သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၄ ဦးကို စစ်တပ်ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1k

ဝင်းကိုဦး ၊ နိရဥ္စရာ၊ မတ် ၂၂ /၂၀၂၄

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာမှ ဟင်းရှာသွားသည့် ဒေသခံအမျိုးသား ၄ ဦးကို ယမန်နေ့ မတ်လ ၂၁ ရက်က စစ်ကောင်စီတပ်က ရိုက်နှက် ဖမ်းဆီးသွားပြီး တစ်ဦးကို နောက်ပိုင်းတွင် ပြန်လွှတ် ပေးလိုက်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ ဦးစိုးသိန်းနိုင်(၃၅)နှစ်၊ ဉီးကျော်ကျော် (၃၃)နှစ်နှင့် ဉီးအောင်နိုင်ဝင်း(ခ)ဦးလပု (၂၇)နှစ်တို့ဖြစ်ကြကြီး  ပြန်လွှတ်ပေးလိုက်သူမှာ ဦးဆူမောင် (၄၇)နှစ် ဖြစ်ကြောင်း သိရသည်။

၄င်းတို့လေးဦးကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကုလဘာကျေးရွာနှင့်မနီးမဝေးတွင်ရှိသည့် ဝါးတောင်ချေတောင်ကနေ စစ်ကောင်စီစစ်ကြောင်းတစ်ခုက လက်နောက် ပြန်ကြိုးတုပ်ချည်နှောင်ကာ ဖမ်းဆီးခေါ်ယူသွားခြင်းဖြစ်ကြောင်း ကုလဘာကျေးရွာသားတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ​ပြောသည်။

" သူတို့က ဝါးတောင်ချေမှာ ဟင်းရှာဖို့သွားကြတာ။ စစ်တပ်စစ်ကြောင်းနဲ့တိုးပြီးဖမ်းခေါ်ခံရတယ်။ လက်တွေနောက်ပြန်ကြိုးတုပ်ပြီးခေါ်သွားတယ်။ ဦးဆူမောင်ကတော့ ညနေပိုင်းမှာ လမ်းတဝက်က ပြန်လွတ်လာတယ်" ဟု ပြောသည်။

အဆိုပါရွာသားလေးဦးကို ဖမ်းဆီးသွားစဥ် စစ်တပ်က ရိုက်နှက်မှုများလည်းရှိခဲ့ကြောင်း လွတ်မြောက်လာသူ၏ပြောပြချက်အရသိရသည်။

ဦးဆူမောင်ကို စစ်တပ်ဖမ်းဆီးသွားပြီး ညနေ ၄ နာရီလောက်တွင် လမ်းတဝက်မှ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး နောက်ထပ်သုံးဦးကိုမူ စစ်တပ်က မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားမှန်းမသိရကြောင်း ဒေသခံများကပြောသည်။

လက်ရှိအချိန်ထိ စစ်တပ်ဖမ်းဆီးသွားသည့်သူများနှင့်မိသားစုများမှာ အဆက်သွယ်မရ၍ စိုးရိမ်နေကြောင်း နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဆက်စပ် သတင်းများ