည့်နွားသည် ပေါက်တောပြင်ကျေးရွာမှ ဒေါ်ပြုံးပြုံးပိုင်ဆိုင်သော နွားဖြစ်ပြီး တောင်ပေါ်သို့တက်၍ အစာရှာစားစဥ်ပေါက်ကွဲမှုဖြစ်၍သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါပေါက်တောပြင်ကျေးရွာအနီးရှိ တောတောင်များတွင် မြန်မာစစ်တပ်မှ တပ်စခန်းချထားမှုများရှိကြောင်း ဒေသခံများက ပြောသည်။
အဆိုပါပေါက်တောပြင်ကျေးရွာတွင် ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း မိုင်းပေါက်ကွဲမှုနှစ်ခုကြောင့် နွားနှစ်ကောင်သေဆုံးခဲ့ကြောင်း သိရသည်။(NN-8)

ဆက်စပ် သတင်းများ