- Web Master
- ၁၅ စက်တင်ဘာ ၂၀၂၄
လက်ထုတ္တောရွာဖြစ်စဉ်နှင့်စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ
နိဒါန်း
“ကလေးငယ်တွေရဲ့ ငိုသံတွေ၊
အမေရေ အမေရေဆိုတဲ့ ငိုကြွေး အော်ခေါ်သံတွေ၊
လက်ထုတ္တောရွာ ဝန်းကျင်တခုလုံး ငိုသံတွေ ပဲ့တင်ထပ်စေခဲ့ပါပြီ”။
ဘေးလွတ်ရာဟု ယုံကြည်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ပုန်းအောင်းနေခဲ့သည့် သူတို့ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ကျန်ရစ်သူ ကလေးငယ်များ၊ မိသားစုဝင်များက ငိုကြွေးနေကြခြင်းဖြစ်သည်။ လက်ထုတ္တောရွာ ဖြစ်စဉ်ကဲ့သို့သော စစ်ကောင်စီတပ်သားများ၏ အရပ်သားပြည်သူများအပေါ် ကျူးလွန်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များသည် တိုင်းနှင့် ပြည်နယ် ၁၄ ခုစလုံးတွင် တွေ့ရှိနေရပြီ ဖြစ်သည်။
ယခုတပတ်
BNI-Myanmar
Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် စစ်ကိုင်းတိုင်း၊
မြင်းမူမြို့ နယ် လက်ထုတ္တောရွာအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့်အတူ
မြန်မာနိုင်ငံတဝှမ်းလုံးတွင် တွေ့ရှိရသော (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု
ဖြစ်စဉ်များကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။
လက်ထုတ္တောရွာဖြစ်စဉ်
၂၀၂၄ ခုနှစ် မေလ ၁၁ ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင်
ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်
လက်ထုတ္တောကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အဝေးမှ ပစ်ခတ်ခဲ့သည်။
တပြိုင်နက်တည်းတွင် အင်အား (၇၀) ခန့်ရှိ စစ်ကြောင်းအား စစ်ကြောင်း (၃) ခု ခွဲဖြန့်ကာ
လက်ထုတ္တောကျေးရွာအား ဝန်းရံပိတ်ဆို့ကာ ဝင်ရောက်လာခဲ့သည်။
ကျေးရွာအတွင်း စစ်ကြောင်းဝင်ရောက်မလာခင် ည (၁၂) နာရီကျော်တွင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) မှ ခရာသံပေးကာ ရှောင်တိမ်းရန်သတိပေးခြင်း၊ တအိမ်တက်ဆင်းခေါ်ထုတ်ခြင်းတို့ကို ပြုလုပ်ခဲ့ သည်။ တချို့ကမူ သတင်းမသေချာဟုဆိုကာ ဝင်လာမှသာ ဘုန်းကြီးကျောင်းအတွင်း သွားနေကြမည်ဟု စိတ်ပိုင်းဖြတ်ထားကြသည်။ လုံခြုံရေးအရ အမည်မဖော်လိုသူ မြင်းမူဒေသခံအမျိုးသားတဦးက ယခုလို ပြန်ပြောပြသည်။
“ဘုန်းကြီးကျောင်းဆို လွတ်မယ်လို့လည်း ထင်ကြတာလည်း ပါမယ်ထင်တယ်။ ဟိုကောင်တွေ (စကစ) က ဝင်လာတော့ သုံးကြောင်းနဲ့ဆိုတော့ ရွာကို ပတ်လည်ဝိုင်းပြီးလာတာ။ ဝင်လာတော့ လက်နက်ကြီးနဲ့လည်း ထုတယ်။ သေနတ်နဲ့လည်း ပစ်တယ်။ နောက် ဘုန်းကြီးကျောင်းထဲဝင်ပြီး အဲ့ဒီထဲမှာ လူတွေအများကြီးတွေ့ တော့ “ဒီမှာတွေ့ပြီဟေ့” လို့ အော်ပြီး အကုန်ထွက်ခဲ့ဆိုပြီး ဆွဲထုတ်တာ။ ပြီးတော့ မင်းတို့ရွာ PDF တွေ ဘယ်မှာလည်း ဆိုပြီးမေးတော့ ရွာသားတွေက ကျနော်တို့မသိပါဘူးခင်ဗျာဆိုတော့ ဘာမှမမေးဘဲနဲ့ သေနတ်ဒင်တွေနဲ့ ထု၊ အကုန်တန်းစီ ပစ်သတ်သွားတာပဲ။ ခေါင်းတွေကိုပဲ ပစ်သွားတာ။ ပြီးရင် ခြေထောက်တွေနဲ့ ကန်ကြည့်ပြီး ဒီကောင် မသေသေးဘူး ထပ်ပစ်ဦးဟဆိုပြီး မသေမချင်းအကုန် ပစ်သတ်သွားတာ”။[1]
ထိုနေ့ဖြစ်စဉ်အတွင်း စစ်ကောင်စီစစ်ကြောင်းများမှ
အဝေးမှတဆင့် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား (၆) ဦး၊
ဘုန်းကြီးကျောင်းအတွင်းမှ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အမျိုးသား (၂၄) ဦးနှင့်
အမျိုးသမီး (၁) ဦး၊ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသဖြင့် ဆေးရုံပို့စဉ်
သေဆုံးသူအမျိုးသား (၁) ဦး၊
စုစုပေါင်း အရပ်သားပြည်သူ (၃၂) ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပါသည်။[2]
အိမ်ခြေ (၈၀၀) ခန့်ရှိ လက်ထုတ္တောရွာအတွင်း
ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများသည် ကျေးရွာ အတွင်း အရပ်သားပြည်သူပိုင်နေအိမ်များကို
မီးရှို့ဖျက်ဆီးကာ ပြန်လည်ထွက်ခွာသွားချိန်တွင်လည်း အမျိုးသမီး၊ ကလေးငယ်များအပါအဝင်
အရပ်သားပြည်သူ (၂၀) ကျော်ကို ဖမ်းဆီးကာ လက်ထုတ္တောရွာနှင့် နှစ်မိုင်ကျော်
ဝေးကွာသည့် ဂွေးပင်တောရွာဘုန်းကြီးကျောင်းသို့ လူသားဒိုင်းကာအဖြစ်
အသုံးပြုခေါ်ဆောင် သွားခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီးဌာနက အစီရင်ခံစာထုတ်ပြန် ထားပါသည်။
(၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်များ
မိမိတို့ BNI-Myanmar Peace Monitor အနေဖြင့်
ပဋိပက္ခတိုက်ပွဲ ဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်သား သေဆုံးမှု၊ ပြည်သူ့ကာကွယ်ရေးတပ်သား
(PDF-LDF) သေဆုံးမှုနှင့် အရပ်သားပြည်သူသေဆုံးမှုများကို
၂၀၂၂ ခုနှစ် မေလမှ စတင်ကောက်ယူမှတ်တမ်းပြုခဲ့ပါသည်။ ၂၀၂၂ ခုနှစ် မေလ ၁ ရက်မှ ၂၀၂၄
ခုနှစ် မေလ ၁၅ရက်၊ ၂ နှစ်ကျော်ကာလအထိ ပဋိပက္ခတိုက်ပွဲဖြစ်စဉ်များအတွင်း
အရပ်သားပြည်သူပေါင်း ၄၀၄၂ ဦး အထိ သေဆုံးခဲ့ရသည်ကို တွေ့ရပါသည်။
ထိုအနက် (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု
ဖြစ်စဉ်ပေါင်း ၁၅၄ ခု ရှိခဲ့သည်။ တိုင်းနှင့်ပြည်နယ် (၁၄) ခု စလုံးရှိ
မြို့နယ်ပေါင်း ၉၄ မြို့နယ်တွင် အဆိုပါဖြစ်စဉ်များကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ယင်းအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ ၁၄၄၆ ဦး အထိ
သေဆုံးခဲ့ရပါသည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်များကို ဒေသအလိုက် လေ့လာကြည့်ပါက စစ်ကိုင်းတိုင်းတွင် ဖြစ်စဉ် ၄၈ ခု ဖြင့် အများဆုံး၊ ရခိုင်ပြည်နယ်တွင် ဖြစ်စဉ် ၁၆ ခု ဖြင့် ဒုတိယအများဆုံးနှင့် မန္တလေးတိုင်းတွင် ဖြစ်စဉ် ၁၄ ခု ဖြင့် တတိယအများဆုံးအဖြစ် အသီးသီးတွေ့ရှိရပါသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကရင်နီပြည် (ကယားပြည်နယ်)၊ မကွေးတိုင်း၊ ပဲခူးအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းတောင်ပိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် (၅) ခုနှင့်အထက် အသီးသီးတွေ့ရှိရပါသည်။
မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၁၅၄ ခုသော အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်များအား အကြောင်းချင်းရာအလိုက် လေ့လာကြည့်ပါကာ အရပ်သားပြည်သူများအား တိုက်ရိုက် ဦးတည် ဖမ်းဆီးသတ်ဖြတ်မှုဖြစ်စဉ်သည် (၇၆) ခု ရှိပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်များ၏ (၅၀) ရာခိုင်နှုန်း နီးပါးအထိ ရှိနေပါသည်။ လေကြောင်းမှတဆင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် (၄၂) ခု ရှိကာ ဒုတိယအများဆုံး ဖြစ်ပါသည်။ ထို့အပြင် အဝေးမှ တဆင့် လက်နက်ကြီး၊ အမြောက်စသော ပစ်ခတ်မှုများကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် (၁၇) ခု ရှိပြီး တတိယအများဆုံးဟု ဆိုနိုင်ပါသည်။
စစ်ကောင်စီတပ်နှင့်
လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအကြား နှစ်ဖက်တိုက်ပွဲအတွင်း အစုလိုက် အပြုံလိုက်
သေဆုံးခဲ့ရသည့် ဖြစ်စဉ် (၁၅) ခု၊ အကျဉ်းသားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်
(၂) ခု၊ ဗုံးပေါက်ကွဲမှုကြောင့် ဖြစ်စဉ်တစ်ခုနှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့်
ဖြစ်စဉ်တခုအဖြစ် အသီးသီး တွေ့ရှိရပါသည်။
အကြောင်းချင်းရာအလိုက် ဖြစ်စဉ်များနှင့် အရပ်သားပြည်သူ သေဆုံးမှုကို
လေ့လာကြည့်ပါက အရပ်သား ပြည်သူများအား တိုက်ရိုက်ဦးတည် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့်
(၆၁၅) ဦး၊ လေကြောင်းမှတဆင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် (၅၆၈) ဦး၊
အဝေးမှတဆင့် လက်နက်ကြီး၊ အမြောက်စသော ပစ်ခတ်မှုများ ကြောင့် (၁၁၂) ဦး၊
နှစ်ဖက်တိုက်ပွဲများကြောင့် (၁၃၀) ဦး စသဖြင့် သေဆုံးခဲ့ကြရသည်ကို တွေ့ရပါသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေလ ၁၅ ရက် အထိ လေးလခွဲတာကာလ
အတွင်းတွင်ပင် (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၄၉ ခု ရှိပြီး
လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည်
အများဆုံး ဖြစ်ပါသည်။
စစ်အာဏာသိမ်းကာလသည် ၃ နှစ် ကျော်လာခဲ့ပြီ ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များနှင့် ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-LDF) များ၏ ခုခံတော်လှန်စစ်သည် အာဏာသိမ်းစစ်ကောင်စီတပ်များအား ထိုးစစ်အသွင် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
နိုင်ငံတဝှမ်း အရူးမီးဝိုင်းသလို စစ်မျက်နှာအသီးသီးဖွင့်ကာ ထိုးစစ်ဆင်ခြင်းခံနေရသည့် အာဏာသိမ်းစစ်အုပ်စု သည် ၎င်းတို့အား ခုခံနိုင်စွမ်းမရှိသည့် အရပ်သားပြည်သူများကိုပင် ဦးတည်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ် ခြင်းတို့ကို ပြောင်ပြောင်တင်တင်း ကျူးလွန်နေခဲ့ပါသည်။ လက်ထုတ္တောရွာဖြစ်စဉ်ကို ကြည့်လျှင် တိုက်ပွဲ တစုံတရာမရှိဘဲ ကျေးရွာအတွင်း စစ်ကြောင်းထိုးကာ အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာ ထင်ရှားပါသည်။
စစ်အာဏာသိမ်းမှု စတင်စဉ်ကတည်းက ပြည်သူလူထု၏ထောက်ခံမှု တစုံတရာမရရှိခဲ့သည့် အာဏာသိမ်း စစ်အုပ်ထံမှ ပြည်သူလူထုအတွက် ထောက်ထားငဲ့ညှာမှုဟူသည် မျှော်လင့်နိုင်စရာ မရှိပေ။ အာဏာသိမ်း စစ်အုပ်စု၏ ပြည်သူလူထုအား တိုက်ရိုက်ဦးတည်သော ဖမ်းဆီးသတ်ဖြတ်မှုများကို လျော့နည်းနိုင်သမျှ နည်းပါးစေရန် ပြည်သူလူထုဟုဆိုကာ တော်လှန်တိုက်ပွဲဝင်နေကြသော အင်အားစုအသီးသီးတွင် တာဝန် ရှိသည်။ ဆုံးရှုံးခဲ့ကြရသည့် အသက်များ၊ ဘဝများအတွက် တရားမျှတမှုရရှိရေး ဆောင်ကျဉ်းကြရပေလိမ့်မည်။ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများနှင့်အတူ ခုခံတော်လှန်ရေး အရှိန်မြှင့်ချိန်၊ စစ်ရေးနယ် ကျယ်လာသည်နှင့်အမျှ အရပ်သားပြည်သူလူထု၏ အသက်များ၊ ဘဝများအတွက် ထည့်သွင်းစဉ်းစားကြရပေလိမ့်မည်။
“ကလေးငယ်တွေရဲ့ ငိုသံတွေ၊ အမေရေ အမေရေဆိုတဲ့ ငိုကြွေး အော်ခေါ်သံတွေ၊ လက်ထုတ္တောရွာ ဝန်းကျင် တခုလုံး ငိုသံတွေ ပဲ့တင်ထပ်စေခဲ့ပါပြီ”။
[1] မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာသား ၃၂ ဦး အစုအပြုံလိုက်တိုက်ခိုက်သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးအရအမည်မဖော်လိုသူ မြင်းမူဒေသခံအမျိုးသားတစ်ဦးအား ဆက်သွယ်မေးမြန်းချက်၊ BNI-MPM၊ ၂၁ မေ ၂၀၂၄
[2] မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာရှိ ပြည်သူ (၃၂) ဦးအား အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံတပ်များက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်၊ NUG-MOHR ၊ ၁၂ မေ ၂၀၂၄
မတ်လဆန်းပိုင်းတွင် လူအစုလိုက်အပြုံလိုက် အသတ်ခံရမှု လေးမှုရှိခဲ့၊ လူပေါင်း ၅၂ ဦးအသက်ဆုံးရှုံးခဲ့ရ