ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကျောက်တော် ခမရ (၃၇၅)တပ်အနီးရှိ တောင်ပေါ်သို့ နွားရှာရန်သွားသူ ၁ ဦး မိုင်းနင်း၍ ဒဏ်ရာအပြင်းအထန်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 288

နိရဥ္စရာ၊ ဇူလိုင် ၁/ ၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့အခြေစိုက် ခမရ (၃၇၅)တပ်အနီးရှိ တောင်ပေါ်သို့ နွားရှာရန်သွားသူ ၁ ဦးသည် မိုင်းနင်းမိ၍ ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း သိရသည်။
ဒဏ်ရာအပြင်းအထန်ရရှိသွားသူမှာ ကျောက်တော်မြို့နယ် ဝက်မှိုင်းကျေးရွာမှ ဦးသန်းစိန်မောင် (၄၅ နှစ်)ဖြစ်သည်။
သူသည် ယနေ့ ဇူလိုင်လ ၁ ရက် နေ့လယ် ၁ နာရီတွင် ဝက်မှိုင်းကျေးရွာ၏အနောက်ဘက်ရှိ ၉၉ တောင်တန်းဟုခေါ်သည့် တောင်တန်းသို့ နွားလိုက်ရန်သွားစဉ် တောင်အောက်ရှိ ရထားလမ်းအနီးတွင် မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်းဖြစ်သည်ဟု သွားရောက်ကူညီပေးခဲ့သူတစ်ဦးက ပြောသည်။
“သူ အခုတော့ ဆေးရုံမှာ သတိရနေပါပြီ။ စကားကတော့ မပြောနိုင်သေးဘူး။ နာတယ်လို့ပဲ ပြောနေတယ်”ဟု ပြောသည်။
မိုင်းနင်းမိမှုကြောင့် ဦးသန်းစိန်မောင်တွင် ညာဘက်ခြေထောက်သည် ဒူးအောက်ပိုင်းမှ ပြတ်ထွက်သွားခဲ့ပြီး ဘယ်ဘက်ခြေပေါင်ရင်းမှစတင်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု ဆိုသည်။
ယင်းအပြင် ညာဘက်လက်သန်းနှင့် လက်သူကြွယ်တို့တွင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
သွားရောက်ကူညီပေးခဲ့သူက “အခင်းဖြစ်ပြီးတော့ သူ့ကို တောင်ပေါ်မှာရှိတဲ့စစ်သားတွေက ဆင်းလာပြီး စစ်ဆေးတာတွေလုပ်တော့ ဆေးရုံရောက်တာနောက်ကျသွားတယ်။ အခု စစ်တွေဆေးရုံကိုပို့ဖို့ကလည်း ညနေ ၆ နာရီဆို မြို့ထဲကိုမဝင်ရတော့ ကျနော်တို့အခက်တွေ့ရနေရတယ်”ဟု ပြောသည်။
ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနောက်ဘက်ရှိ စစ်တပ်က တပ်စွဲထားသည့် ဦးစွန်းတော်တောင်ပေါ်တွင်လည်း ယမန်နေ့ ဇွန်လ ၃ဝ ရက် နံနက်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်ဟုလည်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးမှုမရှိခဲ့ဟု ဒေသခံများက ပြောသည်။
ရခိုင်တွင် ဇွန်လအတွင်းက ရသေ့တောင်မြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် မိုင်းပေါက်ကွဲမှုများကြောင့် စစ်ဘေးရှောင်၁ ဦးသေဆုံးပြီး ဒေသခံ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ မေလအတွင်းကလည်း ကျောက်တော်၊ အမ်းနှင့် မင်းပြားစသည့်မြို့နယ်များတွင် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့၍ ဒေသခံ ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။ (NN-2)

ဆက်စပ် သတင်းများ