သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

အမ်းမှ အရေးပါသည့် တောဟိန်းတောင်ဗျူဟာကုန်းနှင့် စွေ့ချောင်းဗျူဟာတို့ကို AA သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.4k

(နပခသို့ မကွေးမှ ရိက္ခာဖြည့်ရန်လာသည့် ကုန်ကားများကို အာရက္ခတပ်တော်(AA)က ဖြတ်တောက်တားဆီးထား )

ကံ့ကော်နီနီ 

နိရဉ္စရာ၊ မေ ၁ / ၂၀၂၄ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့နယ်မှ အရေးပါသည့် တောဟိန်းတောင်ဗျူဟာကုန်းနှင့် စွေ့ချောင်းဗျူဟာကုန်းတို့ကို အာရက္ခတပ်တော်(AA)က အပြင်းအထန်ထိုးစစ်ဆင်ပြီးနောက် သိမ်းပိုက်ရရှိထားပြီဟုဒေသခံသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီအင်အား ၃၀၀ ဝန်းကျင်ရှိသည့် စွေ့ချောင်းဗျူဟာကုန်းကို ဧပြီ ၂၆ ရက်တွင်လည်းကောင်း၊ ၄င်းဗျူဟာကုန်းနှင့်ချောင်းတဘက်ခြားသည့် အင်အား (၆၀၀) ဝန်းကျင်ရှိသည့် တောဟိန်းတောင်ဗျူဟာကုန်းကို ဧပြီ ၂၈ ရက်တွင်လည်းကောင်း AA ကသိမ်းပိုက်လိုက်နိုင်ကြောင်း သူကပြောသည်။

" စွေ့ချောင်းဗျူဟာကတော့ အင်အား အနည်းဆုံး သုံးရာဝန်းကျင်လောက်ရှိနိုင်တယ်ပေါ့နော်။အဲဒီစွေ့ချောင်းဗျူဟာကို ၂၆ ရက်နေ့မှာ သိမ်းနိုင်လိုက်တယ်လို့သိရတယ်။ စစ်တပ်ဘက်ကအတော်များများသေဆုံးမှုရှိတယ်။ အရေအတွက်ကိုတော့အတိအကျမသိနိုင်ဘူး။တောဟိန်းတောင်ကိုလည်း ဧပြီ ၂၈ ရက်မှာသိမ်းလိုက်ပြီလို့ သိရတယ်။ အောက်ခြေမှာလည်းသူတို့ အမ်းမြို့ဘက်ကိုထွက်ပြေးနေတဲ့ စစ်သားနဲ့မိသားစုဝင်တွေ ၄၀၀ လောက်ထိ ပိတ်မိနေတယ်လို့သိရတယ်" ဟု နိရဉ္စရာသို့ပြောသည်။

အဆိုပါဗျူဟာကုန်းနှစ်ခုကို သိမ်းပိုက်ထားပြီဆိုသည့်ကိစ္စနှင့်ပတ်သက်၍ အာရက္ခတပ်တော်ဘက်ကမူ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

အဆိုပါဗျူဟာကုန်းနှစ်ခုကိုသိမ်းပိုက်ပြီးသော်လည်း အမ်းမြို့ပေါ်တပ်ရင်းများမှ စစ်ကြောင်းများ ထိုးလာသည့်အတွက် မဲလက်မောင်း၊ ကြက်ရေစမ်းစသည့်နေရာများတွင် ယမန်နေ့ဧပြီလ ၃၀ ရက်အထိ AA နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သေးကြောင်း သူကဆက်ပြောသည်။

"မနေ့ကအထိတိုက်ပွဲတွေကတော့ ပြင်းထန်ဖြစ်နေတုန်းပဲ။ ကြက်ရေစမ်းတို့၊ မဲလက်မောင်းနားက မဲတောင်ခြေရင်းတွေမှာ အမ်းကထိုးလာတဲ့ စစ်ကြောင်းတွေနဲ့တိုက်ပွဲတွေ မနေ့ကအထိဖြစ်နေသေးတယ်။" ဟုသူကပြောသည်။

စစ်ကောင်စီတပ်သည် AA က ပိတ်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းမှတဆင့် နပခ တပ်ရင်းများသို့ ရိက္ခာဖြည့်ရန်ကြိုးစားနေပြီး ယခုရက်ပိုင်းအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရိက္ခာဖြည့်ရန်လာသည့်  ကုန်တင်ယာဥ်များအား အမ်း-ပဒါန်းကားလမ်းပေါ်ရှိ AA စစ်ဆေးရေးဂိတ်က တားဆီးပိတ်ဆို့ထားကြောင်း သိရှိရသည်။

ယမန်နေ့ ဧပြီလ ၃၀ ရက်ကလည်း ရိက္ခာများအပြည့်ပါသည့် ကုန်တင်ယာဥ် ၂၆ စီးအား  AA စစ်ဆေးရေးဂိတ်က ပိတ်ဆို့တားဆီးထားနိုင်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်ကပြောသည်။

" မကွေးဘက်ကနေပြီးတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် ရိက္ခာဖြည့်ဖို့ဆိုပြီး ကုန်တင်ယာဉ် ၂၆ စီး။ အဲဒီကားတွေကို အမ်းမြို့နယ်ရဲ့နယ်နိမိတ်အစပ်ဖြစ်တဲ့ ငဖဲမြို့နယ်အစပ်မှာ အာရက္ခတပ်တော်ကတားမြစ်ထားတယ်။ " ဟု သူကပြောသည်။


ဆက်စပ် သတင်းများ