စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ALP တွဲဖက်အတွင်းရေးမှူး(၁)အပါအဝင် ၅ ဦးအဖမ်းခံရဟုသတင်းထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 5.3k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၁၂/၂ဝ၂ဝ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တွဲဖက်အတွင်းရေးမှူး(၁) ခိုင်အောင်စိုးသန်း အပါအဝင် အဖွဲ့ဝင် ၅ ဦးကို ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သြဂုတ်လ ၁၁ ရက်နေ့စွဲဖြင့် ALP မှ သတင်းထုတ်ပြန်သည်။

ဖမ်းဆီးခံရသူများမှာ ALP ၏ တွဲဖက်အတွင်းရေးမှူး(၁) ခိုင်အောင်စိုးသန်း၊ ဆက်ဆံရေးရုံးဝန်ထမ်း ခိုင်ဌေးနှင့် ဆေးဘက်ဆိုင်ရာလူထုအကျိုးပြုလုပ်ငန်းများဆောင်ရွက်နေသော ရခိုင်လူထု ကျန်းမာရေး လုပ်သားအဖွဲ့ (RCHWA) မှ ဆေးဝန်းထမ်းများဖြစ်ကြသော ခိုင်မျိုးဇံ၊ ခိုင်မိုးဇက်နှင့် ခိုင်ဟိန်းဇော်တို့ဖြစ်ကြကြောင်း ဖော်ပြသည်။

ALP ၏ ပြောခွင့်ရသူ ဗိုလ်မှူးကြီးခိုင်စောမြက “ ဒီ သြဂုတ်လ ၉ ရက်နေ့က ဆိုင်ကယ်မတော်တဆဖြစ်မှုကြောင့် သေဆုံးသွားတဲ့ ဆေးဝန်ထမ်း ခိုင်သာထွန်းလှ နာရေးကိုသွားကြတဲ့ အချိန်မှာ အဖမ်းခံရတာပါ။ ကျွန်တော်တို့လည်းသွားတယ်။ ဒုစစ်ဦးစီးချုပ်လည်းသွားတယ်။ ကျွန်တော်တို့ပြန်လာပြီးတဲ့နောက် ခိုင်မျိုးဇံ၊ ခိုင်မိုးဇက်နဲ့  ခိုင်ဟိန်းဇော်တို့ကို အပြန်မှာ ဖမ်းတယ်။ အဲဒီနောက် ကျွန်တော်တို့ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး(၁) ခိုင်အောင်စိုးသန်းနဲ့ ခိုင်ဌေးတို့ကို တွဲဖက်အတွင်းရေးမှူး(၁)ရဲ့ နေအိမ်ကဘဲ ဖမ်းခေါ်သွားပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ထုတ်ပြန်ချက်ထဲတွင် ပါတီ၏ တွဲဖက်အတွင်းရေးမှူး(၁) အပါအဝင် တပ်ဖွဲ့ဝင် (၅)ဦးတို့အား ၂ဝ၂ဝ-ခုနှစ်၊ သြဂုတ် လ(၁ဝ)ရက်နေ့၊ ညနေ(၅)နာရီခန့်၌ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောင်းကြီးကျေးရွာ အနီးတွင် ရက္ခိုင့်တပ်တော်(AA)၏ တပ်ဖွဲ့ဝင်အချို့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊  ၎င်းတို့အထဲမှ ခိုင်ဟိန်းဇော်၊ ခိုင်မိုးဇက်၊ ခိုင်ဌေးတို့ သုံးဦးအား ၂ဝ၂ဝ-ခုနှစ်၊ သြဂုတ်လ(၉)ရက်နေ့တွင် ဆိုင်ကယ် မတော်တဆဖြစ်မှုကြောင့် သေဆုံးသွားသည့် ရခိုင်လူထုကျန်းမာရေးလုပ်သားအဖွဲ့(RCHWA)အဖွဲ့ဝင် ဆေးဝန်ထမ်း ခိုင်သာထွန်းလှ၏နာရေးမှ အပြန်လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ကျန်နှစ်ဦးအား ALP တွဲဖက်အတွင်းရေးမှူး(၁) ခိုင်အောင်စိုးသန်း၏ နေအိမ်အတွင်းမှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ 

ယခုကဲ့သို့ AAမှ  ALA တပ်ဖွဲ့ဝင်များ၊ပါတီဝင်များနှင့် ပါတီနှင့်ဆက်စပ်သူများအား အလားတူဖမ်းဆီးခြင်းမျိုးကို ၂ဝ၁၇-ခုနှစ်တွင် (၂)ကြိမ်၊ ၂ဝ၂ဝ-ခုနှစ်၊ မေလ(၂၃)ရက်နေ့တွင်တစ်ကြိမ်နှင့် ယခုတစ်ကြိမ်ဆိုလျှင် (၄)ကြိမ် တိုင်တိုင် ပြုလုပ်ထားပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မိမိတို့ပါတီအနေဖြင့် အထူးပင် စိုးရိမ်မိကြောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALA)တပ်ဖွဲ့ဝင်များနှင့် ရခိုင်လူထု ကျန်းမာရေး လုပ်သားအဖွဲ့(RCHWA) ဆေးဝန်ထမ်းများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြထားသည်။ 

“ ကျွန်တော်တို့ ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး(၁)က မြောင်းကြီးကျေးရွာဇာတိဖြစ်ပြီး အဲဒီမှာ သူ့မှာခြံရှိပြီးနေတာ ဖြစ်ပါတယ်။ အရင်က ဘာမှမဖြစ်ဘူး။ သူလည်းနေတယ်။ ရဲဘော်တွေလည်း ဝင်ထွက်သွားလာမှုရှိတယ်။ သူတို့လည်း သွားနေကြတယ်။ ဘာမှ မဖြစ်ဘူး။ ခုတော့ ဘာကြောင့် ဖမ်းတယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ ကျွန်တော်တို့က အခုလို ကျွန်တော်တို့လူတွေ အဖမ်းခံရတော့ စိတ်မကောင်းဘူး။ အခုလို အဖမ်းခံရတော့ Statement ထုတ်လိုက်တာပါ။ သူတို့လွတ်မြောက်ဖို့အတွက်တော့ ကြိုးစားရမှာပါ။ ပါတီမှာလည်း တာဝန်ရှိတဲ့အတွက် သူတို့ လွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာပါ” ဟု ဗိုလ်မှူးကြီးခိုင်စောမြက ပြောသည်။

အဆိုပါ အဖမ်းအဆီးနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) သို့ ဆက်သွယ်မေးမြန်းရမည်ဖြစ်သော်လည်း ဥပဒေကြောင်းအရ ဆက်သွယ်မေးမြန်းမှုကို အစိုးရက တားမြစ်ထားသဖြင့် AA ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။ 


ဆက်စပ် သတင်းများ